Friday, June 27, 2014

2014 ဘရာဇီး ကမ္ဘာ့ဖလားချန်ပီယံခရီး





၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေကတော့ ပြီးဆုံးလို့ (၁၆)သင်းရှုံးထွက် အဆင့်ကိုအသီးသီးတက်ရောက်သွားခဲ့ကြပါပြီ။ အဲဒီအသင်းတွေကတော့ အိမ်ရှင် ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ ဥရုဂွေး၊ နယ်သာလန်၊ မက္ကစီကို၊ ကော်စတာရီကာ၊ ဂရိ၊  ပြင်သစ်၊ နိုက်ဂျီးရီးယား၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ ဂျာမဏီ၊ အယ်ဂျီးရီးယား၊ ဘယ်ဂျီယံနဲ့ အမေရိကန် အသင်းတို့ ပဲ ဖြစ်ပါတယ်။

အခုလိုတက်ရောက်သွားတဲ့ အသင်းတွေကိုဇုန်အလိုက် အုပ်စုခွဲကြည့်လိုက်မယ်ဆိုရင် ဥရောပ တိုက်က (၆)သင်း၊ တောင်အမေရိကတိုက်က (၅)သင်း၊ မြောက်အမေရိကတိုက်က (၃)သင်းနဲ့ အာဖရိကတိုက်က (၂)သင်းတို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပြီးတော့ အာရှတိုက် အသင်းတွေဖြစ်တဲ့ အီရန်၊ ဂျပန်၊ သြစတြေးလျ နဲ့ တောင်ကိုရီးယား အသင်းတွေကတော့ အုပ်စုအဆင့်ကနေပဲလှည့်ပြန်ခဲ့ကြရပါတယ်။
အုပ်စုအဆင့်ကနေ တက်လာခဲ့ကြတဲ့ အသင်းတွေထဲမှာကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖူးတဲ့ အသင်းတွေ ကတော့ ဥရုဂွေး၊ ဘရာဇီး၊ ဂျာမဏီ၊ ပြင်သစ်၊ အာဂျင်တီးနားအသင်းတွေပဲ ဖြစ်ပါတယ်။
အခုကျင်းပတဲ့ ၂၀ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေကတော့ ကမ္ဘာ့ဖလား (၅)ကြိမ် ရဖူးတဲ့ အိမ်ရှင် ဘရာဇီးအပါအဝင် ဂျာမဏီ၊ ပြင်သစ်နဲ့ နယ်သာလန်အသင်းတို့ပဲ ဖြစ်ပါတယ်။
ဒီအသင်းတွေထဲမှာဘရာဇီးအသင်းကရဂိုး (၇)ဂိုး၊ ပေးဂိုး(၂)ဂိုး၊ ဂျာမဏီအသင်းကရဂိုး(၇)ဂိုး၊ ပေးဂိုး(၂)ဂိုး၊ နယ်သာလန် အသင်းကရဂိုး(၁၀)ဂိုး၊ ပေးဂိုး(၃)ဂိုးနဲ့ ပြင်သစ်အသင်းက ရဂိုး(၈)ဂိုး၊ ပေးဂိုး(၂)ဂိုးတို့ပဲ ဖြစ်ပါတယ်။ အုပ်စုအဆင့်ပြိုင်ပွဲတွေက ရဂိုးပေးဂိုးတွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နယ်သာလန်အသင်းက (၃)ပွဲပေါင်း (၁၀)ဂိုးထိသွင်းယူ နိုင်ခဲ့တာ ကြောင့် အခြားအသင်းတွေထက် တိုက်စစ်ပိုင်းပိုမိုအားသာတယ်လို့ ဆိုရမှာဖြစ်ပါ တယ်။ ခံစစ်ပိုင်းကတော့ အသင်းတိုင်းဟာပေး ဂိုးအနည်းဆုံး(၂)ဂိုးစီသာ ရှိခဲ့တာကြောင့် ချန်ပီယံဖြစ် မယ်လို့ ရေပန်းစားတဲ့ အသင်းတိုင်းရဲ့ ခံစစ်ပိုင်းမှာသိပ်ကွာဟချက် မရှိတာကိုတွေ့ရှိ ရပါတယ်။
ဒီအသင်းတွေထဲမှာချန်ပီယံတစ်ကြိမ်မျှ မဖြစ်ဖူးသေးတဲ့အသင်းကတော့ နယ်သာလန် အသင်းပဲ ဖြစ်ပါတယ်။ နယ်သာလန် အသင်းဟာဆိုရင် ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာစပိန်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် ချန်ပီယံဆုဖလားကို လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။
တိုက်စစ်မှူး နေမာဦးဆောင်တဲ့ ဘရာဇီးအသင်းကတော့ အိမ်ရှင်အားသာချက် ရှိသလို၊ အသင်းလိုက်စုစည်းမှုလည်း အားကောင်းတာကြောင့် (၆)ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ရေး(၁၆)အသင်းရှုံးထွက်ပွဲစဉ် ကနေရုန်းထွက်ပြီးအိမ်ရှင် ပရိတ်သတ်ရှေ့မှောက်မှာမျက်နှာ ပန်းလှနိုင်ဖို့ ကြိုးစားမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
ဂျာမဏီအသင်းကလည်း ၁၉၅၄ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၇၄ ခုနှစ်မှာတစ်ကြိမ်နဲ့ ၁၉၉၀ ခုနှစ်မှာတစ်ကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆု ကိုရရှိဖူးတဲ့ အသင်းဖြစ်ပါတယ်။ လက်ရှိဂျာမဏီ အသင်းမှာတိုက်စစ်အားသန်တဲ့ သောမတ်မူလာ၊ ကလိုဆေး၊ ပိုဒေါစကီးနဲ့ အိုဇေးတို့ရဲ့စုဖွဲ့မှုနဲ့ တိုက်စစ်အားကောင်းတဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် (၄)ကြိမ်မြောက် ကမ္ဘာ့ ဖလားဆွတ်ခူးနိုင်ရေး ခရီးဆက်နိုင်မလားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကလည်း ၁၉၉၈ ခုနှစ်မှာကမ္ဘာ့ဖလားကိုတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သလို ၂၀၀၆ ခုနှစ်ကလည်းကမ္ဘာ့ဖလားဗိုလ်လုပွဲ ထိတက်ရောက်နိုင်ခဲ့ပြီး ပင်နတီအဆုံးအဖြတ်နဲ့ အီတလီအသင်းကိုရှုံးနိမ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားချန်ပီယံနဲ့ လွဲချော်ခဲ့ရ တာ ဖြစ်ပါတယ်။ အခုအကြိမ်(၂၀)မြောက် ကမ္ဘာ့ဖလားမှာလည်းလက်ရှိ ပြင်သစ်အသင်းမှာဘန်ဇီမား၊ အိုလီဗာဂီရော့တို့ လိုမျိုးဆက်သစ် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းနဲ့ ရှုံးထွက်ပွဲစဉ်တွေကို အဆင့် ဆင့် ကျော်ဖြတ်ပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲဆီကိုအရောက်လှမ်းနိုင် မလားဆိုတာ စောင့်ကြည့် ရမှာ ဖြစ် ပါကြောင်းသုံးသပ် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment