နေပြည်တော်-ဧပြီ(၂၆)
၂၀၁၄
ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ
ဥပဒေနှင့် ပတ်သက်၍ ဝန်ကြီးဌာန အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊
အစိုးရသစ် တာဝန်ယူခဲ့ပြီး (၃)နှစ်တာကာလအတွင်း
နိုင်ငံတော်မှ ဆောင်ရွက်ခဲ့သည့် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲ
ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါကြောင်း၊ အစိုးရသစ် လက်ထက်တွင်
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းအား ပြည်ထောင်စုနှင့်
တိုင်းဒေသကြီး/ ပြည်နယ်အရအသုံး ခန့်မှန်းခြေငွေစာရင်းများအဖြစ် ခွဲခြားရေးဆွဲ ဆောင်ရွက်လျက်
ရှိကြောင်း၊ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်
ရယူပြဋ္ဌာန်းဆောင်ရွက်လျက် ရှိကြောင်း၊ ဘတ်ဂျက် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာအဖွဲ့အစည်းများမှ
နည်းပညာ အကူအညီဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက်ရှိပြီး ပိုမိုပွင့်လင်းမြင်သာသော
ဘတ်ဂျက်စနစ်ဖြစ်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ဝန်ကြီးဌာန
အဖွဲ့အစည်းများအနေဖြင့် ဘတ်ဂျက်ရေးဆွဲမှုစနစ် ပြောင်းလဲနေမှုကို သိရှိရန် လိုကြောင်း၊
စီမံကိန်းကို အခြေခံသည့် ဘတ်ဂျက်စနစ်သို့ အကောင်အထည် ဖော်ဆောင်ရွက်နေသည်ကို သိရှိစေလိုကြောင်း၊
ဌာန အဖွဲ့အစည်းများ၏ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို အနီးစပ်ဆုံးလျာထားကြရန်
လိုအပ်ပြီး ငွေကြေးများ ထုတ်ယူသုံးဆွဲရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ ပိုလျှံငွေ ပြန်လည်အပ်နှံမှုများကိုလည်း ဘဏ္ဍာရေးနှစ်မကုန်မီ
သတ်မှတ်ရက်များအတိုင်း အပ်နှံရန် လိုအပ်ပါကြောင်း၊ ယနေ့နိုင်ငံတော်၏ ဘတ်ဂျက်ကို အကောင်အထည်
ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ခံမှုရှိသည့် ဘတ်ဂျက်ဖြစ်ရန် ဦးတည်ဆောင်ရွက်လျက်
ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ထောက်ပြဆွေးနွေးသည့် အချက်များကိုလည်း ဌာနအဖွဲ့အစည်းများမှ
သတိပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့်
ရုံးချုပ်များမှ ရုံးအသုံးစရိတ်များကို လက်အောက်ခံဌာန၊ ရုံးခွဲများသို့ စနစ်တကျ ခွဲဝေသုံးစွဲရေး
ကြီးကြပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် ယမန်နေ့ နံနက်(၁၀)နာရီတွင် ဘဏ္ဍာရေး
ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ
ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ၌ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က
ပြောကြားခဲ့သည်။
ထို့နောက်
ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေစာရင်း
ရေးဆွဲမှု၊ ဌာနအဖွဲ့အစည်းများမှ ဘတ်ဂျက်ရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များ၊
ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊
ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တည်ဆောက်ရေးနှင့်ပစ္စည်းဝယ်ယူမှု ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်အညီ
တင်ဒါခေါ်ယူ၍ ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှစ်အတွင်း ငွေစာရင်းခေါင်းစဉ် ပြောင်းလဲသုံးစွဲမှုနှင့်
ပိုလျှံငွေအပ်နှံမှုများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ရန် ကိစ္စရပ်များအား
ရှင်းလင်းပြောကြားသည်။
ရသုံးမှန်းခြေ
ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ
တာဝန်ရှိပုဂ္ဂိုလ်များ ကလည်း ငွေလုံးငွေရင်း အသုံးစရိတ်စာရင်းရေးဆွဲမှု၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုတို့နှင့်ပတ်သက်၍
ဌာနအဖွဲ့ အစည်းများမှ လိုက်နာဆောင်ရွက်ရန် အချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ပြည်တွင်းအခွန်များဦးစီးဌာန ရုံးချုပ် နေပြည်တော်၌
ကျင်းပသည့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေနှင့် ပြည်တွင်းအခွန်ဆိုင်ရာ
ဥပဒေများ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
နိုင်ငံတော်၏ အခွန်စနစ်ကို ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရန် လိုအပ်လာတဲ့အတွက်
အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုများကို အဆင့်ဆင့်ပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊
အချို့ကိစ္စများသည် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်သော်လည်း အချို့ကိစ္စရပ်များ သည် အချိန်ယူလေ့လာပြီးမှ
ဆောင်ရွက်ရပါကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့်
အခွန်ဆိုင်ရာ ဥပဒေများဖြစ်သော ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခွန်နှင့် ရုံးခွန်အက်ဥပဒေများနှင့်
ပတ်သက်၍ အခွန်နှုန်းထားများ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ သက်သာခွင့်ပေးခြင်းများကို
ယခင်က ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာများ
ထုတ်ပြန် ဆောင်ရွက် လျက်ရှိသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ
ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ နှစ်အလိုက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ထုတ်ပြန်ပြီး
အခွန်အကောက် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ဌာနဆိုင်ရာများအနေဖြင့်
အခွန်နှင့်ပတ်သက်၍ ပိုမိုသိရှိရန်နှင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏
အတည်ပြုချက်နှင့်အညီ ပြဋ္ဌာန်းပြီးဖြစ်သည့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်
ပြည်တွင်းအခွန်ဆိုင်ရာ ဥပဒေများ ကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်
ညွှန်ကြားရေးမှူးများက အသေးစိတ် ရှင်းလင်း တင်ပြသွားမှာဖြစ်ကြောင်း။
အခွန်သက်သာခွင့်၊
ကင်းလွတ်ခွင့်များနှင့် ပတ်သက်၍လည်း ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လည်းကောင်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ သတ်မှတ်ပေးထားသည့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို ရရှိခံစားရမှာ
ဖြစ်ပါ ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မရှင်းလင်းသည်များရှိပါကလည်း ပွင့်ပွင့်လင်းလင်း
မေးမြန်း ဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊ ထုတ်ပြန်ပြီးဖြစ်သည့် အခွန်ဆိုင်ရာဥပဒေများနဲ့ပတ်သက်ပြီး
ရှင်းရှင်းလင်းလင်း သိရှိရန်နှင့် နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ငွေများရရှိရေးအတွက်
သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်နှင့် အခက်အခဲများ ရှိပါကလည်း
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းမှာကြားခဲ့သည်။
ပြည်တွင်းအခွန်များဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများကလည်း ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ
ဥပဒေ၊ အခွန်ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို
ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
၂၀၁၄
ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် ၂၀၁၄
ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုအဆင့်
ဗဟို အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများမှ ရုံးအဖွဲ့မှူးများ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့်
စည်ပင်သာယာရေး ကော်မတီတို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment