နေပြည်တော် နိုဝင်ဘာ ၁၂
တာမွေမြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးနှင့် လားရှိုးမြို့၌ ငွေကျပ်သိန်း ၁၄၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိပြီး ဖမ်းဆီး ရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၆ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန်လမ်းတွင် ဗဟန်းမြို့နယ် ဆရာစံ (တောင်) ရပ်ကွက်နေသူများဖြစ်သည့် ကျော်နိုင် (၄၂) နှစ်မောင်းနှင်ပြီး ဇေယျာကျော် (၄၃) နှစ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၁၉) ရပ်ကွက်နေ အောင်ခင် (၃၅) နှစ်တို့လိုက်ပါလာသည့် TOYOTA COROLLA အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀၀၀) ဖမ်းဆီးရမိသဖြင့် ကျော်နိုင်၊ ဇေယျာကျော်နှင့် အောင်ခင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အလားတူနိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ လားရှိုးမြို့ ရပ်ကွက် (၈) နယ်မြေ (၆) အင်ကြင်းလမ်းတွင် လားရှိုးမြို့ ရပ်ကွက် (၁၂) နေ ကျော်လင်း (ခ) ကဒီမွတ်လာ (၄၈) နှစ် မောင်းနှင်ပြီး လောက်ကိုင်မြို့ ရပ်ကွက် (၃) နေ စောလင်းထက် (ခ) ကိုထက် (၂၈) လိုက်ပါလာသော ALPHARD အမျိုးအစားယာဉ်အားစစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စောလင်းထက် (ခ) ကိုထက်က ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားသဖြင့် ကျော်လင်း (ခ) ကဒီမွတ်လာနှင့် ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှစိတ်ကြွဆေးပြား ၂၉၄၀၀၀ (တစ်ပြား လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၄၇၀) ဖမ်းဆီးရမိသဖြင့် ကျော်လင်း (ခ) ကဒီမွတ်လာနှင့် စောလင်းထက် (ခ) ကိုထက် (ဖမ်းဆီးရန်ကျန်) တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment