Friday, November 13, 2026

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၁ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ကျန်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်


နေပြည်တော် နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ တရားမဝင်အဆောက်အအုံ ၁၁ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် တရားမဝင် ငါးထပ်အဆောက်အအုံတစ်လုံးမှာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်း ဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိ တရားမဝင်အဆောက်အအုံ ၁၁ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ထပ်မံ၍ခြောက်ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၄၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန် အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချ ဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့် အဆောက်အအုံဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာဖောက်ခွဲ၍ဖြိုချမည့် အဆောက်အအုံလေးလုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံခုနစ်လုံး စုစုပေါင်းအဆောက်အအုံ ၁၁ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၂ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကို မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment