Friday, November 6, 2026

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ပျဉ်းမနားမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ


 နေပြည်တော် နိုဝင်ဘာ ၅

ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါသင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှု အခြေအနေများကိုသိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်းလုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကိုသိရှိစေရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကိုဦးဆောင်ကြမည့် မျိုးဆက်သစ် လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များကို လေ့လာသိရှိထာခြင်းအားဖြင့် အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ရောက်ရှိကြပြီး တပ်မတော်(ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုစတင်ဖွဲ့စည်းခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များ၏ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကိုပေးဝေကြသည်။

ထို့နောက် ပြတိုက်တာဝန်ရှိသူကပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကိုမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်(လေ) ပြင်ပပြကွက်တွင်ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။

ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်းများကိုမှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment