နေပြည်တော် နိုဝင်ဘာ ၅
လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာဆောင်ရွက်ချက်များ”အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ကျင်းပသည့်အစီအစဉ်သည် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံတော်၏လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များသိရှိနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၏ လက်ရှိအခြေအနေ၊ ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တိုက်ရိုက်ရှင်းလင်းတင်ပြပြီး အပြန်အလှန်မေးမြန်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် အကျိုးရှိသောအစီအစဉ်တစ်ရပ်ဖြစ်ပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် မရှိမဖြစ်အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာနှင့် ယုံကြည်စိတ်ချစွာရရှိရေးသည် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်း။
ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့သည် ယနေ့ခေတ်ကမ္ဘာ့ရေးရာများတွင် အရေးပါသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဦးမော့လာစေရန်အတွက်လည်း မရှိမဖြစ်သွင်းအားစုတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များကို လိုအပ်ပါကလွှတ်တော်လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ဖိတ်ခေါ်လိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး၊ စောင့်ကြည့်ထိန်းကျောင်းရေးနှင့် ပြည်သူ့ကိုယ်စားပြုရေးတာဝန်များကိုထမ်းဆောင်ရာတွင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအချက် အလက်မှန်များကို မိမိတို့ဒေသလိုအပ်ချက်နှင့် ဆက်စပ်သုံးသပ်မှသာလက်တွေ့ကျသော အကြံပြုချက်များကိုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအပြင် အခက်အခဲနှင့်ကန့်သတ်ချက်များကိုပါ ပွင့်လင်းစွာထည့်သွင်းရှင်းလင်းပေးရန် တိုက်တွန်းလိုပါကြောင်း။
ယနေ့အစီအစဉ်အရ ရှင်းလင်းတင်ပြမှုအပြီးတွင် မေးမြန်းဆွေးနွေးသည့်အစီအစဉ်ပါရှိသဖြင့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သိရှိလိုသည်များကို တိတိကျကျမေးမြန်းဆွေးနွေးကြရန်နှင့် ဒေသတွင်းလက်တွေ့လိုအပ်ချက်များကို အကျိုးရှိရှိတင်ပြပေးကြစေလိုပါကြောင်း။
ယခုကဲ့သို့ အသိပညာဖလှယ်ပွဲ (Knowledge Sharing)အစီအစဉ်များမှတစ်ဆင့်ရရှိသည့် ဗဟုသုတများကို မိမိတို့၏ လွှတ်တော်လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိစွာပြန်လည်အသုံးချကာ ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က လျှပ်စစ်ကဏ္ဍနှင့်ဆက်စပ်လျက်ရှိသည့် စွမ်းအင်ကဏ္ဍအခြေအနေ၊ လျှပ်စစ်စီမံကိန်းများစတင်ရန် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားကဏ္ဍအခြေအနေနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြည်သူများ လျှပ်စစ်ဓာတ်အားတိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ Myanmar National Grid Code နှင့် Distribution Code များ ထွက်ပေါ်လာရေးဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် အရေးပါသည့် စွမ်းအင်ကုန်သွယ်ရေးအခြေအနေနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုများ၊ အကြံပြုချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment