Thursday, November 19, 2026

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား၊အမျိုးသမီး) ပြိုင်ပွဲ တတိယနေရာလု ပွဲစဉ်များကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၁၈

အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ တတိယနေရာလုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(B)၌ ကျင်းပသည်။

ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ တတိယနေရာလုပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို ဝန်ကြီးဌာနများမှဌာနဆိုင်ရာ များနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဘော်လီဘောပြိုင်ပွဲ အမျိုးသမီး တတိယနေရာလုပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစား ရေးရာဝန်ကြီးဌာနအသင်းက (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားတတိယနေရာလုပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက (၃)ပွဲပြတ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာ ဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး အဆိုပါဗိုလ်လုပွဲ ပွဲစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV HD ၊ MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment