မော်လမြိုင် နိုဝင်ဘာ ၁၇
မွန်ပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပေါင်မြို့နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာ၊ ပန်ပွားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ပညာပေးပြခန်းများ၊ ပြပွဲ၊ ပြိုင်ပွဲနှင့်
ပျော်ပွဲရွှင်ပွဲတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆုရရှိသူများအား
အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရမုန့်များ
ပေးဝေခဲ့ကြသည်။
ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို
အဆိုပါကျောင်းရတနာမွန်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ဇင်းကျိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား၊ ကျောင်းသူလေးများက "ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့"
တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စာကြည့်တိုက်များ
ရေရှည်တည်တံ့ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊
ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့်လည်း ယခုလိုငယ်ရွယ်စဉ်ကစလို့ စာဖတ်တဲ့အလေ့အကျင့်ကောင်းများ
စွဲမြဲလာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့်
အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း (၅၀) ပေးအပ်ခဲ့ပြီး
အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက
ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်၊
အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌမှ
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲနှင့် မြို့နယ်စာကြည့်တိုက်များအတွက်
စာအုပ်၊ စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖျော်ဖြေတင်ဆက်ပေးခဲ့သည့်
ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ပြည်နယ်ဝန်ကြီးချုပ်က
ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို
မွန်ပြည်နယ်တွင် (၄) ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး ပထမအကြိမ်အနေဖြင့် ချောင်းဆုံမြို့နယ်၊
ဒုတိယအကြိမ် မုဒုံမြို့နယ်၊ ယခုတတိယအကြိမ် ပေါင်မြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး
စတုတ္ထအကြိမ်အနေဖြင့် မော်လမြိုင်မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)






No comments:
Post a Comment