လူ၊ တိရစ္ဆာန် စသည့်သက်ရှိများအားလုံးသည် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကိုအမှီပြု၍ ရပ်တည်ရှင်သန်နေထိုင်ကြရသည်။ စားရေး၊ နေရေး၊ အသက်ရှင်သန်ရေးမှအစ သဘာဝပတ်ဝန်းကျင်ကြီးသည် သက်ရှိများအားလုံး၏ ကျေးဇူးရှင်သဖွယ်ဖြစ်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်မှ အကျိုးကျေးဇူးများကို ခံစားနေကြရသည့် လူသားများသည် မိမိတို့အကျိုးစီးပွားများကိုရှေးရှု၍ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် အမှုကိစ္စအမျိုးမျိုးတို့ကို နေ့စဉ်ပြုလုပ်ခဲ့ကြရာ သဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလုံး ပျက်စီးယိုယွင်းပြီး လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရေးကို ခြိမ်းခြောက်လာသည့် အခြေအနေအမျိုးမျိုး ကြုံတွေ့လာရသည်။
အဆိုပါအခြေအနေအမျိုးမျိုးတွင်
သက်ရှိလူသားများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက်
ပလတ်စတစ်ထုတ်ကုန်များ၊ အထူးသဖြင့် ကြွပ်ကြွပ်အိတ်နှင့်ဖော့ဘူးများ ထုတ်လုပ်၊ တင်သွင်း၊
ရောင်းချ၊ အသုံးပြုမှုများမှ
ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့်သက်ရှိများ ရှင်သန်ရပ်တည်ရေး ခြိမ်းခြောက်လာသည့်အန္တရာယ်များ
ကြုံတွေ့လာရသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက အသိပေးလိုက်နာရမည့်အချက်များကို
ဆောင်ရွက်ခဲ့သော်လည်း လူမှုစီးပွားဘဝများ၌ လိုအပ်ချက်များမြင့်မားလာမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုများကို
ဦးစားပေး၍ ပလတ်စတစ်နှင့် ကြွပ်ကြွပ်အိတ်၊ ဖော့ဘူးအသုံးပြုမှု ဆက်လက်မြင့်မားနေဆဲဖြစ်ရာ
အဆင့်လိုက်လျှော့ချကန့်သတ်နိုင်ရေး ဆောင်ရွက်ပေးပါရန် တတိယအကြိမ် အမျိုးသားလွှတ်တော်တွင်
လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါကုန်ထုတ်ပစ္စည်းများကို
အသုံးပြုသည့်အခါ လတ်တလောတွင် အဆင်ပြေကြသော်လည်း ၎င်းတို့ကို စွန့်ပစ်လိုက်သည့်အခါ သဘာဝပတ်ဝန်းကျင်တွင်
နှစ်ပေါင်းများစွာ ဖြေရှင်းရမည့် ပြဿနာကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်
၂၀၁၈-၂၀၃၀ အမျိုးသားအဆင့် အမှိုက်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်ကို ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည်။
တာဝန်ရှိအစိုးရကဏ္ဍ၊ ပညာရှင်များနှင့် စိတ်ဝင်စားသူများမှလွဲ၍ ပြည်သူအများစု နေ့စဉ်လူမှုစီးပွားဘဝတွင်
အဆိုပါထုတ်ကုန်ပစ္စည်းများကို အလေးအနက်မထားဘဲ တွင်ကျယ်စွာ အသုံးပြုနေသည့် အလေ့အထကို
တိုက်တွန်းနေရုံဖြင့် လျှော့ချမှုကိုမပြုလုပ်နိုင်သဖြင့် ပြည်သူများအား အသိပညာပေးမှုမြှင့်တင်ပြီး
အဆင့်လိုက်လျှော့ချကန့်သတ်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူများ၏ နေ့စဉ်လူမှုဘဝတွင်
အမြစ်တွယ်၊ အလွယ်တကူဖြစ်နေသော ပလတ်စတစ်ဘူးအမျိုးမျိုး၊ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်နှင့်
ဖော့ဘူးများ အသုံးပြုတွင်ကျယ်နေမှုကို လျှော့ချရေးသည် ပြည်သူများကိုယ်တိုင် လိုလိုလားလား
ပါဝင်ဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ၊
သုံးစွဲခြင်းတို့ကို အဆင့်လိုက်လျှော့ချကန့်သတ် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူလူထု၏ ကျန်းမာရေးနှင့်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရေးအတွက် ပလတ်စတစ်အသုံးပြုမှုကို စနစ်တကျစီမံခန့်ခွဲမှုစနစ်ဖြင့်
စွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုခြင်းတို့ကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ ပလတ်စတစ်၊
ကြွပ်ကြွပ်အိတ်အစားထိုး အန္တရာယ်ကင်းသည့် ထုပ်ပိုးပစ္စည်းများကို ရွေးချယ်အသုံးပြုကြရမည်ဖြစ်သည်။
ကြွပ်ကြွပ်အိတ်၊
ဖော့ဘူး အသုံးပြုမှုများပြားလာခြင်း၏အန္တရာယ်သည် မြေထုညစ်ညမ်းမှုနှင့် မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊
ရေထုညစ်ညမ်းမှုနှင့် ရေနေသတ္တဝါများအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိခြင်း၊ ရေစီးရေလာပိတ်ဆို့ခြင်းနှင့်
ရေကြီးရေလျှံဖြစ်စေခြင်း၊ လေထုညစ်ညမ်းမှုဖြစ်စေခြင်း၊ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်းနှင့်
မိုက်ခရိုပလတ်စတစ်များ ဖြစ်ပေါ်လာခြင်းနှင့် အထူးသဖြင့် ကြွပ်ကြွပ်အိတ်များသည် ရေထု၊
မြေထုထဲတွင် နှစ်ပေါင်းမြောက်မြားစွာ မပြိုကွဲမပျက်စီးဘဲရှိနေခြင်း၊ ပလတ်စတစ်အိတ်များသည်
မြေဆီလွှာအတွင်းရောက်ရှိနိုင်ခြင်း၊ မြစ်ချောင်းနှင့် ပင်လယ်ရေထဲသို့ရောက်ရှိနိုင်ခြင်း၊
ငါးနှင့် ရေနေသတ္တဝါများ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်ခြင်း၊ အစာကွင်းဆက်မှတစ်ဆင့်
သက်ရှိများထံသို့ ရောက်ရှိနိုင်ခြင်း စသည့်သဘာဝပတ်ဝန်းကျင် ပြဿနာများသာမက လူသားများ၏
ရေရှည်ကျန်းမာရေးနှင့် ကုန်း၊ ရေနေသတ္တဝါအားလုံးအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိနေသည်။
သို့ဖြစ်ရာ လူသုံးကုန်ပစ္စည်းအမျိုးမျိုးနှင့်
စားသောက်ကုန် ထုပ်ပိုးကုန်ပစ္စည်းအမျိုးမျိုးဖြစ်သည့် ပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်၊ ဖော့ဘူးအမျိုးမျိုးတို့သည်
ပြည်သူများအတွက် အသုံးတွင်ကျယ်အကျိုးရှိသည်မှာမှန်သော်လည်း အဆိုပါပစ္စည်းများ တစ်နေ့တခြား
များပြားလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ညစ်ညမ်းမှုကိုဖြစ်စေပြီး လူသားများနှင့်
သက်ရှိသတ္တဝါများကို အန္တရာယ်ပေးခြိမ်းခြောက်မှုများရှိလာသည်။ အဆိုပါပစ္စည်းများကို
စနစ်တကျစွန့််ပစ်ခြင်း၊ အကျိုးရှိစွာပြန်လည်အသုံးပြုခြင်းနှင့် အဆိုပါထုတ်ကုန်ပစ္စည်းများကို
အဆင့်လိုက် လျှော့ချထုတ်လုပ်ကြကာ သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိလူသားများအား အန္တရာယ်ပေးမှုများကို
ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment