ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၃၀ ကျော်တို့တွင် အစိုးရများက ပြည်သူများကို အရေးပေါ်စားရေရိက္ခာနှင့် လိုအပ်သည့်ပစ္စည်းများ ကြိုတင်စုဆောင်းထားကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။ ၎င်းတို့၏ရည်ရွယ်ချက်က ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ တစ်ပြိုင်နက်တည်း ဖြစ်လာနိုင်ခြေရှိမှုအပေါ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တိုင်းပြည်၏ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ရန်ဖြစ်သည်။
ဤအခြေအနေသည် ရုတ်တရက်
စစ်ကြီးဖြစ်ပွားတော့မည် သို့မဟုတ် ချက်ချင်းကြီး ဘေးဒုက္ခကျရောက်တော့မည်ဟူ၍ ကြေညာခြင်းမျိုးမဟုတ်ဘဲ
ခေတ်သစ်လူနေမှုစနစ်၏ ထောက်ပံ့ရေးလမ်းကြောင်းများ သို့မဟုတ် နည်းစနစ်များ ရုတ်တရက်ပြတ်တောက်မှုဖြစ်သွားပါက
မိမိဘာသာ အနည်းဆုံး ၇၂ နာရီမှ ၁၀ ရက်အထိ ရပ်တည်နိုင်ကြစေရန်ဖြစ်သည်။ အဓိကတွန်းအားပေးနေသည့်
အကြောင်းရင်းများတွင် ပထဝီနိုင်ငံရေး တင်းမာမှုနှင့် စစ်မက်အန္တရာယ်များဖြစ်သည့် ယူကရိန်း-ရုရှား
ပဋိပက္ခနှင့် အရှေ့အလယ်ပိုင်း စစ်မက်တင်းမာမှုများကြောင့် ကမ္ဘာ့ထောက်ပံ့ရေးလမ်းကြောင်းများ
ပြတ်တောက်နိုင်ခြေ အလွန်မြင့်မားနေခြင်းဆိုသည့် အချက်တစ်ရပ်ပါဝင်သည်။ သို့ဖြစ်ရာ ဆွီဒင်၊
နော်ဝေ၊ အက်စ်တိုးနီးယား စသည့်နိုင်ငံများက စစ်ပွဲနှင့် အရေးပေါ်အခြေအနေများအတွက် အိမ်ထောင်စုများကို
အနည်းဆုံး တစ်ပတ်စာ ရိက္ခာစုဆောင်းရန် အလေးအနက်ညွှန်ကြားထားသည်။
နောက်ထပ်အကြောင်းတစ်ခုမှာ
ဆိုက်ဘာတိုက်ခိုက်မှုနှင့် စနစ်များ ပြတ်တောက်နိုင်ခြေတို့ကြောင့် ဖြစ်သည်။ မျက်မှောက်ခေတ်
ကုန်တိုက်ကြီးများနှင့် စားနပ်ရိက္ခာ ဖြန့်ဖြူးရေးစနစ်များသည် အင်တာနက်နှင့် နည်းပညာအပေါ်
လုံးဝမှီခိုနေရာ မကြာမီက ဥရောပရှိ စူပါမတ်ကက်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် အအေးခန်းစနစ်များ
ပျက်စီးခဲ့ပြီး အစားအစာများ လေလွင့်ဆုံးရှုံးခဲ့ရသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်
ဘဏ်စနစ်၊ လျှပ်စစ်နှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားပါက အစားအသောက်ဝယ်ယူရန် ခက်ခဲသွားနိုင်သဖြင့်
ကြိုတင်ပြင်ဆင်စေခြင်းဖြစ်သည်။ နောက်ဆုံးအကြောင်းရင်းမှာ စူပါအယ်လ်နီညိုနှင့် ရာသီဥတု
ဆိုးရွားပြင်းထန်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ပြီး ကမ္ဘာ့ရိက္ခာထုတ်လုပ်မှု
လျော့ကျလာနိုင်ခြေရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များကြောင့်
အခြေခံအဆောက်အအုံများပျက်စီးပါက အစိုးရများက ပြည်သူအားလုံးထံ ချက်ချင်းအကူအညီမပေးနိုင်ဘဲ
လစ်ဟင်းမှုများရှိလာနိုင်၍ဖြစ်သည်။
နိုင်ငံတကာမီဒီယာများ၏
ဖော်ပြချက်များအရ အရေးပေါ်အခြေအနေများအတွက် ပြည်သူများကို ရိက္ခာနှင့်ရေ ကြိုတင်စုဆောင်းရန်
လမ်းညွှန်ချက်ထုတ်ပြန်ထားသည့် နိုင်ငံများတွင် ဥရောပမှ ၁၇ နိုင်ငံ၊ အာရှမှ ၆ နိုင်ငံ၊
မြောက်အမေရိကမှ ၃ နိုင်ငံ၊ တောင်အမေရိကမှ ၄ နိုင်ငံ၊ အိုးရှန်းနီးယား ၂ နိုင်ငံ၊ အာဖရိက
၁ နိုင်ငံတို့ပါဝင်သည်။ ဤသို့ ကြိုတင်စုဆောင်းစေမှုသည် ကမ္ဘာပျက်တော့မည်ကို စိုးရိမ်၍လုပ်ခိုင်းခြင်းမဟုတ်ဘဲ
“နိုင်ငံသားတိုင်း အခြေခံအသိသတိရှိစေရန်”နှင့် အရေးပေါ်အခြေအနေများတွင် ဖုန်းနှင့်
အင်တာနက်ကိုသာ လုံးဝပုံအောမယုံကြည်ကြရန် သတိပေးလိုခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရ အကြီးအကဲတစ်ဦးက
ရှင်းလင်းပြောကြားထားသည်။ ထို့ပြင် အစိုးရအနေဖြင့် ရေကြီးခြင်း သို့မဟုတ် မုန်တိုင်းဒဏ်ကြောင့်
ဓာတ်အားပြတ်တောက်ခြင်းတို့ ဖြစ်ပါက အစပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီမလုပ်ဆောင်နိုင်သေးသဖြင့်
ပြည်သူများ ၃ ရက်စာ ရိက္ခာရှိနေမည်ဆိုလျှင် အစိုးရအနေဖြင့် အကူအညီအလိုအပ်ဆုံးနေရာများကို
ပိုမိုထိရောက်စွာ အာရုံစိုက်ကယ်ဆယ်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။
အမျိုးသားအဆင့်
အရေးပေါ်အခြေအနေ ကြိုတင်ပြင်ဆင်ရေးလှုပ်ရှားမှုများက နိုင်ငံလုံးဆိုင်ရာ ခံနိုင်ရည်စွမ်းအားကို
မြှင့်တင်ထားပြီး ဖြစ်လာနိုင်ဖွယ်ရှိသည့် စစ်မက်၊ သဘာဝဘေးနှင့် ဆိုက်ဘာတိုက်ခိုက်မှုတို့ကို
ရင်ဆိုင်ကျော်လွှားနိုင်ကြစေရန်ဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံသည်လည်း စူပါအယ်လ်နီညိုကြောင့်
ဖြစ်ပေါ်လာနိုင်သည့် ပုံမမှန်သည့် ရာသီဥတုနှင့် ဆိုးရွားပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များကို
ရင်ဆိုင်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးစသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီး
ခံနိုင်ရည်စွမ်းအား မြင့်မားစေရန် မြှင့်တင်မှုများ ပြုလုပ်လျက်ရှိသည်။
ဘေးအန္တရာယ်ကို
ရင်ဆိုင်ကြရာတွင် အကောင်းဆုံးအခြေအနေကို မျှော်လင့်ထားရမည်ဖြစ်သော်လည်း အဆိုးဆုံးအခြေအနေအတွက်
ကြိုတင်ပြင်ဆင်ထားရမည်သာဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းသည် ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ
အသိသတိရှိခြင်းကြောင့်သာဖြစ်သည်။ စနစ်တကျ ကြိုတင်ပြင်ဆင်ကြခြင်းအားဖြင့် ဆုံးရှုံးမှုဖြစ်နိုင်ခြေများကို
အနည်းဆုံးသို့ လျှော့ချနိုင်ပြီး အကူအညီလိုအပ်သူများကို ပိုမိုဦးစားပေးနိုင်စေမည်ဖြစ်ရာ
လူတိုင်းကောင်းစွာ ကြိုတင်ပြင်ဆင်မှုဖြင့် ခံနိုင်ရည်စွမ်းအားမြှင့်တင်ထားကြရပါမည့်အကြောင်း။
။

No comments:
Post a Comment