Sunday, October 4, 2026

FIFA ASEAN Cup Division 2 ချန်ပီယံဆု ဟောင်ကောင်အသင်း ဆွတ်ခူးရရှိ

 


ရန်ကုန် အောက်တိုဘာ ၃

FIFA ASEAN Cup 2026 ပြိုင်ပွဲ Division 2 ဗိုလ်လုပွဲစဉ်အဖြစ် အုပ်စု (A) ပထမ ဟောင်ကောင်နှင့် အုပ်စု(B) ပထမ ကမ္ဘောဒီးယားအသင်းတို့ ယနေ့ညနေပိုင်းက ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်ဟောင်ကောင်အသင်းက နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ပွဲစတင်သည်နှင့် ဟောင်ကောင်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများကို ကမ္ဘောဒီးယားခံစစ်မှ ခုခံကာကွယ်ခဲ့သော်လည်း ပွဲချိန် ၄၁ မိနစ်တွင် ဆွန်မင်ဟိမ် ဖန်တီးပေးလိုက်သည့် ဘောလုံးကို မက်အော်က ဘယ်ခြေဖြင့် အဆုံးသတ်ကာ ဟောင်ကောင်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် ဟောင်ကောင်အသင်း ပြိုင်ပွဲကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန် ၅၈ မိနစ်တွင် ကမ္ဘောဒီးယားနောက်ခံကစားသမား၏ ပြစ်ဒဏ်ဘောကျူးလွန်မှုကို ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုကာ ဟောင်ကောင်အသင်းကို ပယ်နယ်တီပေးခဲ့သည်။ ရရှိခဲ့သည့်ပယ်နယ်တီကို အဲဗာတန်ကာမာဂိုက ဒုတိယအနိုင်ဂိုးအဖြစ် သွင်းယူပေးခဲ့သည်။

ကမ္ဘောဒီးယားအသင်း ချေပဂိုးရရှိရေးအတွက် လူစားလဲမှုများ ပြုလုပ်ကာ တုံ့ပြန်တိုက်စစ်ဆင်ခဲ့သော်လည်း ဂိုးပေါက်လွဲချော်မှုများကြောင့် ဂိုးမရရှိခဲ့ပေ။ ဟောင်ကောင်အသင်းသည် လက်ကျန်မိနစ်များကို ပွဲချိန်ပြည့်သည်အထိ ထိန်းသိမ်းကစားသွားခဲ့ပြီး ကမ္ဘောဒီးယားကို နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးရယူသွားခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-AFF

No comments:

Post a Comment