နေပြည်တော် အောက်တိုဘာ ၂၃
၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေစီးဆင်းမှုကြောင့် ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်း တောင်တွင်းကြီးမြို့နယ် ဝက္ကသေးနှင့် ဆတ်သွားဘူတာအကြား၊ မိုင်တိုင်အမှတ် ၂၄၄/၀ နှင့်
၂၄၄/၃ ရှိ
တံတား အမှတ်(၃၄၃) ရန်ပယ်ချောင်းကူး ရထားလမ်းတံတား ရေလယ်တိုင်အမှတ်(၂)နှင့် (၃)တို့ နိမ့်ကျွံမှုဖြစ်ပွား ခဲ့သည်။
အဆိုပါ တံတားရေလယ်တိုင်များ နိမ့်ဆင်းမှုကြောင့် အမှတ်(၆၁)အဆန် ရန်ကုန်-ပြည်-ပုဂံနှင့် အမှတ်(၆၂)အစုန် ပုဂံ-ပြည်-ရန်ကုန် လူစီးအမြန်ရထားခရီးစဉ်များ ယာယီရပ်တန့်ခဲ့ရပြီး တံတားအား ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရန်ကုန်-ပျဉ်းမနား- တောင်တွင်းကြီးမှတစ်ဆင့် ပုဂံသို့ ယာယီလမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးလျက်ရှိသည်။
ရန်ကုန်-ပြည်-ပုဂံ ရထားလမ်းပိုင်းတွင် ရထားများ ပြန်လည်ပြေးဆွဲနိုင်ရန် ရန်ပယ်ချောင်းတံတား ပြုပြင်ခြင်းနှင့်အတူ ရန်ကုန်-ပြည် ရထားလမ်းပိုင်းနှင့် ပြည်-အောင်လံ-ဆတ်သွား-တောင်တွင်းကြီး-ပုဂံ ရထားလမ်းပိုင်းတို့အား ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့်
ကွန်ကရစ်ဇလီဖား ဖြည့်တင်းခြင်း၊ လမ်းခင်းကျောက်ထည့်သွင်းခြင်း၊ လမ်းမြှောက်ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေတိုက်စားခံရသည့် ရထားလမ်းနှင့် တံတားများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သည်။
ယခုအခါ အရှည်ပေ ၄၀၀ ရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်သော ရန်ပယ်ချောင်းတံတား၏ နိမ့်ကျွံမှု ဖြစ်ပွားခဲ့သော ရေလယ်တိုင်အမှတ်(၂) နှင့် အမှတ် (၃)
တို့ကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီးပြီး စမ်းသပ်မောင်းနှင်မှုများ ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် ရန်ကုန်-ပြည်- ပုဂံ ရထားလမ်းပိုင်းခရီးစဉ်များကို အောက်တိုဘာ ၂၃ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးလျက်ရှိကာ လမ်းခရီးတွင် ရပ်တန့်ဘူတာနှင့် လက်မှတ်ခနှုန်းထားများမှာ ယခင်အတိုင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment