Saturday, October 24, 2026

မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ဆင်ခြေလျှောမြေသားနိမ့်ကျမှုအား ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများအား ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်နေထိုင်နိုင်ရေး ကူညီဆောင်ရွက်ပေး


နေပြည်တော် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ရေလှောင်တမံ၏ တမံပေါင်နိမ့်ကျမှုကြောင့် အရေးပေါ်ရေပိုလွှဲမှ ဆည်ရေများလျှော့ချလျက်ရှိပြီး ရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တမံ၏ အထက်ရေပြင်နှင့် ထိစပ်အပိုင်းမှစ၍ တမံလျော့အိကျနေရာတစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းဒဏ် မခံရစေရန်အတွက် မိုးရေကာဖျင်များ စနစ်တကျ အုပ်မိုးကာကွယ်ခြင်း၊ တမံလျော့အိကျမှုအား ကာကွယ်ထိန်းသိမ်းရန်နှင့် တမံအောက်ခြေဆင်ခြေလျှော၏ အပြင်ဘက်မှ တမံတာအောက်ခြေအား ပိုမိုခိုင်မာတောင့်တင်းမှုရှိစေရန် မြေသားတမံပုံစံ ဆောင်ရွက်ခြင်းတို့ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စက်ယန္တရားများအသုံးပြု၍ ယနေ့တွင် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေလျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၂၉၉ ဒသမ ၆၅ ပေသာကျန်ရှိတော့သဖြင့် ၁၅ ဒသမ ၃၅ ပေခန့် ရေထုတ်လွှတ် လျှော့ချပြီးဖြစ်ကြောင်းနှင့် တမံကျိုးပေါက်မှုအန္တရာယ် စိုးရိမ်ဖွယ်မရှိတော့သဖြင့် ရေလှောင်တမံ ဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့် နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများမှ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်နိုင်ရေးအတွက် အောက်တိုဘာ ၂၂ ရက်မှစ၍ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။

(၁၀၀)

No comments:

Post a Comment