နေပြည်တော် အောက်တိုဘာ ၈
တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။
၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇေယျာသီရိအားကစားရုံ(A)တွင်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အသင်းလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အသင်းလိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ ပူးတွဲတတိယဆုရ အသင်းများနှင့် မျိုးဆက်သစ်အမျိုးသားတံခွန် စိုက်ဒိုင်းဆုကို ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးသုံးခု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့် မျိုးဆက်သစ် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို ရွှေခြောက်ခု၊ ငွေတစ်ခု၊ ကြေးနှစ်ခုရရှိသော နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ရွှေငါးခု၊ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့က အသီးသီး ရရှိကြပြီး ဆုရရှိသည့်အသင်းများနှင့် ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသည့် ဒိုင်လူကြီးများအား တာဝန်ရှိသူများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ အမျိုးသား/အမျိုးသမီးအကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် ရွှေ ၂၂ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၂ ခုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြုအသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) တာဝန်ရှိသူတစ်ဦး က ငွေသားဆုနှင့် အမျိုးသား/အမျိုးသမီး ဂျူဒိုအားကစားပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဒိုင်းကို ချီးမြှင့် ပေးအပ်သည်။
ထို့ပြင် ဇေယျာသီရိ တပ်မတော်အားကစားကွင်း ၌ ကျင်းပလျက်ရှိသော တပ်မတော် (ကြည်း၊ ရေ၊ လေ)ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ (၆) မီတာ-၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝမျိုးစုံ(၇) သံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုး သား/အမျိုးသမီး မီတာ-၂၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝ မျိုးစုံ(၈) တုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီးအလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၉) လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၁၀) မီတာ-၁၅၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုး သမီးဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး ကွာတား အဆင့် ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ (၃၃)ကြိမ် မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မြန်မာ့သိုင်း ပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသား ဗန်တိုအတိုက်(ခ)တန်း၊ အမျိုးသားပန်ကြပ်ဆီလပ်အတိုက် (က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားနှစ်လက်အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား ဓားနှစ်လက်အတိုက်(ခ)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသမီးဓားတစ်လက်အတိုက် ပြိုင်ပွဲအကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသား နှစ်ယောက်အတွဲ တိုက်စွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသား သုံးယောက်အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများ ကို လည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်(၆) အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်း လေးယောက်တွဲ အဖွဲ့လိုက်အကြိုဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ စိန်ပန်းခန်းမ(၂)၌ ၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲ လူသစ်တန်း၊ အကြီးတန်း၊ အသင်းလိုက် ခတပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ၊ ကီလိုတန်းအလိုက် လူသစ်တန်း၊ အကြီးတန်းကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ အသီးသီးယှဉ်ပြိုင် ကစားကြသည်။
(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက်လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့် အကြိုဗိုလ်လုပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment