Saturday, October 17, 2026

အမျိုးသားတံခွန်စိုက်ဆုဖလားကို ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားကို ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့က အသီးသီးဆွတ်ခူးရရှိ

 

နေပြည်တော် အောက်တိုဘာ ၁၆

အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေ ရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက်ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာနကကြီးမှူးပြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန် ပစ်ပြိုင်ပွဲ” (စတုတ္ထနေ့)လူရွေးပွဲ၊ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပ ခဲ့သည်။

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်မှစတင်၍ ဝန်ကြီး ဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး (မာရသွန်၊ မီတာ ၁၀၀၊ မီတာ ၁၅၀၀၊ မီတာ ၄၀၀ တန်းကျော်ပြေး၊  မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း (Mixed)၊ တန်းမြင့်ခုန်၊ သုံးဆင့်ခုန်၊ လှံတံပစ်)ပြိုင်ပွဲ နောက်ဆုံးလူရွေးပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။

အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မာရသွန်ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ စိုးပိုင်က ပထမ၊ အားကစားရေးရာဝန်ကြီး ဌာနအသင်းမှ အောင်ကျော်ထက်က ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာန အသင်းမှ ကျော်ဇေလင်းက တတိယတို့ကိုလည်းကောင်း၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းမှ ထက်ရှိုင်း အောင်က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း မှ ကောင်းဆက်ဇော်က ဒုတိယ၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းမှ ဝေယံထက်က တတိယတို့ကိုလည်း ကောင်း၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းမှ ဟိန်းထက်အောင်က ပထမ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အသင်းမှ ရဲရင့်အောင်က ဒုတိယ၊ ကျန်းမာရေးဝန်ကြီး ဌာနအသင်းမှ စောအယ်မှူးက တတိယတို့ကိုလည်း ကောင်း၊ မီတာ ၄၀၀ တန်းကျော်အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ဟန်မင်းစိုးက ပထမ၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းမှ ရှင်းသန့် ကျော်က ဒုတိယ၊ ကာကွယ်ရေးဝန်ကြီး ဌာနအသင်း မှ မြင့်ဝင်းက တတိယတို့ကိုလည်းကောင်း၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း (Mixed) ပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ဒုတိယ၊ ကာကွယ် ရေးဝန်ကြီးဌာနအသင်းက တတိယတို့ကိုလည်း ကောင်း၊ သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီး ဌာနအသင်း မှ ဟိန်းထက်အောင်က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ဝိုင်ထက်ပိုင်က ဒုတိယ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအသင်းမှ လှမျိုးနိုင်က တတိယတို့ကို လည်းကောင်း၊ လှံတံပစ်ပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းမှ နန်းထက်မောင်က ပထမ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းမှ ဟိန်းသူအောင်က ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ချစ်မင်းအောင်က တတိယတို့ကို လည်းကောင်း အသီးသီးရရှိခဲ့သည်။

အလားတူ အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ် များဖြစ်သည့် မာရသွန်ပြိုင်ပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန အသင်းမှ အေးအေးမြို့က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ လှိုင်လှိုင်မြင့် က ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ဆန်လီက တတိယတို့ကိုလည်းကောင်း၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ နွေဦးခိုင်က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းမှ ခိုင်သဇင်ဦးက ဒုတိယ၊ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ခင်ရတနာအောင်က တတိယတို့ကို လည်းကောင်း၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းမှ ရီမြာက ပထမ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်းမှ နှင်းရွှေရည်က ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဖြိုးဖြိုးအောင်က တတိယတို့ကိုလည်းကောင်း၊ မီတာ ၄၀၀ တန်းကျော် ပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ဖြူဖြူထွေးက ပထမ၊ ကာကွယ်ရေး ဝန်ကြီးဌာန အသင်းမှ ပန်းအိစံက ဒုတိယ၊ ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းမှ နှင်းပွင့်လှိုင်က တတိယတို့ကို လည်းကောင်း၊ တန်းမြင့်ခုန်ပြိုင်ပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းမှ မြတ်နိုးသူက ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ နန်းဖြူ ပြာမြင့်က ဒုတိယ၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းမှ ယဉ်ယဉ်စိုးက တတိယတို့ကိုလည်းကောင်း၊ လှံတံပစ်ပြိုင်ပွဲတွင် ပို့ဆောင်ရေးဝန်ကြီး ဌာနအသင်းမှ မေသဇင်မိုးက ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းမှခိုင်မြတ်မွန်က ဒုတိယ၊ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ သွယ်သွယ်မိုးက တတိယတို့ကိုလည်း ကောင်း အသီးသီးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ဆုရရှိခဲ့သူများ ကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ဒုတိယဝန်ကြီး များက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့သည်။

“၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲ” အမျိုးသား ၂၀ ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲ တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ သန့်စင် အောင်၏ စံချိန် 1:33.14 စက္ကန့်သည် (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ပထမ(ရွှေတံဆိပ်)ဆုရရှိသည့် စံချိန် 1:35.25 စက္ကန့် ထက် သာလွန် ကောင်းမွန်သည့်အတွက် မြန်မာ နိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း၊ အမျိုးသမီး ၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲတွင် အားကစားရေးရာ ဝန်ကြီးဌာနအသင်းမှ သဲနုအောင်၏ စံချိန် 1:45.26 စက္ကန့်သည် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပထမ(ရွှေတံဆိပ်)ဆုရရှိသည့် စံချိန် 1:46.52 စက္ကန့်ထက် သာလွန်ကောင်းမွန် သည့်အတွက် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုချီး မြှင့်ငွေကျပ် သိန်း ၁၀၀ ကို လည်းကောင်း၊ ရွှေတံဆိပ်ဆု ငါးခုဖြင့် အကောင်းဆုံးအားကစား သမားဆု (Best Player) ဆုရရှိသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းမှ ဟိန်းထက်အောင်အား မြန်မာ နိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၂၀ တို့ကို မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပြေး ခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အားကစား ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ တို့ကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် ရမှတ် ၁၄၂ မှတ်ဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တံခွန်စိုက် ဆုဖလားနှင့် ငွေသားဆုကို ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ပြိုင်ပွဲ ပွဲစဉ်တစ်လျှောက် ရမှတ် ၁၇၂ မှတ်ဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြိုင်ပွဲ ပွဲစဉ် တစ်လျှောက် ရမှတ်၂၈၂ မှတ်ဖြင့် စုပေါင်းတံခွန် စိုက်ဆုဖလားရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု များကို အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်ထင်၊ ဦးရဲတင့်၊ ဦးလင်းအောင်၊ ဦးသိုက်စိုး၊ ဒေါက်တာသောင်းနိုင်ဦး၊ ဦးမျိုးကျော်သူ၊ ဦးစစ်နိုင်၊ ဌာနဆိုင်ရာများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

“၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ပြိုင်ပွဲကာလ လေးရက်ကြာ ဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးဌာန ၂၃ ခုတို့မှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၂၂ သင်း၊ အမျိုးသမီးအသင်း ၂၁ သင်း စုစုပေါင်း အင်အား ၄၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment