မောင်အောင်
“အမေနေမကောင်းဘူး။ ဆီးချိုတိုင်းတာ ၅ဝ၆
တောင်ရှိတယ်ပြောတယ်။ ဆီးချိုက ၅ဝဝ ကျော်ရင် မျက်စိတောင်ကန်းတတ်တယ်တဲ့”
ညနေပိုင်း ဘကြီးအောင် ရုပ်မြင်သံကြားမှပြသနေသည့် “ရာဇဝင်ထဲကဆေးပညာ”ဇာတ်လမ်း တွဲအားကြည့်ရင်းနားနေစဉ် သားကြီးက ပြောလာသည်။
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးက နံနက်
၁ဝ နာရီ စတင်သည်။ သက်ဆိုင်ရာမြို့နယ် များကိုယ်စားလှယ်များက သူတို့ကိုယ်စားပြုသည့်
မြို့နယ်များအတွက် လိုအပ်ချက်များ တင်ပြကြ သည်။ ကြယ်ပွင့်မေးခွန်းမေးမြန်းသူ ၁၅ ဦးရှိသည်။
လျှပ်စစ်ရရှိရေးနှင့်ပတ်သက်၍ မေးခွန်းနှစ်ခု၊ ဝန်ထမ်းများရပိုင်ခွင့်နှင့်ပတ်သက်၍ မေးခွန်းနှစ်ခု၊
မြို့ပြနှင့်ပတ်သက်၍ မေးခွန်းသုံးခုနှင့် ပညာရေးနှင့် ပတ်သက်၍ မေးခွန်း ၈ ခု စုစုပေါင်း
၁၅ ခု တင်သွင်း မေးမြန်းကြသည်။ ပြည်ထောင်စုအဆင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက
လွှတ်တော်ကိုယ်စားလှယ်များ ကျေနပ်သည်အထိ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေနှင့်နိုင်ငံတော်က
ဆောင်ရွက်ပေးနိုင်မည့်အနေအထားများကို ရှင်းလင်းဖြေကြားပေးကြသည်။
လွှတ်တော်အစည်းအဝေး တက်နေရင်း ဘကြီးအောင်
တွေးမြင်ခံစားမိသည်။ “လွှတ်တော် အသံ ပြည်သူ့အသံ” ပြည်သူ့ဆန္ဒလွှတ်တော်က ဖြည့်ဆည်းပေးကြသည့်အတွက်ကြောင့်
ခေါ်ဆိုတာပဲ ဖြစ်မည်။ ပြည်သူများ ဖြစ်စေလိုသောဆန္ဒများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက
တင်ပြကြပြီး ဝန်ကြီးဌာနအလိုက် အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားကြသည်မှာ အထူး
ကြည်နူးအားရစရာပင်။
ယနေ့ ၇-၁ဝ-၂ဝ၂၆ ရက်နေ့တွင် ကြယ်ပွင့်ပြ
မေးခွန်း ၁၅ ခုသာမက အဆိုနှစ်ခု တင်သွင်းသွား သည်။ ပညာရေးနှင့်ပတ်သက်၍ ကျောက်ပန်းတောင်း
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက “ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်အလိုက် ထူးချွန်
ကျောင်းသားများ (ဝိဇ္ဇာချွန်ဆု/ သိပ္ပံချွန်ဆု) ရွေးချယ်၍ အထူးလေ့ကျင့် ပြုစုပျိုးထောင်ရေး
အစီအစဉ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)
အခန်း(၈) နိုင်ငံသား၊ ပုဒ်မ (၃၆၈)နှင့်အညီ ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် ပြည်ထောင်စု
အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို”ကို တင်သွင်းခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တစ်ဦးက ကျိုးကြောင်းခိုင်လုံစွာတင်ပြ၍ အဆိုကို ထောက်ခံပေးခဲ့ပါသည်။ သို့ဖြစ်၍ ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌကအခြေ အနေကိုစိစစ်သုံးသပ်ပြီး လွှတ်တော် အစည်းအဝေးတွင် သည်အဆိုကို “ထောက်ခံပါ
သလား”သုံးကြိမ်တိတိမေးသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအားလုံးက
သုံးကြိမ်တိတိ ထောက်ခံပါကြောင်း ဖြေကြားသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပိုမိုတိကျသေချာစေရန်
“ကန့်ကွက်မည့်သူရှိပါသလား” ဟု ထပ်မံမေးမြန်းသည်။ မည်သူမျှမကန့်ကွက်ပါ။
ထို့အတွက်ကြောင့် ပထမအဆိုကို လွှတ်တော်က အတည်ပြုခဲ့ပါ သည်။
ဒုတိယအဆိုကတော့ ဘားအံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တင်သွင်းသည့်
“နိုင်ငံသူနိုင်ငံသား မိဘပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးဆိုင်ရာ ဝန်ပိနေမှုများကို
လျှော့ချပေး နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ပြင်ပလူနာဌာနကြီးများ
ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် ရောဂါကြီးများအား နိုင်ငံတကာအဆင့်မီ ကုသမှုခံယူနိုင်ရန်အတွက်
ဇုန်ကြီးများအလိုက် အဆင့်မြင့် အထူးကုဆေးရုံ ကြီးများ ထူထောင်ဖွင့်လှစ်ပေးနိုင်ပါရန်
တိုက်တွန်း သည့်အဆို” တင်သွင်းခြင်းဖြစ်သည်။ တင်သွင်းသည့်
အဆိုသည်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပကတိဘဝလိုအပ်ချက်နှင့် အမှန်တကယ် ကိုက်ညီ
သဖြင့် အားလုံးကကျေနပ်ထောက်ခံကြသည်။
ဒုတိယဝန်ကြီးကလည်း အချိန်အခါ အခြေအနေပေါ်မူတည်၍
ဖွင့်လှစ်ပေးသွားရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖြေကြားသွားပါသည်။ သို့ဖြစ်၍လည်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဤအဆိုနှင့် ပတ်သက်၍ “သဘောတူပါသလား”
“ထောက်ခံပါ သလား” မေးသည့်အခါ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အားလုံးက သဘောတူပါကြောင်းနှင့်
ကန့်ကွက် ရန်မရှိပါကြောင်း ဖြေကြားခဲ့ကြသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး
၁၃ ရက်မြောက်နေ့သည် မင်္ဂလာအပေါင်း ခညောင်းစွာဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပြီးဆုံးရပ်နားခဲ့ပါသည်။
မွန်းလွဲ ၂ နာရီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
က ပြည်သူ့လွှတ်တော်လက်အောက်တွင် ပြည်သူ့ အတွက် လုပ်ငန်းများ တိကျစွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက်
ဖွဲ့စည်းထားသည့် ကော်မတီဝင် ၂၂ ရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ပါသည်။
ဘကြီးအောင်မှာ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ
တာဝန်ယူရပါသဖြင့် အစည်း အဝေးတက်ရောက်ရပါသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
မိမိတို့တာဝန်ယူသည့်သက်တမ်းအတွင်း ပြည်သူ့အပေါ် စေတနာထားပြီး အတတ်နိုင်ဆုံး တာဝန်ကျေပွန်စွာ
ကြိုးပမ်းထမ်းဆောင်ကြရန်နှင့် တာဝန်ယူခဲ့သည့်ကာ လအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား
ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် တက်ရောက် လာသည့် ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက်
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေး ကို ညနေ ၄ နာရီခွဲခန့်တွင်
ပြီးဆုံးခဲ့ပါသည်။
ဘကြီးအောင် အိမ်ပြန်ရောက်တော့ ညနေ ၅ နာရီထိုးလုပါပြီ။
နံနက်က ဘုရားရှင်ထံ ကပ်လှူထား သည့် ဆွမ်းတော်ကို ဘုရားရှင်မှ ခွင့်ပန်၍ ပြန်လည် စွန့်ပြီး
ဧည့်ခန်းတွင်ထိုင်၍ အနားယူဖြစ်ပါသည်။ ဘကြီးအောင်၏ မိသားစုမှာ ရန်ကုန်တွင်ရှိနေပြီး
သားကြီးနှင့် ဘကြီးအောင်သာ နေပြည်တော်တွင် နေထိုင်ကြခြင်းဖြစ်ပါသည်။ သို့ဖြစ်၍လည်း
ခဏအမောဖြေနားနေပြီးနောက် ဘုရားရှိခိုးပြီး ပြန်၍ အနားယူ၊ ရုပ်မြင်သံကြားကြည့်နေချိန်တွင်
သား ဖြစ်သူက သူ့အမေကျန်းမာရေးအခြေအနေကို သတင်းပို့လာခြင်းဖြစ်ပါသည်။
ဆီးချိုတိုင်းတာ ၅ဝဝ ကျော်နေပြီ။ မျက်စိ
တောင် ကန်းနိုင်တယ်၊ ဘာလုပ်ကြမလဲတဲ့။
သားကြီးက ဖအေကို အားကိုးတကြီး မေးလာ ခြင်းဖြစ်သည်။
ဘကြီးအောင် ဘာပြန်ဖြေရမလဲ။ ဘကြီးအောင် တစ်နေကုန်ပင်ပန်းလာ၍ စိတ် အပန်းဖြေကြည့်နေသည့်
“ရာဇဝင်ထဲကဆေးပညာ” ဇာတ်လမ်းကို ကြည့်နေသော်လည်း ဇာတ်လိုက်ကို
မမြင်၊ ဇာတ်လမ်းကိုမမြင်။ ဘကြီးအောင်မိမိ၏ ဘဝကို ပြန်လည်စဉ်းစား မြင်ယောင်နေမိသည်။
ဘကြီးအောင် အသက် ၁၆ နှစ်၊ ၁၉၆၉ ခုနှစ်
မှာ ဆယ်တန်းအောင်ခဲ့သည်။ ထိုနှစ် စက်တင်ဘာလ မှာ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်
တက်ခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဇွန်လမှာ တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီး တိရစ္ဆာန်ဆေးကု
ပညာဘွဲ့ရရှိသည်။ တောင်သူလယ်သမားများ၏ လယ်ယာလုပ်ငန်းခွင်မှ ကျွဲနွားများကို ကာကွယ် ဆေးထိုးသည်။
ဆေးကုသခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၅၂)သို့
တက် ရောက်ခဲ့သည်။ ၁၉၇၇ ခုနှစ်၊ ဇွန်လတွင် ကျောင်းဆင်းပြီး ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရကာ
ကချင်ပြည်နယ် စိန်လုံ၊ ရောယုံ၊ လွယ်ဂျယ် ဒေသများတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင် ခဲ့သည်။
ရှေ့တန်းသွားလျှင် ဆေးလွယ်အိတ်အမြဲ ပါပြီး တိုက်ပွဲအပြီးတွင် သေနတ်ဒဏ်ရာရရှိသည့် တိရစ္ဆာန်များကို
ကျည်ဆန်ခွဲထုတ်၊ ဆေးကုသပေး တတ်သော ဒုတိယဗိုလ်ဘကြီးအောင်ကို တပ်ရင်းမှူးကြီးက “ဘာကြောင့်
ခြေလျင်တပ်ရောက်လာ ရသလဲ” မေးမြန်းခဲ့ဖူးသည်။
ထိုသို့ဖြင့် တပ်မတော်တွင် ရာထူးတာဝန်
အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်တွင် တပ်မတော် ဧက ၁ဝဝဝဝကြံစိုက်ပျိုးရေး၊ ကန့်ဘလူ
ဒေသ၌ ပြုလုပ်သည့်အခါ စိုက်ပျိုးမွေးမြူရေး ကျွမ်းကျင်သည့် ဘကြီးအောင် တာဝန်ပေးခြင်းခံရ
ပြီး ထိုကမှ စစ်သက် ၂၆ နှစ်တွင် နယ်ဘက်သို့ ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်၏ မြို့တော်ကို ၂ဝဝ၆ ခုနှစ်တွင်
နေပြည်တော်သို့ပြောင်းရွှေ့သည့်အခါ နေပြည်တော် ၌ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများ ဖူလုံစေရန်
နိုင်ငံတော်အကြီးအကဲက မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာနကို တာဝန်ပေးသည့်အခါ ထန်းပင်တက်
လက်မှတ်ရထားသည့် ဘကြီးအောင် မွေးမြူရေးဇုန် ဖော်ထုတ်ရေး တာဝန်ပေးခြင်းခံရသည်။ တပ်ကုန်း
မြို့နယ် ကံကြီးကျေးရွာတောအတွင်း ခြောက်လ ခန့်နေပြီး မွေးမြူရေးဇုန်ဖော်ထုတ်ခဲ့ပါသည်။
အစားအသောက် အနေအထိုင်ဆင်းရဲသည့်အပြင် ရေချိုးပါကလည်း ဒူးဆစ်ခန့်သာရသည့်ချောင်းတွင်
ဝမ်းလျားမှောက်၍ ရေချိုးခဲ့ကြရပါသည်။
ထိုအချိန်တုန်းက ဘကြီးအောင် ရန်ကုန်-မန္တလေးလမ်းဟောင်း
အရှေ့ဘက်ရှိ တောကြီး အတွင်း မွေးမြူရေးဇုန်ဖော်ထုတ်၍ မွေးမြူရေး သမားများအား စည်းရုံးပြီး
နေရာချထားပေးခဲ့သော ရွှေမြို့မွေးမြူရေးဇုန်၊ ကံကြီးမွေးမြူရေးဇုန်တို့မှာ ယခုအခါ လုပ်ငန်းများ
အောင်မြင်ဖြစ်ထွန်းနေကြ သည်ကိုတွေ့ရသဖြင့် ကျေနပ်ပီတိဖြစ်ရပါသည်။
ဤသို့ဖြင့် အသက် ၆ဝ ပြည့်သည့်အခါ ဘကြီး
အောင် ဝန်ထမ်းဘဝမှာ အနားယူခဲ့ပြီး ပညာရှင် အကြံပေးအဖြစ် တစ်နှစ်တာဝန်ပေးအပ်သဖြင့် အသက်
၆၁ နှစ်ပြည့်သည်အထိ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။
၂ဝ၂၁ ခုနှစ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအစိုးရ တာဝန်ယူသည့်အခါ ဘကြီးအောင် ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး
ဌာနတွင် တာဝန်ပေးအပ်သဖြင့်နိုင်ငံတော်တာဝန်ကို အစိုးရအဖွဲ့တာဝန် ပြီးဆုံးသည့် ၂ဝ၂၆
ခုနှစ်၊ ဧပြီလအထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ယခုတစ်ဖန် ၂ဝ၂၆ ခုနှစ်၊ မတ်လတတိယအကြိမ်
ပြည်သူ့လွှတ်တော်တွင် ဘကြီးအောင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဇာတိမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်
နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ် သက်တမ်း ခြောက်လကျော်ခဲ့ပြီ
ဖြစ်ပါသည်။
ဘကြီးအောင် နိုင်ငံ့ဝန်ထမ်းအဖြစ် တပ်မတော်
သားဘဝ၊ ဌာနဆိုင်ရာဝန်ထမ်းဘဝနှင့် ယခု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဘဝအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ထမ်းဆောင်ရသည့် နိုင်ငံ့ဝန်ထမ်းတာဝန်
များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ရမှုသည်-
“ပြည်သူ့အသံ
လွှတ်တော်အသံ’’
ပြည်သူ့ဆန္ဒ လွှတ်တော်က ဖြည့်ဆည်းကြရ
မည်မို့ မိမိလုပ်ကိုင်ဆောင်ရွက်မှုက ပြည်သူ့အတွက် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသဖြင့်
ကျေနပ် အားရမှုအရှိဆုံးဟု ခံယူမိပါကြောင်း။ ။
No comments:
Post a Comment