နေပြည်တော် အောက်တိုဘာ ၂၂
၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ယနေ့ညပိုင်းတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “ဝိဓူရ” ဇာတ်တော်ကြီး ကပြယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်မှအရာရှိကြီးများနှင့်ဇနီးများ၊
ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊
ကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၊
ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဒုတိယသမ္မတသည် ဇာတ်တော်ကြီးပြိုင်ပွဲတွင် အကဲဖြတ်ဆောင်ရွက်ပေးကြမည့်
ဒိုင်အဖွဲ့မှ ဝါရင့်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတသည် ပရိသတ်များနှင့်အတူ
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု “မန်းရွှေဝိဓူရ” ဇာတ်တော်ကြီးအဖွဲ့၏ ဝိဓူရဇာတ်တော်ကြီး
ကပြယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ကြရာ ပြိုင်ပွဲဝင်များက အခန်းစဉ်များအလိုက် မူရင်းဇာတ်စာ၊
ပျို့လင်္ကာ၊ ရတုနှင့် ဆုံးမစာများ၊ အက အလှများ၊ ဇာတ်လမ်း၏ အနိမ့်အမြင့်အလိုက် ရှေးရိုးရာ
ပတ်ပျိုး၊ ကြိုး၊ သီချင်းခံတို့ကို ရတု၊ ရကန်၊ လေးဆစ် “အဆိုပညာ”ရပ်၊ အလွမ်းအဆွေး သရုပ်ဆောင်ရာတွင်
အသုံးချသည့် "အငိုပညာ"ရပ်နှင့် နားထောင်ရသူစွဲမက်စေမည့် "အပြောပညာ"ရပ်တို့ဖြင့်
ဇာတ်ညွှန်းအတိုင်း ဝါကျအဖြတ်အတောက် မှန်ကန်စွာ မြန်မာ့ရိုးရာသဘင်ကျင့်ထုံးများကို မဖောက်ဖျက်ဘဲ
တီထွင်ဖန်တီးမှုများနှင့်ပေါင်းစပ်၍ ကပြယှဉ်ပြိုင်ကြသည်။
ဝိဓူရဇာတ်တော်ကြီးသည် ဗုဒ္ဓဝင်ဆယ်ဘွဲ့အနက်မှ
နဝမမြောက်ဇာတ်တော်ကြီးဖြစ်ပြီး ဇာတ်တော်ကြီးကို ကိုယ်ကျင့်သီလ ဖြူစင်ဖြောင့်မတ်မှုအပေါ်တွင်
အခြေခံသောပညာ၏ အကျိုး ကျေးဇူးများကို သိရှိသဘောပေါက်ကြစေရန်၊ သာဓုနရတရားလေးပါးအကြောင်း
သိရှိနားလည် ကျင့်သုံးလိုက်နာကြစေရန်၊ လောင်းကစားခြင်း၏ဆိုးပြစ်နှင့် မကောင်းသောအကျိုးဆက်များကို
သိရှိရှောင်ရှားနိုင်ကြစေရန်နှင့် ဝိဓူရဇာတ်တော်ကြီးကို ကြည့်ရှုခံစားလျက် သူတော်ကောင်းတရားနှင့်
သူတော်ကောင်းဥစ္စာ ၇ ပါးကို ပွားများနိုင်ကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကပြယှဉ်ပြိုင်ရခြင်း
ဖြစ်ကြောင်းသိရသည်။
၂၀၂၆ခုနှစ်၊ (၂၇)ကြိမ် မြောက် မြန်မာ့ရိုး
ရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “ဝိဓူရ” ဇာတ်တော်ကြီးပြိုင်ပွဲကို
အောက်တိုဘာ ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ဥဿာမဟာသဘင်ဇာတ်တော်ကြီး
အဖွဲ့ကလည်းကောင်း ယနေ့တွင်မန္တလေး တိုင်းဒေသကြီးကိုယ်စားပြု မန်းရွှေဝိဓူရဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း
သရုပ်ဖော်ယှဉ် ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲ့များက သတ်မှတ်ရက်များ
အလိုက် ဆက်လက်ပါဝင်သရုပ်ဖော်ယှဉ်ပြိုင်သွားကြမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


No comments:
Post a Comment