နေပြည်တော် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက် ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည်။
အဆိုပါ ငဝန်မြစ်ရေသည် အောက်တိုဘာ ၁ ရက်တွင် လေးမျက်နှာမြို့နယ်၌
လည်းကောင်း၊ အောက်တိုဘာ ၂ ရက်တွင် ကျောင်းကုန်းမြို့နယ်၌ လည်းကောင်း၊ ယနေ့တွင် ကျုံပျော်မြို့နယ်၌
လည်းကောင်း ရေများ ပြန်လည်ကျဆင်းသွားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငဝန်မြစ်ရေသည် ရေကြည်မြို့နယ်အတွင်း
၁၀ ပေ ၉ လက်မခန့်နှင့် ငါးသိုင်းချောင်းမြို့နယ်အတွင်း ၁၀ ပေ ၁ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ
ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင်
တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ
ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment