နေပြည်တော် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်များရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အဆိုပါမြို့နယ်များရှိ ပြည်သူ့ဆေးရုံများ ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် လေးမျက်နှာမြို့နယ် အိုင်သပြုတိုက်နယ်ဆေးရုံ၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရေကြည်မြို့နယ် ငါးသိုင်းချောင်း တိုက်နယ်ဆေးရုံများ ပြန်လည်ဖွင့်လှစ်၍ ကျန်းမာရေးစောင့် ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရေဝင်ရောက်ခဲ့သော လေးမျက်နှာမြို့နယ် အမှတ် (၁) ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက
ရေဝင်နစ်မြုပ်ခဲ့သော ရေထွက်ပင်ရင်းများအား ကလိုရင်းဆေးခတ်ခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း
ဆောင်ရွက်ခြင်း၊ ကလိုရင်း သုံးကြိမ် ခတ်ထားပြီးသော ရေထွက်ပင်ရင်းများမှ ကောက်ယူထားသော
ရေနမူနာများ၏ ကလိုရင်းအကြွင်း စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
လေးမျက်နှာမြို့နယ်တွင် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေး
ဆောင်ရွက်နေမှုကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာရဲမြင့်နှင့်အဖွဲ့သည်
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူ့ဆေးရုံရှိ ဆေးစတိုတွင် အရေးပေါ်နှင့် အခြေခံဆေးဝါးများ
အလုံအလောက် ပြန်လည်ဖြည့်တင်းထားရှိရေး၊ အရေးပေါ်ခွဲစိတ်ခန်း၊ သားဖွားခန်းနှင့် ဓာတ်မှန်ခန်းများ
အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လတ်တလောပြုပြင်နေစဉ်အတွင်း အရေးပေါ် ခွဲစိတ်လူနာများအား
အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းပေးနိုင်ရေး လူနာတင်ယာဉ်များ စီစဉ်ပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment