Wednesday, October 21, 2026

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းပြီး ဘက်စုံဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၂၀

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီကိုသာမက နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်ရေးရာကော်မတီများဖွဲ့စည်းပြီး ဒေသအနှံ့အပြားရှိ အထူးအလေးပေးရမည့်လူငယ်များကို ယခင်အုပ်စု ၁၁ စု သတ်မှတ်ခဲ့သော်လည်း ယခုအခါ လူငယ်အုပ်စု ၅ စုကို ထပ်မံတိုးမြှင့်ကာ စုစုပေါင်း လူငယ်အုပ်စု ၁၆ စု၏ ဘက်စုံဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းရည်မြှင့်တင်ရေးဟောပြောပွဲမှ သိရသည်။

အဆိုပါဟောပြောပွဲကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဟောပြောပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပုံဖော်တည်ဆောက်ကြမည့် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များ၏အခန်းကဏ္ဍနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာများသာမက ဗလငါးတန်နှင့် ပြည့်စုံခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ကိုယ်ချင်းစာတရားမြင့်မားခြင်းဖြင့် အနာဂတ်၏ ခေါင်းဆောင်ကောင်းများအဖြစ် ရည်မှန်းချက်ထားရှိရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့အတူ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းတာဝန်ပေးအပ်မှု၊ လူငယ်ကဏ္ဍ ၁၆ ရပ်ကို လုပ်ငန်းစဉ် ၅၈ ခုဖြင့် ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ လူငယ်မဟာဗျူဟာစီမံချက်ကို ထပ်မံပြုပြင်ရေးဆွဲလျက်ရှိသည့်အခြေအနေ၊ လူငယ်ဖိုရမ်များ၊ လူငယ်တွေ့ဆုံပွဲများ၊ လူငယ်အလုပ်ရုံဆွေးနွေးပွဲများနှင့် လေ့လာရေးခရီးစဉ်များကိုလည်းကောင်း၊ လူငယ်စကားဝိုင်းနှင့် လူငယ်အသိပညာပေးဟောပြောပွဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်စင်တာဖွင့်လှစ်ပြီးစီးမှု၊ အာဆီယံနှင့် နိုင်ငံတကာလူငယ်ရေးရာ အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်းနှင့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများကို လှည့်လည်ပြသခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment