Friday, October 16, 2026

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့

သီဟထွန်းထွန်း

မိုးသည်းထန်စွာရွာသွန်းချိန်တွင် အမိုးအကာဖြစ်ပေးပြီး မုန်တိုင်းတိုက်ခတ်ချိန်တွင် ခိုလှုံရာဖြစ်ပေးသည့် နေအိမ်သည် မြေငလျင်လှုပ်ခတ်ချိန်၊ ရေကြီးရေလျှံချိန် သို့မဟုတ် အခြားသဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ကိုယ်တိုင်ပင်အန္တရာယ်၏ အစိတ်အပိုင်းတစ်ခု မဖြစ်လာစေရန် ကြိုတင်စဉ်းစားထားရမည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး (Disaster Risk Reduction–DRR) ကို စဉ်းစားသည့်အခါ နိုင်ငံအဆင့်၊ မြို့ပြအဆင့်နှင့် ရပ်ရွာအဆင့်တို့ကိုသာ ကြည့်ရှုနေ၍မရတော့ဘဲ လူသားတို့၏ အနီးဆုံးနေရာဖြစ်သည့် “နေအိမ်”မှ စတင်စဉ်းစားရမည်ဖြစ်သည်။

သို့ဖြစ်၍ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction–IDDRR) အတွက် ကုလသမဂ္ဂ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး (UNDRR) က “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့ (Resilience Starts at Home)” ဟူသောဆောင်ပုဒ်ကို သတ်မှတ်ထားပြီး ယခုနှစ်ဆောင်ပုဒ်သည် နေအိမ်ကိုဘေးအန္တရာယ် ထိခိုက်မှုအပြင်းထန်ဆုံးခံစားရနိုင်သည့် နေရာတစ်ခုအဖြစ်သာမမြင်ဘဲ ခံနိုင်ရည် (Resilience) စတင်တည်ဆောက်ရမည့် ရှေ့တန်းနေရာအဖြစ် ရှုမြင်ရန်တိုက်တွန်းထားသည်။ နေအိမ်များ မည်သည့်နေရာတွင်တည်ရှိသည်၊ မည်သို့စီမံကိန်းချသည်၊ မည်သို့ဆောက်လုပ်သည်၊ မည်သို့ ထိန်းသိမ်းသည်နှင့် ဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်မျှအသင့်ရှိသည်တို့သည် လူတစ်ဦးချင်းစီ၏ လုံခြုံမှုသာမက ရပ်ရွာနှင့် နိုင်ငံတစ်နိုင်ငံလုံး၏ ခံနိုင်ရည်အပေါ်ပါ သက်ရောက်မှုရှိကြောင်း UNDRR က အလေးပေးထားခြင်းဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို လုံးဝတားဆီး၍မရသော်လည်း အန္တရာယ်တစ်ရပ် (Hazard)သည် ဘေးအန္တရာယ် (Disaster)အဖြစ် ပြောင်းလဲသွားနိုင်မှုနှင့် ဆုံးရှုံးမှုအရွယ်အစားကို လူသားတို့၏ ဆုံးဖြတ်ချက်များဖြင့် လျှော့ချနိုင်သည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုသည်မှာ ဘေးမဖြစ်မီ အန္တရာယ်ကိုသိရှိခြင်း (Risk Knowledge)၊ ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ထိခိုက်လွယ်မှု (Vulnerability) ကို လျှော့ချခြင်းနှင့် ဘေးအန္တရာယ်ခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းတစ်ရပ် တည်ဆောက်ခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် အခြေခံအကျဆုံးအချက်မှာ နေအိမ်များသဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးပင်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ဤလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် စာအုပ်ထဲမှ သီအိုရီတစ်ခုသက်သက်မျှ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးသည် နေအိမ်များကြံ့ကြံ့ခံနိုင်ရေး၏ အရေးကြီးမှုကို လက်တွေ့ဘဝထဲသို့ ယူဆောင်လာခဲ့သည်။ နေအိမ်များ၊ အဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးထိခိုက်ခဲ့ပြီး မိသားစုများစွာတို့သည် မိမိတို့၏မူလနေအိမ်များကို ချက်ချင်းပြန်လည်တည်ဆောက်နိုင်ခြင်းမရှိခဲ့ကြပေ။ အဆိုပါအတွေ့အကြုံသည် “အိမ်တစ်လုံးကို မည်မျှလှပအောင်ဆောက်ထားသနည်း” ထက် “အန္တရာယ်ကျရောက်လာသောအခါ မည်မျှခံနိုင်ရည်ရှိသနည်း” ဟူသည့်မေးခွန်းကို ပိုမိုအရေးကြီးလာစေခဲ့သည်။ ထို့ကြောင့် နေအိမ်တစ်လုံး၏ ခံနိုင်ရည်သည် လူတစ်ဦး၏ အသက်နှင့် မိသားစုတစ်စု၏ အနာဂတ်အပေါ် မည်မျှအကျိုးသက်ရောက်နေသည်ကို သိရှိနိုင်ပေသည်။

သဘာဝဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်သော နေအိမ်တစ်လုံးကို အုတ်တစ်လုံးစီစီထပ်၍ ဆောက်လုပ်ခြင်းမပြုမီကတည်းက စတင်စဉ်းစားရသည်။ မြေနေရာရွေးချယ်သည့် အချိန်ကတည်းက အန္တရာယ်ကိုစဉ်းစားရမည်။ ငလျင်အန္တရာယ်၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မုန်တိုင်းနှင့် အခြားဒေသအလိုက် Hazard များကို ထည့်သွင်းစဉ်းစားပြီး မြေယာအသုံးချမှု (Risk-informed Land-use Planning) ကို ဆောင်ရွက်ရမည်။

အန္တရာယ်ရှိသောနေရာတွင် အန္တရာယ်ကိုမသိဘဲ အိမ်များတည်ဆောက်ပြီးမှ ဘေးဖြစ်လာသည့်အခါ ကယ်ဆယ်ရန် ကြိုးပမ်းခြင်းထက် ဘေးမဖြစ်မီကတည်းက အန္တရာယ်ကိုသိရှိပြီး မှန်ကန်သောနေရာတွင် မှန်ကန်သည့်ပုံစံဖြင့် တည်ဆောက်ခြင်းက  ပိုမိုထိရောက်သည်။ ထို့ပြင် နေရာမှန်ရွေးချယ်ပြီးသည်နှင့် ဆောက်လုပ်ရေးစံနှုန်း (Building Standards)နှင့် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (Building Codes) ကိုလည်း လက်တွေ့အကောင်အထည်ဖော်ရပေမည်။ နေအိမ်အဆောက်အအုံတစ်လုံးသည် အလှအပနှင့် ပြည့်စုံနေသော်လည်း သက်ဆိုင်ရာဒေသ၏ သဘာဝဘေးအန္တရာယ်ကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပါက ဘေးအန္တရာယ်ကျရောက်သည့်အချိန်တွင် လုံခြုံမှုအာမခံချက်မရှိနိုင်ပေ။ ထို့ကြောင့် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးပညာရှင်များ၊ ကန်ထရိုက်တာများ၊ အိမ်ပိုင်ရှင်များနှင့် သက်ဆိုင်ရာအာဏာပိုင်များအကြား စံနှုန်းကိုသိရှိနားလည်ပြီး လိုက်နာအကောင်အထည်ဖော်နိုင်ရေးသည် အလွန်အရေးကြီးပေသည်။

သို့ရာတွင် နေအိမ်၏ နံရံများနှင့် တိုင်များခိုင်ခံ့ခြင်းတစ်ခုတည်းဖြင့် ဘေးဒဏ်ခံနိုင်ရည်ရှိမှု (Resilience) မပြည့်စုံသေးပေ။ နေအိမ်အတွင်း နေထိုင်သူများကိုယ်တိုင် ဘေးအန္တရာယ်အတွက် အသင့်ရှိမှသာ အဆိုပါနေအိမ်သည် အမှန်တကယ် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည်ရှိလာမည်ဖြစ်သည်။ ထို့ကြောင့် မိသားစုတစ်စုချင်းစီအနေဖြင့် မိမိနေထိုင်ရာ ဒေသတွင်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို သိရှိထားခြင်း၊ အရေးပေါ်ဆက်သွယ်ရန် နည်းလမ်းများ သတ်မှတ်ထားခြင်း၊ မိသားစုဝင်များ စုဝေးရမည့်နေရာသတ်မှတ်ထားခြင်း၊ အရေးကြီးစာရွက်စာတမ်းများနှင့် လိုအပ်သည့်ပစ္စည်းများကို လုံခြုံစွာထားရှိခြင်း၊ အရေးပေါ်အသုံးအဆောင်အိတ် (Emergency Kit) ပြင်ဆင်ထားခြင်းတို့သည် နေအိမ်မှစတင်နိုင်သည့် ရိုးရှင်းသော်လည်း အရေးပါသည့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု (Disaster Preparedness) များဖြစ်ကြသည်။

ဤနေရာတွင် ကြိုတင်သတိပေးစနစ် (Early Warning System) သည်လည်း အရေးကြီးသည်။ သတိပေးချက်တစ်ခုထုတ်ပြန်နိုင်ခြင်းသည်သာ အောင်မြင်မှုမဟုတ်ပေ။ သတိပေးချက်သည် အိမ်ထောင်စုများထံ အချိန်မီရောက်ရှိရမည်၊ နားလည်နိုင်ရမည်၊ ယုံကြည်နိုင်ရမည်၊ ထိုသတိပေးချက်အပေါ် မည်သည့်လုပ်ဆောင်ချက်ကို ပြုလုပ်ရမည်ဆိုသည်ကိုလည်း သိရှိရမည်။ UNDRR ၏ ၂၀၂၆ ခုနှစ် ထုတ်ပြန်ထားသော စီမံကိန်းအစပျိုး အယူအဆတင်ပြချက် (Concept Note) တွင်လည်း အိမ်ထောင်စုထံ မရောက်ရှိသည့် သတိပေးချက်၊ ရောက်သော်လည်း နားမလည်သည့် သတိပေးချက် သို့မဟုတ် နားလည်သော်လည်း လက်တွေ့မတုံ့ပြန်နိုင်သည့် သတိပေးချက်တို့သည် ထိရောက်သော ကြိုတင်သတိပေးစနစ် (Early Warning System) မဖြစ်နိုင်ကြောင်း အလေးပေးဖော်ပြထားသည်။

သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်စေရန်အတွက် နေအိမ်များမှ စတင်ရန်ဆိုသည်မှာ နိုင်ငံတော်၏ တာဝန်ကို အိမ်ပိုင်ရှင်တစ်ဦးချင်းစီထံ လွှဲပြောင်းပေးလိုက်ခြင်းမဟုတ်ပေ။ နေအိမ်တစ်လုံး၏ ခံနိုင်ရည်သည် မိသားစုတစ်စု၏ ဝင်ငွေ၊ မြေယာပိုင်ဆိုင်မှု၊ နည်းပညာရရှိနိုင်မှု၊ ဆောက်လုပ်ရေးကုန်ကျစရိတ်၊ သတင်းအချက်အလက်နှင့် ဒေသဆိုင်ရာအုပ်ချုပ်မှုတို့အပေါ် မူတည်နေသောကြောင့် အိမ်ထောင်စုတစ်စုတည်း၏ စွမ်းရည်ဖြင့် အရာအားလုံးကို ဖြေရှင်း၍မရနိုင်ပေ။

ထို့ကြောင့် နိုင်ငံတော်၏ အဓိကတာဝန်မှာ လူထုအနေဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် အိမ်ရာရွေးချယ်မှုနှင့် တည်ဆောက်မှုများပြုလုပ်နိုင်ရန် အခြေခံအခြေအနေကောင်းများ ဖန်တီးပေးရန်ဖြစ်သည်။ Risk-informed Land-use Planning၊ ဆောက်လုပ်ရေးစံနှုန်းများ၊ ဒေသအလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်၊ Early Warning System နှင့် ပြည်သူ့အသိပညာပေးရေးတို့ကို ခိုင်မာစွာအကောင်အထည်ဖော်ရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့သည်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံး၌ သဘာဝဘေးအသိပညာပေးဟောပြောခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဤကဲ့သို့သော အသိပညာပေးလုပ်ငန်းများသည် အိမ်ထောင်စုဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း (House-hold Preparedness)အတွက် အခြေခံအဆင့်တစ်ရပ်ဖြစ်သည်။ သို့ရာတွင် အသိပညာသည် လက်တွေ့လုပ်ဆောင်ချက်နှင့် ပေါင်းစပ်မှသာ ဘေးဒဏ်ခံနိုင်ရည်ရှိမှု (Resilience)အဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။

နေအိမ်များ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် လူတို့၏အဓိကဆန္ဒမှာ “မိမိတို့၏ နေအိမ်ကို ပြန်ရချင်သည်” ဆိုသည့်ဆန္ဒဖြစ်သည်။ သို့သော် ပြန်လည်တည်ဆောက်ရာတွင် “မူလအတိုင်း ပြန်ဆောက်ရန်”ဟူသည့် အတွေးထက် “နောက်တစ်ကြိမ်ဖြစ်လာလျှင် ပိုမိုကြံ့ကြံ့ခံနိုင်ရည်ရှိရန်” ဟူသည့်အတွေးက ပိုအရေးကြီးသည်။ နေအိမ်အဆောက်အအုံ၏ ဒီဇိုင်း၊ ပစ္စည်းရွေးချယ်မှု၊ မြေပြင်အခြေအနေ၊ ရေစီးဆင်းမှု၊ လေပြင်းနှင့် ငလျင်ကဲ့သို့ ဒေသအလိုက်ဖြစ်နိုင်သည့် ဘေးအန္တရာယ်များကို ထည့်သွင်းစဉ်းစားပြီး ပြန်လည်တည်ဆောက်ခြင်းသည် Build Back Better (3Bs) ၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ ထိုသို့ ပြန်လည်တည်ဆောက်ရာတွင် အင်ဂျင်နီယာများနှင့် ဆောက်လုပ်ရေးကျွမ်းကျင်သူများ၏ နည်းပညာအကူအညီ၊ ကျွမ်းကျင်လုပ်သားများ၏ စံနှုန်းနှင့်ကိုက်ညီသည့် ဆောက်လုပ်မှု၊ အိမ်ထောင်စုများ၏ အန္တရာယ်အသိပညာနှင့် နိုင်ငံတော်၏ မူဝါဒ၊ စည်းမျဉ်းနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့တို့ ပေါင်းစပ်ရန်လိုအပ်သည်။

ထို့အပြင် နေအိမ်များ ဘေးဒဏ်ခံနိုင်ရည်ရှိစေရေးအတွက် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (Myanmar National Building Code–MNBC) ၂၀၂၅ ပါ ဖွဲ့စည်းပုံဒီဇိုင်း (Structural Design)၊ မြေနှင့်အုတ်မြစ် (Soil and Foundation)၊ ဆောက်လုပ်ရေး စီမံခန့်ခွဲခြင်းနှင့် အဆောက်အအုံပြုပြင်ထိန်းသိမ်းခြင်း (Construction Management and Building Maintenance) ဆိုင်ရာသတ်မှတ်ချက်များကို လက်တွေ့လိုက်နာရန်လိုအပ်သည်။ အထူးသဖြင့် ငလျင်အန္တရာယ်ရှိသည့်ဒေသများတွင် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံဒီဇိုင်းနှင့် ဆောက်လုပ်ရေးစံနှုန်းများကို အလေးထားလိုက်နာပြီးရှိပြီးသား နေအိမ်များကိုလည်း လိုအပ်သလို ပြန်လည်ခိုင်ခံ့အောင် ပြုပြင်ခြင်း (Retrofitting) နှင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း (Maintenance) တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့စံနှုန်းများ (Standards) နှင့်အညီ ဆောက်လုပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို စနစ်တကျဆောင်ရွက်နိုင်မှသာ နေအိမ်များ၏ ဘေးအန္တရာယ်ဒဏ်ကြံ့ကြံ့ခံနိုင်ရည်ကို အမှန်တကယ်မြှင့်တင်နိုင်မည်ဖြစ်သည်။

ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သောနေအိမ် (Resilient House) သည် လူတိုင်းအတွက် အခွင့်အရေးဖြစ်သင့်သည်။ ဥပမာအားဖြင့် ဝင်ငွေကောင်းသူတစ်ဦးအနေဖြင့် နေအိမ်ပြန်လည်တည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အကြံပြုချက်ရယူနိုင်သည်။ အရည်အသွေးကောင်းသည့် ဆောက်လုပ်ရေးပစ္စည်းများ အသုံးပြုနိုင်သည်။ အာမခံထားနိုင်သည်။ အန္တရာယ်နည်းသည့်နေရာသို့ ပြောင်းရွှေ့နိုင်သည်။ သို့သော် ဝင်ငွေနည်းသည့် အိမ်ထောင်စုတစ်စုအတွက် အဆိုပါရွေးချယ်စရာများ အားလုံးရရှိနိုင်ရန်မှာ မလွယ်ကူနိုင်ပေ။ ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ လူမှုအဖွဲ့အစည်း၊ မသန်စွမ်းသူများ၏အဖွဲ့အစည်းများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်အဖွဲ့အစည်းများ၊ လူငယ်ကွန်ရက်များ၊ ရပ်ရွာခေါင်းဆောင်များနှင့် အိမ်ထောင်စုများအားလုံး ပါဝင်ရပေမည်။

သို့ဖြစ်၍ ဘေးအန္တရာယ်ဒဏ်ကြံ့ကြံ့ခံနိုင်သော နေအိမ်သည် ချမ်းသာသူများအတွက်သာ ရရှိနိုင်သည့် ဇိမ်ခံပစ္စည်း (Luxury Item) တစ်ခုမဟုတ်ဘဲ လူသားတိုင်းရရှိသင့်သည့် လုံခြုံမှုနှင့် လူမှုဘဝတည်ငြိမ်ရေး၏ အခြေခံအချက်တစ်ရပ်ဖြစ်သင့်သည်။ ထိုအတွက် နိုင်ငံတော်၏မူဝါဒများ၊ ဒေသဆိုင်ရာစီမံကိန်းများ၊ ငွေကြေးအထောက်အပံ့များ၊ အာမခံစနစ်များ၊ နည်းပညာအကူအညီများနှင့် အများပြည်သူအသိပညာပေးလုပ်ငန်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေရမည်ဖြစ်သည်။

သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော နေအိမ်များဖြစ်ပေါ်လာစေရန် ဆောက်လုပ်ရေးကဏ္ဍ၏  တာဝန်လည်းအရေးကြီးသည်။ အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်လုပ်သားများသည် နေအိမ်၏ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည် (Physical Resilience) ကို သတ်မှတ်ပေးသူများဖြစ်သဖြင့် နည်းပညာစံနှုန်းများကို လိုက်နာနိုင်ရန် လေ့ကျင့်သင်ကြားမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Training and Capacity Building) လိုအပ်သည်။ ထို့အတူ အိမ်ရာငွေကြေးထောက်ပံ့မှုနှင့် အာမခံကဏ္ဍများကလည်း ဘေးအန္တရာယ်ကို ထည့်သွင်းစဉ်းစားသည့် အန္တရာယ်အသိပေး ရင်းနှီးမြှုပ်နှံမှု (Risk-informed Investment) များကို မြှင့်တင်ရန်လိုအပ်သည်။ ရပ်ရွာအနေဖြင့်လည်း ရပ်ရွာအဆင့် ကြိုတင်ပြင်ဆင်မှု (Community Preparedness)၊ ရပ်ရွာအခြေပြု ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး (Community- based Disaster Risk Reduction) နှင့် လူထုပါဝင်သည့် ဒေသအဆင့်စီမံကိန်း (Local Planning)များကို ဆောင်ရွက်ခြင်းဖြင့် နေအိမ်တစ်လုံးချင်းစီ၏ခံနိုင်ရည်ကို ရပ်ရွာတစ်ခုလုံး၏ခံနိုင်ရည်အဖြစ် မြှင့်တင်နိုင်မည်ဖြစ်သည်။

ထို့ပြင် နေအိမ်များဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နည်းပညာကိုလည်း ထိရောက်စွာအသုံးချရမည်ဖြစ်သည်။ ဂြိုဟ်တုဓာတ်ပုံများ (Satellite Imagery)၊ ဒစ်ဂျစ်တယ်မြေပုံရေးဆွဲခြင်း (Digital Mapping)၊ မိုဘိုင်းဆက်သွယ်ရေး (Mobile Com-munication)နှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်း (Data Analytics) တို့ဖြင့် နေအိမ်တည်ရှိရာ ဒေသ၏ဘေးအန္တရာယ်အခြေအနေ၊ ထိခိုက်လွယ်မှုနှင့် ရွှေ့ပြောင်းရန်လိုအပ်သည့် အခြေအနေများကို အချိန်မီသိရှိနိုင်သည်။ သို့သော် နည်းပညာမှရရှိသည့် အန္တရာယ်ဆိုင်ရာအချက်အလက် (Risk Information) များကို ဒေသခံများနားလည်အသုံးချနိုင်မှသာ အကျိုးရှိမည်ဖြစ်သဖြင့် နည်းပညာဆိုင်ရာအချက်အလက်များကို ဒေသခံအသိပညာ (Local Knowledge) နှင့် ပေါင်းစပ်ပေးရန်လိုအပ်ပါသည်။ ထိုသို့ ဘေးအန္တရာယ်ကို ကြိုတင်သိရှိပြီး သင့်လျော်စွာ ပြင်ဆင်တုံ့ပြန်နိုင်မှသာ နေအိမ်များ၏ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် သဘာဝဘေးအန္တရာယ်သည် လူတိုင်းအပေါ် တူညီစွာသက်ရောက်ခြင်းမရှိသဖြင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ဝင်ငွေနည်းမိသားစုများအပါအဝင် ထိခိုက်လွယ်သူများအတွက်ပါလုံခြုံပြီး လက်လှမ်းမီနိုင်သော အိမ်ရာ (Safe and Inclusive Housing) များဖြစ်ရန်လိုအပ်သည်။ သဘာဝဘေးအန္တရာယ်သည် အဆောက်အအုံကိုသာ ထိခိုက်စေခြင်းမဟုတ်ဘဲ လူ့ဘဝ၊ အသက်မွေးဝမ်းကျောင်းနှင့် အနာဂတ်မျှော်လင့်ချက်များကိုပါ ထိခိုက်စေနိုင်သောကြောင့် လူတစ်ဦးတစ်ယောက်အနေဖြင့် “တတ်နိုင်သော အိမ်” (Affordable House) နှင့် “လုံခြုံသောအိမ်” (Safe House) အကြား ရွေးချယ်ရသည့် အခြေအနေမျိုးမဖြစ်သင့်ပေ။ ထို့ကြောင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိသောနေအိမ် (Resilient House) တစ်လုံးဆိုသည်မှာ ခိုင်ခံ့သောအဆောက်အအုံတစ်ခုသာမက လူတိုင်း၏လုံခြုံမှုနှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထားသည့် နေအိမ်တစ်လုံးဖြစ်ရမည်။

ထိုအတွက် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန်ခြင်း (Emergency Response) တစ်ခုတည်းထက် အန္တရာယ်လျှော့ချခြင်း (Risk Reduction) နှင့် ကြိုတင်ကာကွယ်ခြင်း (Prevention) ကို ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်သည်။ နေအိမ်များမှစတင်၍ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် ဒေသအလိုက်အန္တရာယ်နှင့် ထိခိုက်ဆုံးရှုံးနိုင်ခြေဆိုင်ရာ အချက်အလက်များ (Hazard and Risk Information) ကိုရရှိစေခြင်း၊ မြေအသုံးချမှုစီမံကိန်း (Land-use Planning) တွင် ထည့်သွင်းအသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံ စံချိန်စံညွှန်းများ (Building Standards) ကိုလိုက်နာခြင်းနှင့် အိမ်ထောင်စုအဆင့် ကြိုတင်ပြင်ဆင်မှု (Household Preparedness) မြှင့်တင်ခြင်းတို့ကို အစိုးရနှင့်ပြည်သူလက်တွဲပူးပေါင်း၍ ဆက်စပ်ဆောင်ရွက်ရမည်။

ထို့ပြင် သဘာဝဘေးဆိုင်ရာအသိပညာများကို မိသားစုများနှင့် ကလေးလူငယ်များမှအစ သက်ကြီးရွယ်အိုများအထိ ဖြန့်ဝေပေးပြီး နေအိမ်တစ်အိမ်ချင်းစီမှစတင်၍ ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်သည့် အလေ့အထကို တည်ဆောက်ပေးရမည်။ ထိုသို့ နေအိမ်များမှစတင်ကာ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်သောမိသားစုများနှင့် ရပ်ရွာများကို တည်ဆောက်နိုင်မှသာ နိုင်ငံတစ်ဝန်း၏ ဘေးဒဏ်ခံနိုင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်၍ နေအိမ်တစ်လုံး ဘေးဒဏ်ခံနိုင်ရန် အဆောက်အအုံခိုင်ခံ့မှုသာမက အရေးပေါ်ကာလတွင် ရေ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ မပြတ်တောက်ရေး၊ အခြေခံအဆောက်အအုံများနှင့် ချိတ်ဆက်စီမံထားရေးတို့လည်းလိုအပ်သည်။ ဘေးအန္တရာယ်ကြောင့် အိမ်ရာနှင့်အတူ မိသားစု၏ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းမထိခိုက်စေရန် ငွေကြေးခံနိုင်ရည် (Financial Resilience) ကိုလည်း တည်ဆောက်ထားရမည်။ မြို့ပြနှင့် ကျေးလက်ဒေသအလိုက်အန္တရာယ်နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား၍ ဒေသအလိုက်ဆောင်ရွက်မှု (Localised Approach) ဖြင့် လုပ်ဆောင်ရန်လိုသကဲ့သို့ ကျောင်းများမှစ၍ သဘာဝဘေးဆိုင်ရာ ပညာပေးခြင်း (Disaster Education) နှင့် လက်တွေ့လေ့ကျင့်ခြင်း (Disaster Drill) များကိုလည်းမြှင့်တင်ရမည်။ ဘေးဖြစ်ပြီးနောက် နေအိမ်ပြန်လည်တည်ဆောက်ရာတွင်လည်း ပျက်စီးသွားသည့်အတိုင်း ပြန်လည်တည်ဆောက်ခြင်းမဟုတ်ဘဲ တည်ဆောက်မှုဆိုင်ရာ စံချိန်စံညွှန်းများ၊ မူဝါဒများနှင့် ကူညီပံ့ပိုးမှုများကို စနစ်တကျအသုံးချပြီး ပိုမိုလုံခြုံခိုင်ခံ့သော နေအိမ်များအဖြစ် ပြန်လည်တည်ဆောက်ခြင်း (Build Back Better)ကို ဦးစားပေးရမည်ဖြစ်သည်။

ထိုသို့ နေအိမ်များမှစတင်၍ ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးဆိုင်ရာ တရားဝင်သတင်းအချက်အလက်များ (Official Information) ကိုသာ အချိန်မီရယူစောင့်ကြည့်ရန်လိုအပ်သည်။ အထူးသဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ နိုင်ငံပိုင်သတင်းစာများနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှထုတ်ပြန်ပေးသည့် မိုးလေဝသအခြေအနေ၊ သဘာဝဘေးသတိပေးချက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်များကို မိဘပြည်သူများအနေဖြင့် အလေးထားစောင့်ကြည့်နားထောင်ပြီး အချိန်မီလိုက်နာဆောင်ရွက်ကြရပေမည်။ သတင်းအချက်အလက်သည် ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်နိုင်ရန် အရေးပါသည့် အင်အားတစ်ရပ်ဖြစ်သကဲ့သို့ မှန်ကန်သောသတင်းကို အချိန်မီရရှိပြီး လက်တွေ့တုံ့ပြန်နိုင်ခြင်းသည်ပင် အိမ်တစ်အိမ်ချင်းစီ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် (Resilience) ကို မြှင့်တင်ပေးနိုင်မည့် အခြေခံခြေလှမ်းတစ်ရပ်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရသော်လည်း ၎င်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများကို ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ အန္တရာယ်လျှော့ချခြင်း (Risk Reduction) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်သည်။ ထိုသို့ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရာတွင် နိုင်ငံတော်၏ မူဝါဒနှင့် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများအပြင် မိဘပြည်သူတစ်ဦးချင်း၊ မိသားစုတစ်စုချင်းစီ၏ ပါဝင်မှုသည်လည်း အရေးကြီးသည်။ ထို့ပြင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရန် မိမိနေအိမ်၏ အန္တရာယ်ကိုသိရှိခြင်း၊ အားနည်းချက်များကို ပြုပြင်ခြင်း၊ အရေးပေါ်အစီအစဉ်များထားရှိခြင်းနှင့် သတိပေးချက်များကို အချိန်မီတုံ့ပြန်နိုင်ခြင်းတို့မှ စတင်ရမည်။ အိမ်တစ်အိမ်၏ ဘေးဒဏ်ခံနိုင်ရည်ရှိမှုသည် မိသားစုတစ်စု၏ လုံခြုံ မှုကိုမြှင့်တင်ပေးပြီး မိသားစုများ၏ ကြိုတင်ပြင်ဆင်မှုသည် ရပ်ရွာ၏ဘေးဒဏ်ခံနိုင်ရည် (Community Resilience)ကို တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။

ထိုမှတစ်ဆင့် ရပ်ရွာများ၏ ဘေးဒဏ်ခံနိုင်ရည်သည် နိုင်ငံတော်၏ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် (National Resilience)ကို ခိုင်မာစေပြီး နိုင်ငံများအကြား အတွေ့အကြုံ၊ နည်းပညာနှင့် သတင်းအချက်အလက်များ မျှဝေပူးပေါင်းခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘေးဒဏ်ခံနိုင်ရည် (Global Resilience) အထိ တိုးမြှင့်လာနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ  ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အနာဂတ်ကိုတည်ဆောက်ရန် အစပြုရမည့်နေရာမှာ အဝေးတစ်နေရာမဟုတ်ဘဲ မိမိတို့၏ နေအိမ်များပင်ဖြစ်သည့်အတွက်​ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့” ဟု တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။ ။

No comments:

Post a Comment