နေပြည်တော် အောက်တိုဘာ ၁၉
ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီး မစ္စတာ လဲ့ဟိုင်ချို၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ China National Convention Center ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့ အာရှနိုင်ငံများ၊ အရှေ့တောင် အာရှနိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် ကျွန်းစုနိုင်ငံများ၊ SCO အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ WHO အဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်
မစ္စတာ လီချန်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားကျန်းမာရေးကော်မရှင်ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးနှင့်
ပေကျင်းမြူနီစီပယ် အစိုးရတာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် “Advancing
Primary Health Care Together: From Commitment to Action” ခေါင်းစဉ်ဖြင့် ကျင်းပသည့်
Government Forum သို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏
Global Traditional Medicine Strategy 2025-2034 နှင့်အညီ ရွေးကောက်ခံအစိုးရ၊ ဝန်ကြီးဌာနအနေဖြင့်
တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊
နိုင်ငံ၏ ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် တိုင်းရင်းဆေးကုသမှုလုပ်ငန်းများ၏
အရေးပါမှု၊ တိုင်းရင်းဆေးဝါးများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်
အရည်အသွေးပြည့်ဝစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ တိုင်းရင်းဆေးပညာရှင်များ စနစ်
တကျ မွေးထုတ်လေ့ကျင့်ပေးနေမှု၊ တိုင်းရင်းဆေးရုံ/ ဆေးခန်းများ အဆင့်မြှင့်တင်ရေး ဆောင်ရွက်
မည့်အခြေအနေများ၊ တိုင်းရင်းဆေး သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှစ်စဉ် သုတေသန
ညီလာခံ ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းဆေးဝါးထုတ်လုပ်ရာတွင်
အသုံးပြုသည့် ဆေးပင်များ စဉ်ဆက်မပြတ်ပြုစုထိန်းသိမ်းရေး ဝန်ကြီးများအဆင့်
Roundtable Discussion သို့ တက်ရောက်၍ ဆေးပင်များ စဉ်ဆက်မပြတ် ပြုစုထိန်းသိမ်းရေးအတွက်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း၏ အရေးပါမှု၊ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်
အမျိုးသားပရဆေး ဥယျာဉ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ပရဆေးဥယျာဉ်များ တည်ထောင်ထားရှိမှုနှင့်
ရှားပါးပရဆေးပင်များ ပြုစုထိန်းသိမ်းထားရှိမှုများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်နေစဉ်အတွင်း
တရုတ်အမျိုးသားကျန်းမာ ရေးကော်မရှင် ဒုတိယဝန်ကြီး H.E. Mr . Zeng Yixin နှင့်လည်းကောင်း၊
အိန္ဒိယသမ္မတနိုင်ငံ အာယုဗေဒ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Vaidya
Rajesh Kotecha နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု
ပိုမိုမြှင့်တင်ရေး၊ နယ်စပ်ဒေသ ကူးစက်ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေးနှင့်
သတင်းအချက်အလက်များ ဖလှယ်ရေး၊ တိုင်းရင်းဆေးပညာ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်သင်ကြားပေးရေး၊
ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ညီလာခံတက်ရောက်လာသည့်
နိုင်ငံတကာကိုယ်စားလှယ်များသည် ပေကျင်းမြို့ရှိ ခုတင် (၁၂၀၀)ဆံ့ ဟိုင်ဒန်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့
သွားရောက်၍ ဆေးရုံ၏ အဆင့်မြင့်နည်းပညာသုံး ကင်ဆာဆေးကုသမှု၊ Robotic Surgery နည်းပညာဖြင့်
အရိုးရောဂါများ၊ အစာအိမ်အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါခွဲစိတ်ကုသမှု ဆောင်ရွက်နေမှု၊
ပေကျင်းမြို့ Hygea Health Innovation Center သို့ သွားရောက်ပြီး အဆင့်မြင့်နည်းပညာသုံး
ကင်ဆာဆေး ကုသစက်များ၊ ခွဲစိတ်ကုသမှု လေ့ကျင့်ရေးစင်တာ တည်ထောင်ထားရှိမှုအား လေ့လာ ကြည့်ရှုခဲ့ကြသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့တိုင်းရင်းဆေးညီလာခံသို့
နိုင်ငံတကာမှကိုယ်စားလှယ်များ၊ ပညာရှင်များ စုစုပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး
AI နည်းပညာနှင့် Robotic နည်းပညာအသုံးပြု တိုင်းရင်းဆေးကုသမှုပြခန်းများ၊ ရောဂါရှာဖွေရေးနှင့်
ဆေးကုသမှု အထောက် အကူပြုစက်ပစ္စည်းများ၊ စက်ရုပ်များ ပြသထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment