နေပြည်တော် အောက်တိုဘာ ၂၉
ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-3) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကာလများအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းခဲ့သည့် အဆိုနှင့် မေးခွန်းများအပေါ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဖြေကြားချက်များ၊ ကတိကဝတ်များကို ကော်မတီအနေဖြင့် ပြန်လည်ဖော်ထုတ်စိစစ်ပြီး အဓိကအချက်များကို ဦးစားပေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
လွှတ်တော်အစည်းအဝေးကာလများအတွင်း မေးမြန်းခဲ့သည့် မေးခွန်းများအနက် ကတိကဝတ် ဖြစ်ပေါ်ခဲ့သည့် တတိယပုံမှန်အစည်းအဝေးတွင် အတည်ပြု အဆိုတစ်ခုနှင့် ကြယ်ပွင့်ပြကတိဖြစ် မေးခွန်း ၉၇ ခု၊ ဒုတိယ ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ ကတိဖြစ်မေးခွန်း ၂၅၆ ခုနှင့် တတိယပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြ ကတိဖြစ်မေးခွန်း ၈၀၊ စုစုပေါင်း ၄၃၄ ခုရှိသည့်အနက် တိကျရှင်းလင်းသည့် အဓိကအချက်များကို ဦးစားပေး ပေါင်းစပ်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊
ကော်မတီအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအကြား အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးနေသည့် ကိစ္စရပ်များအပေါ် ပြည်သူလူထု၏ ယုံကြည်မှုရရှိစေရေးနှင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေရေးအတွက် စိစစ်ကြပ်မတ် တင်ပြပေးခြင်းဖြစ်ပြီး မရှင်းလင်းသည့် ကိစ္စရပ်များကို သေချာစွာ ညှိနှိုင်းဆွေးနွေးကြရန်နှင့်
တက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများအတွင်း တင်သွင်းမေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းကြပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ဆောင်ရွက်မှုအခြေအနေများကို တိကျမှန်ကန်စွာ တင်ပြနိုင်ရေးနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက်စေရေးတို့အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment