နေပြည်တော် စက်တင်ဘာ ၁၄
တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ပျက်စီးစေသော အကြမ်းဖက် လုပ်ရပ်များကို စက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုခြင်း၊ အေးချမ်းစွာ ပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်း၍ လက်ကမ်းကြိုဆိုခဲ့မှုကြောင့် ဥပဒေ၏အရိပ်အောက်တွင် မိသားစုနှင့် အတူပေါင်းစည်းကာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာ နေထိုင် လုပ်ကိုင်ခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော် နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် PDF အမည်ခံအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း သို့ ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်
သဘောထားအမှန်ကို သဘောပေါက်နားလည်ပြီး ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ ဥပဒေဘောင်အတွင်းသို့
ပြန်လည်ဝင်ရောက်လာမှုအနေဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၂၅ ဦး၊ အမျိုးသမီး
တစ်ဦး၊ စုစုပေါင်း ၂၆ ဦး၊ လက်နက်မျိုးစုံ ၂၂ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၃၄ ဦး၊ အမျိုးသမီး သုံးဦး၊
စုစုပေါင်း ၁၃၇ ဦး၊ လက်နက်မျိုးစုံ ၄၄ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်း ကောင်း၊
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တွင် အမျိုးသား ၆၉၀၊ အမျိုးသမီး ၂၀၄ ဦး စုစုပေါင်း ၈၉၄
ဦး၊ လက်နက်မျိုးစုံ ၁၁ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာန
ချုပ်တွင် အမျိုးသား ၂၉၆ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၃၂၅ ဦး၊ လက်နက်မျိုးစုံ အလက်
၉၀ နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်
အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်းလေးဦး၊ လက်နက်ငယ်တစ်လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်
လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၃ ဦး၊ လက်နက်မျိုးစုံ ၁၁ လက်နှင့်
ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၄၉
ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၁၅၄ ဦး၊ လက်နက်မျိုးစုံ ၄၈ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်
လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၁၁
ဦး စုစုပေါင်း ၈၀၊ လက်နက်မျိုးစုံ ၂၇ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ ရန်ကုန်
တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၇၀၊ အမျိုးသမီး ၂၈ ဦး စုစုပေါင်း ၁၉၈ ဦး၊ လက်နက်ငယ်
တစ်လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် အမျိုးသား
၁၄၇ ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း ၁၅၂ ဦး၊ လက်နက်မျိုးစုံ ၃၅ လက်နှင့် ဆက်စပ် ပစ္စည်းများဖြင့်လည်းကောင်း၊
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် အမျိုးသား ၁၂ ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင်
အမျိုးသား ၅၃၂ ဦး၊ အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၅၈၀၊ လက်နက်မျိုးစုံ ၁၃၃ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊
အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် အမျိုးသား ၂၆၄၅ ဦး၊ အမျိုးသမီး ၂၈၁ ဦး စုစုပေါင်း
၂၉၂၆ ဦး၊ လက်နက်မျိုးစုံ ၂၂၉ လက်နှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်
အမျိုးသား ၁၅၂ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၁၇၁ ဦး၊ လက်နက်မျိုးစုံ အလက် ၆၀ နှင့်
ဆက်စပ်ပစ္စည်းများဖြင့် လည်းကောင်း ဝင်ရောက်လာခဲ့ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာမှုအနေဖြင့်
အမျိုးသား ၅၀၃၆ ဦးနှင့် အမျိုးသမီး ၆၃၆ ဦး စုစုပေါင်း ၅၆၇၂ ဦးဖြစ်ပြီး လက်နက်မျိုးစုံ
၆၉၂ လက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့်
PDF အမည်ခံအဖွဲ့ဝင်များသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ ၎င်းတို့ကိုယ်တိုင် ဖန်တီးခဲ့သော
နိုင်ငံရေးဖြစ်စဉ်ကို အသုံးချ၍ ယုတ်မာစွာဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ သွေးဆောင်စည်းရုံးမှု၊
ငွေကြေးဆိုင်ရာ မက်လုံးပေးမှုများနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့် PDF အကြမ်းဖက်အဖွဲ့များနှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့တို့ထံ ဝင်ရောက်ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်
အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ် ခြင်း၊
စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့်
အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ နိုင်ငံရေးကို ကြွေးကြော်၍ လက်နက်ကိုင်ဆောင်ခဲ့သော်လည်း
ကိုယ်တိုင်အကြမ်းဖက်သမားဘဝကို ရောက်ရှိနေကြောင်း သိမြင်လာခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင်
အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊
အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ
စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်
နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
နားလည်သဘောပေါက်လာခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း
ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား
ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့
စနစ်တကျ ပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိ
သူများကျန်ရှိနေသေးကြောင်း သိရှိရပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ၍
နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်လိုသည့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့်
နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့
အမြန်ဆက်သွယ် သတင်းပေးပို့ကြရန်နှင့် ထိုသို့ဆက်သွယ်သတင်းပို့လာပါက ကြိုဆိုလက်ခံကာ
လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက်
ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်လျက်ရှိသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏
စကားသံများကိုလည်း ယခုကဲ့သို့ကြားသိရပါသည် -
အင်တာဗျူး(၁)
ကျွန်တော်ကတော့ PDF ထဲကို ၂၀၂၄ ခုနှစ် ၁၂
လပိုင်းလောက်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော် PDF ထဲ ရောက်ရောက်ချင်း အခြေခံသင်တန်းလေးလနဲ့
အထူးကွန်မန်ဒိုသင်တန်း လေးလကို တက်ရောက်ခဲ့ပါတယ်။ သင်တန်းဆင်းပြီးတဲ့ နောက်ပိုင်းမှာ
တပ်စိတ်မှူး ဖြစ်ခဲ့ပါတယ်။ တပ်စိတ်မှူးအဖြစ်နဲ့ KNU တပ်မဟာနဲ့ပူးပေါင်းပြီး နေထိုင်ရပါတယ်။
ကျွန်တော်တို့နေထိုင်တဲ့နေရာ ကတော့ ပုလောနယ်တစ်ခွင်မှာ လှုပ်ရှားသွားလာရပါတယ်။ သူတို့တွေက
ကျွန်တော်တို့ PDF တွေကို ခွဲခြားဆက်ဆံပါတယ်။ အလုပ်ကြမ်းတွေလုပ်ခိုင်းတယ်။ နှိမ်တယ်။
အသက်အန္တရာယ်ရှိတဲ့ အလုပ်တွေကို ကျွန်တော်တို့တွေက လုပ်ခဲ့ရပါတယ်။ စစ်တိုက်တဲ့ နေရာမှာဆိုရင်လည်း
ကျွန်တော်တို့ PDF တွေကပဲ အဓိက လုပ်ကိုင်ရပါတယ်။ သူတို့တွေက စကားပြောစက်တွေနဲ့ အမိန့်ပေးပြီး
အနောက်မှာ နေတာများပါတယ်။ တချို့ဆိုရင် ဂိတ်ကြေးတွေ ကောက်တယ်။ ဆက်ကြေးတွေ ကောက်တယ်။
တချို့တွေဆိုရင်လည်း ထိုင်းထဲမှာ ကိုယ်ပိုင်အိမ်တွေတောင် ဝယ်ထားကြပါတယ်။ တချို့ခေါင်းဆောင်တွေကတော့
စီးပွားရေးသမားတွေများလာတာကို သိရှိလာရပါတယ်။ ကျွန်တော်တို့တွေကတော့ တောထဲမှာ ပင်ပင်ပန်းပန်း၊
ဆင်းဆင်းရဲရဲနဲ့ ဒုက္ခခံပြီးတော့နေရတာ များပါတယ်။ ဘယ်နေ့သေမလဲဆိုပြီး တွေးပြီးတော့
နေရတာများပါတယ်။ အမြဲတမ်း ကြောက်လန့်တဲ့စိတ်တွေနဲ့ နေရတာလည်းများပါတယ်။ ကျွန်တော် ထွက်ပြေးဖို့
အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ အခုမှပဲ လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော် အခွင့်အရေးသာတဲ့အချိန်မှာ
တပ်ခွဲမှူးရဲ့သေနတ်ကိုခိုးယူပြီးတော့ တပ်မတော်ဘက်ကို အလင်း ဝင်လိုက်ပါတယ်။ အခုလိုအလင်းဝင်လိုက်ပြီးနောက်ပိုင်းမှာ
ကျွန်တော် ကောင်းကောင်းမွန်မွန် နေထိုင်ရတယ်။ ကောင်းကောင်းမွန်မွန် စားသောက်ရတယ်။ လူငယ်တစ်ယောက်ရဲ့
ဘဝပျော်ရွှင်မှု ခံစားခွင့်တွေကိုလည်း ပြန်လည်ရရှိပါတယ်။ အဲဒီအတွက် ကျွန်တော် နိုင်ငံတော်နဲ့
တပ်မတော်အပေါ် အထူးကျေးဇူးတင်ပါတယ်။ တောထဲမှာကျန်ရစ်ခဲ့တဲ့ ညီအစ်ကိုမောင်နှမ၊ အပေါင်းအသင်း
PDF တွေကိုလည်း အမြန်ဆုံး အလင်းဝင်ပြီး မှန်ကန်တဲ့လမ်းကို ရွေးချယ်ပါလို့ ကျွန်တော်
ပြောချင်ပါတယ်။
အင်တာဗျူး(၂)
မြင်းခြံ BLACK TIGER မှာ တာဝန်ထမ်းဆောင်ပါတယ်။
ဖောက်ခွဲရေးခေါင်းဆောင်ပါ။ ဒီတော်လှန်ရေးစလုပ်ခဲ့တာက တော့ ၁၄ နှစ်ကနေ စလုပ်ခဲ့တာပါ။
ပြောရရင် ၂၀၂၂ ခုနှစ်ကနေ စလုပ်ခဲ့တာပါ။ ရောက်ရောက်ချင်းမှာ သင်တန်းဆင်းရပါတယ်။ သင်တန်းဆင်းပြီးတော့
ရှေ့တန်း တန်းသွားရပါတယ်။ ရှေ့တန်းမှာ မြင်းခြံမြောက်ဘက်မှာ မိုင်းခေါင်းဆောင်အနေနဲ့
နေခဲ့ပါတယ်။ တိုက်ပွဲပေါင်းစုံနဲ့ တိုက်ခဲ့ပါတယ်။ နေရာပေါင်းစုံလည်း သွားခဲ့ရပါတယ်။
နေရာပေါင်းစုံသွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အထက်ဖားအောက်ဖိ များခဲ့ပါတယ်။ ခေါင်းဆောင်တွေ
တော်တော်များများကတော့ ဆေးခြောက်၊ WY ဆေးချပါတယ်။ ဒါပေမယ့်် ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး။
တော်တော်များများ အကုန်လုံးက မူးယစ်ဆေးဝါးတွေ သုံးစွဲပါတယ်။ ပြောရရင် ရဲဘော်တွေပဲ အောက်မှာနေပြီးတော့
ဘာမှမရဘဲနဲ့ လုပ်ကိုင်နေရပါတယ်။ တပ်မတော်က တိုက်ခိုက်လာပြီဆိုရင်လည်း သူတို့ကားတွေမောင်းပြီး
သူတို့ ခေါင်းဆောင်တွေကပြေးပါတယ်။ ရဲဘော်တွေ သေသေကျေကျေ ထားခဲ့ပါတယ်။ သူတို့ လက်နက်တွေ
အကုန်လုံးယူပြီးတော့ ပြေးပါတယ်။ ကျွန်တော် ဒီထဲကို အလင်းဝင်လာတာ သူတို့ ယုတ်မာရိုင်းစိုင်း
နှိပ်စက်တာတွေကြောင့် ကျွန်တော် အလင်းဝင်လာတာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလို အလင်းဝင်လာတဲ့အချိန်မှာ
တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သူတို့ပြောတဲ့အတိုင်း သတ်မယ်၊ ဖြတ်မယ်၊ သူတို့ဘက်ကပြောတဲ့အတိုင်း
မဟုတ်ပါဘူး။ နောက်လာမယ့် ညီအစ်ကိုတွေလည်း ညီလေးတွေ၊ မောင်နှမတွေ အကုန်လုံးလည်း လာခဲ့ပါလို့
ဖိတ်ခေါ်ပါတယ်။
အင်တာဗျူး(၃)
ကျွန်မ အကြမ်းဖက်အဖွဲ့အစည်းထဲကို စဝင်ခါစက
ကျွန်မအသက်က ၁၅ နှစ်ပဲ ရှိပါသေးတယ်။ အကြမ်းဖက်အဖွဲ့ အစည်းထဲကို ဝင်သွားတဲ့အကြောင်းရင်းကတော့
အကြမ်းဖက်အဖွဲ့အစည်းက ကျွန်မတို့ရွာကိုလာပြီးတော့ စည်းရုံးရေးဆင်းတယ်။ ဟောပြောပွဲတွေလုပ်တယ်။
တစ်အိမ်တစ်ယောက် မဝင်မနေရတဲ့ ပုံစံမျိုးတွေနဲ့ ကောက်ခံတယ်။ သူတို့တစ်အိမ် တစ်ယောက်မှ
မလိုက်လို့ရှိရင် မိသားစုတွေကို ဒုက္ခပေးမယ်။ အဖေ၊ အမေတွေကို သတ်ပစ်မယ် ဘာညာနဲ့ပြောတော့
ကျွန်မတို့လည်း ကြောက်ပြီးတော့ အဲဒီထဲကိုဝင်သွားတာ ဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကိုရောက်တော့
ကျွန်မတို့ စစ်သင်တန်း သုံးလတက်ရတယ်။ စစ်သင်တန်း သုံးလမှာဆိုရင်လည်း ဆေးဝါးလုံလောက်မှုမရှိဘူး။
အဲဒါကြောင့်မို့လို့ တချို့လူတွေ အဲဒီဒဏ်ကို မခံနိုင်လို့ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်။
ထွက်ပြေးလို့ မိလို့ရှိရင်လည်း သူတို့က သတ်ပစ်တယ်။ ရိုက်နှက်တယ်။ နှိပ်စက်တယ်။ အဲဒါကြောင့်
ကျွန်မတို့လည်း ကြောက်ပြီးတော့ စစ်သင်တန်းကို ပြီးဆုံးအောင်တက်ခဲ့တယ်။ စစ်သင်တန်းပြီးတော့
ကျွန်မတို့တွေ ပြည်သူ့ ဆက်ဆံရေးမှာ တာဝန်ကျတယ်။ ပြည်သူ့ဆက်ဆံရေးကားလမ်းမကြီးမှာ ဂိတ်ကင်းစောင့်ရတယ်။
အခွန်ကောက်ခံတဲ့ပုံစံမျိုးနဲ့ သူတို့က ဆက်ကြေးတွေ ကောက်ခံတယ်။ ဆီပီပါတွေဆိုရင်လည်း
ထက်ဝက်ဈေးတွေနဲ့ ကောက်ခံတယ်။ ဆီပီပါ ထက်ဝက်ဈေးနဲ့ကောက်ခံလို့ တချို့ပြည်သူတွေဆို မပေးနိုင်ဘူး။
မပေးနိုင်တဲ့ ပြည်သူတွေဆိုရင် ဆီပီပါတွေဆွဲချတာတွေ ရှိတယ်။ ပစ္စည်းတွေ ဆွဲယူတာတွေ ရှိတယ်။
အဲဒါကြောင့်မို့ တချို့ပြည်သူတွေ ဆိုရင်လည်း သံသယအနေနဲ့ခေါ်တယ်။ ခေါ်ပြီးတော့ သူတို့တွေက
နှိပ်စက်တယ်။ ရိုက်နှက်တယ်။ လက်သည်း၊ ခြေသည်းခွံတွေကို ခွာတယ်။ ခေါင်းတွေကို ရေနွေးပူတွေနဲ့
လောင်းတယ်။ သူတို့ ပြောတာကျ ပြည်သူသာအမိ ပြည်သူသာအဖဆို၊ သူတို့ လုပ်နေတာတွေနဲ့ သူတို့ပြောနေတာတွေ
က လက်တွေ့မှာတခြားစီပဲ။ ကျွန်မတို့ ရဲဘော်တွေဆိုရင်လည်း တန်းတူတန်းတူဆိုပြီး သူတို့အရာရှိတွေကျတော့
KTV သွားတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ပျော်ပါးတယ်။ သောက်စားတယ်။ K ရှူတယ်။ ရာမတွေသုံးတယ်။
သူတို့ တစ်ည တစ်ညသွားပြီဆို ရာချီထောင်ချီကုန်တယ်။ ရဲဘော်တွေဆိုရင်လည်း မိန်းကလေးတွေကို
အဓမ္မပြုကျင့်တယ်။ ကျွန်မကိုယ်တွေ့ပေါ့။ သင်တန်းသူကောင်မလေးကို ညကြီးအချိန်မတော် စကားပြောချင်တယ်ဆိုပြီး
ခေါ်ပြီးတော့ ကောင်မလေးကို အဓမ္မပြုကျင့်တယ်။ ကောင်မလေးကို လည်း ဘာတာဝန်မှမယူဘဲနဲ့
ကောင်မလေးကိုကျ နယ်ကိုပြန်ပို့တယ်။ ကောင်လေးကို ကျတော့လည်း ဘာပြစ်မှုပြစ်ဒဏ်မှမပေးဘဲနဲ့
ဒီအတိုင်းထားတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့လည်း အဲဒီထဲမှာနေရတာ ကျွန်မတို့ကိုယ်တိုင်
မလုံခြုံဘူးလို့ ထင်တယ်။ ကျွန်မတို့ဘဝကို ဒီထဲမှာနေပြီး အဆုံးရှုံးမခံနိုင်လို့ ကျွန်မတို့ထွက်ပြေးခဲ့တယ်။
ထွက်ပြေးပြီးတော့ ကျွန်မ အလင်းဝင်ဖို့ ကြိုးစားတယ်။ သူတို့က ကျွန်မတို့ကို နားရိုက်သွင်းခဲ့တယ်။
နင်တို့ အဲဒီတပ်မတော်ဘက်ကို အလင်းဝင်လို့ရှိရင် နင်တို့တွေ မိန်းကလေးတွေဆိုရင်လည်း
အဓမ္မပြုကျင့်မှာ၊ ယောက်ျားလေးတွေဆိုရင်လည်း အသက် ၁၈ နှစ်ပြည့်ရင် စစ်မှုထမ်းခေါ်မှာ
ဘာညာနဲ့ ကျွန်မတို့ကိုပြောတော့ ကြောက်တော့ ရှေ့မှာအလင်းဝင်တဲ့ သူငယ်ချင်းကို မေးတယ်။
သူငယ်ချင်းအားလုံး အဆင်ပြေလား။ သူငယ်ချင်းက အဆင်ပြေတယ်။ ဘာမှ စိတ်မပူနဲ့ တပ်မတော်ဘက်ကလည်း
နင်တို့ကို နွေးနွေးထွေးထွေးကြိုဆိုနေတယ်။ ကျွန်မတို့လည်း ဒီက တာဝန်ရှိတဲ့ဗိုလ်ကြီးတွေနဲ့
ဆက်သွယ်ပြီးတော့မှ ကျွန်မတို့ ဒီမှာအလင်းဝင်ခဲ့တယ်။ ဒီမှာရောက်တော့လည်း အားလုံးနွေးနွေးထွေးထွေးကြိုဆိုတယ်။
ကျွန်မတို့ကိုလည်း အစစအရာရာ လုပ်ပေးတယ်။ သူတို့နေသလိုနေရတယ်။ သူတို့စားသလိုစားရတယ်။
ကျွန်မတို့ အမှောင်ထဲကနေ အလင်းကို ပြန်ဝင်လာတာ ကျွန်မတို့အလွန်ကိုမှန်တယ်။ အဲဒါကြောင့်မို့လို့
ဟိုမှာရှိခဲ့တဲ့ သူငယ်ချင်း ညီအစ်ကိုမောင်နှမတွေကိုလည်း အဲဒီထဲမှာနေပြီး ကိုယ့်ဘဝကို
အနစ်မွန်းမခံပါနဲ့၊ တပ်မတော်ဘက်ကိုလာပြီး အလင်းဝင်ပါ။ ကျွန်မတို့က ဒီကနေ အလင်းဝင်ပြီး
ပြန်လို့ရှိရင်လည်း ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကောင်းကောင်းမွန်မွန်နဲ့
နေထိုင်ပြီး ကောင်းကောင်းမွန်မွန်နဲ့ လုပ်ကိုင်စားပြီးတော့ ကျွန်မတို့လည်း နောက်နောင်
ဒီလိုအမှားမျိုးကို မကျူးလွန်တော့ပါဘူးလို့ ကတိသစ္စာပြုပါတယ်။
သတင်းစဉ်

















No comments:
Post a Comment