ရန်ကုန် စက်တင်ဘာ ၂၄
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာလိဂ်တို့က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA pay တို့က အဓိကပံ့ပိုးကူညီသည့် ၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) နောက်ဆုံးနေ့ကို စက်တင်ဘာ ၂၄ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ဂိုးပြတ် အနိုင်ရခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက
ဧရာဝတီယူနိုက်တက်အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဧရာဝတီကို
ဂိုးမိုးရွာပြီး ဇယားထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်းကို ဆက်လက်ဖိအားပေးလျက်ရှိသည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက်
အနိုင်ဂိုးများကို ကျော်ညီညီက ၁၅၊ ၆၅၊ ၉၀ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်အနိုင်ဂိုးများကို
၁၆၊ ၇၁ မိနစ်တွင် လမင်းပြည့်စုံ၊ ၂၆ မိနစ်တွင် ဇွဲခန့်အောင်၊ ၃၂ မိနစ်တွင် ဇေထက်အောင်၊
၅၅ မိနစ်တွင် ခွန်းချိုထူးတို့က သွင်းယူသည်။ ယခုပွဲအတွက် AYA Pay Player of the
Match ဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ကျော်ညီညီက ရရှိပြီး အမှတ်တရဆုနှင့်
ဆုကြေးကျပ် နှစ်သိန်းရရှိသည်။
ဗဟန်းကွင်း၌ကျင်းပသည့်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းက
Chinland အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ပိုင်သက်ဦး၏
ဟက်ထရစ်ဖြင့် သုံးမှတ်အပြည့်ရယူနိုင်ခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို
သက်ပိုင်ဦးက ၄၊ ၃၀၊ ၄၅+၁ မိနစ်တွင် သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of
the Match ဆုကို ဟက်ထရစ်သွင်းယူခဲ့သည့် သက်ပိုင်ဦးကရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးကျပ်
နှစ်သိန်းရရှိသည်။
ပွဲစဉ် (၁၆) အပြီးတွင် အား/ကာသိပ္ပံအသင်းက
၄၁ မှတ်ဖြင့် ဦးဆောင်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းက ၃၆ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းနှင့်
ရှမ်းယူနိုက်တက်အသင်းက ၂၉ မှတ်စီ၊ ရတနာပုံအသင်းက ၂၈ မှတ်၊ သစ္စာအားမာန်အသင်းက ၂၆ မှတ်၊
ရန်ကုန်စီးတီးအသင်းက ၂၄ မှတ်၊ Falcon အသင်းက ၂၃ မှတ်၊ Galaxy အသင်းက ၂၂ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက
၁၆ မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ၁၄ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၃ မှတ်၊ မြဝတီအသင်းက
ခြောက်မှတ်၊ Chinland အသင်းက လေးမှတ် ရရှိထားသည်။

No comments:
Post a Comment