နေပြည်တော် စက်တင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် သိမ်ကုန်း-ကြံခင်းမြောင်လမ်း နှစ်မိုင်အနက်တစ်မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းပြီး ကျန်တစ်မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးသွားပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးကို များစွာအထောက်အကူပြုမည်ဖြစ်ပြီး ယနေ့တွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့်အဖွဲ့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆောင်ရွက်ပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၁၀ မိုင် ၅ ဖာလုံ၊ အမာခံဖြုန်း လမ်း ၃ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပြုပြင် ထိန်းသိမ်းခြင်း ၄ ဖာလုံ၊ ကျောက်လမ်း ၄ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၅ မိုင် ၄ ဒသမ ၁ ဖာလုံ၊ ကွန်ကရစ်တံတား ၁၀ စင်း၊ Box Culvert ၁၈ စင်း၊ ကွန်ကရစ်ရေပြွန် ငါးစင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း နှစ်ဖာလုံ၊ ကျောက်စီရေမြောင်းလုပ်ငန်း ပေ ၁၅၀၊ မြေထိန်းနံရံ ပေ ၂၀၀၊ ဆိုလာမီးတပ်ဆင်ခြင်း ၉၆၅ စုံ၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်း လုပ်ငန်းငါးခုနှင့် ဦးစီးဌာနလုပ်ငန်း ၁၂ ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment