နေပြည်တော် စက်တင်ဘာ၂၃
(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ခရီး သွားလာရေးပြခန်း (23rd China-ASEAN Expo Tourism Exhibi-tion Area) ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့ရှိ ကွေ့လင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲဗဟိုဌာန၌ စက်တင်ဘာ ၁၉ ရက်မှ စက်တင်ဘာ ၂၁ ရက်အထိ ပြသခဲ့ရာ မြန်မာနိုင်ငံယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲ ခရီးသွားလာရေးပြခန်းတွင် အာဆီယံအဖွဲ့ဝင်(၁၁)နိုင်ငံ အပါအဝင် အခြားနိုင်ငံတကာမှ (၈) နိုင်ငံတို့က သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုပြခန်းများ ၊ တရုတ်ပြည်မကြီးနှင့် ပြည်နယ်များမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ ခရီးသွားလုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများနှင့် ဒေသထွက်ကုန်လုပ်ငန်းများမှ ကုမ္ပဏီပေါင်း ၁၃၅၀ နှင့် ပြပွဲ ပြခန်းပေါင်း ၁၇၂၀ ပါဝင်ပြသခဲ့သည်။
စက်တင်ဘာ ၁၉ ရက်တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကွေ့လင်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန၌ ကွမ်ရှီးပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အိမ်နီးချင်းကောင်း ပေါက်ဖော်ဆက်ဆံရေးကို အခြေခံ၍ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ ခရီးသွားလာမှုများ အဆင်ပြေချောမွေ့စေရေး၊ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲနိုင်ရေး၊ ခရီးသွားကဏ္ဍ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအစီအစဉ်များနှင့် ခရီးစဉ်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရအချင်းချင်းနှင့် လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ China-ASEAN Tourism Exhibition Area သို့ သွားရောက်၍ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲခရီးသွားလာရေးပြခန်းဖွင့်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယခုကျင်းပသည့် ပြပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းကို ပါဝင်ခင်းကျင်းပြသ လျက်ရှိပါကြောင်း၊ အဆိုပါပြခန်းမှတစ်ဆင့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများ၊ သဘာဝအခြေခံ ခရီးစဉ်ဒေသများ၊ ဆန်းသစ်သော ခရီးသွားအတွေ့အကြုံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို ပြပွဲသို့ လာရောက်ကြသည့် တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် မီဒီယာကိုယ်စားလှယ်များထံသို့ တိုက်ရိုက်လက်ကမ်းမိတ်ဆက်ပြသခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး ပြခန်းအတွင်း မြန်မာ့ခရီးသွားကုမ္ပဏီများက တရုတ်နိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားအေဂျင်စီများနှင့် စီးပွားရေးလုပ်ငန်းချင်း ချိတ်ဆက်ဆွေးနွေးနေမှုကို ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ကွေ့လင်မြို့၏ အထင်ကရနေရာများ ဖြစ်သည့် ဆင်နှာမောင်းတောင် ပန်းခြံနှင့် ကွေ့ဟိုင်းကျောက်စာတိုင် ပြတိုက်တို့ကို လေ့လာခဲ့ပြီး စက်တင်ဘာ ၂၀ ရက်တွင် ကွေ့လင်မြို့နှင့် ရန်ရှော့မြို့တို့ကို ဆက်သွယ်ထားသည့် လီကျန်းမြစ်တစ်လျှောက် မြစ်တွင်းအပျော်စီးသင်္ဘောဖြင့် ကြည့်ရှုလေ့လာခဲ့သည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး နိုင်ငံတကာခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစိတ်ချစွာ လည်ပတ်သွားလာနိုင်သည့် သာယာလှပသော ခရီးစဉ်ဒေသတစ်ခုဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ကွေ့လင်မြို့၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ခရီးစဉ်ဒေသများ စီမံခန့်ခွဲမှုစနစ်များနှင့် ခရီးသွားဧည့်သည်များအတွက် ဝန်ဆောင်မှုပေးသည့် နည်းလမ်းများကို ကွင်းဆင်းလေ့လာခွင့်ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရေးတို့အတွက် အဖိုးတန်သည့် လက်တွေ့အတွေ့အကြုံ ကောင်းများ ရရှိခဲ့သည့်အပြင်ပြပွဲ၌ ပါဝင်ပြသခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မဟာဗျူဟာမြောက် ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ်ရာတွင် အထောက်အကူပြုမည့် အတွေ့အကြုံနှင့် အကြံဉာဏ်ကောင်းများ ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment