တိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
မန္တလေး စက်တင်ဘာ
၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်သဘင်ဆောင်၌ တွေ့ဆုံသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့်
လွှတ်တော်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များသည် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ
ကဏ္ဍအသီးသီးကို သီးခြားစီ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လွှတ်တော်များပင်ဖြစ်ပါကြောင်း၊
ဥပဒေပြုရေးမဏ္ဍိုင် စနစ်တကျ ခိုင်မာအားကောင်းစေရေးနှင့် လွှတ်တော်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးတို့ကို
လွှတ်တော်များအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကဏ္ဍ
မြင့်မားတိုးတက်စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေများကို ကျကျနနသိရှိအောင်
လေ့လာဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက်
လွှတ်တော်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း ငါးနှစ်စီမံချက် ရေးဆွဲချမှတ်ထားရှိပြီးဖြစ်ပါကြောင်း၊
ယင်းစီမံချက်ပါ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးကိုလည်း အဆင့်လိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၏ လုပ်ငန်းစဉ်များနှင့် လွှတ်တော်၏
အနှစ်သာရများကို ကောင်းစွာသိရှိ နားလည်သဘောပေါက်ရန်လိုအပ်ပါကြောင်း။
လွှတ်တော်များ၏တာဝန်သည်
ဥပဒေပြုရေးနှင့် ပြည်သူကို ကိုယ်စားပြုရေးသည် အဓိကဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ကျင့်သုံးသည့်
လွှတ်တော်များတွင် လွှတ်တော်နှစ်ရပ်စနစ် (Bicameral) နှင့် လွှတ်တော်တစ်ရပ်စနစ် (Unicameral)
ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ
လွှတ်တော်နှစ်ရပ်စနစ်ကို ကျင့်သုံးဆောင်ရွက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီတွင်
လွှတ်တော်တစ်ရပ်စီ ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒများကို
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည်
အနီးကပ်ဆုံး ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည့် အရေးကြီးသည့် လွှတ်တော်ဖြစ်ပါကြောင်း၊
လွှတ်တော်ဆိုသည်မှာ ပြည်သူ့အသံ ပြည်သူ့ဆန္ဒကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရသည့်
နေရာဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံ ဖော်ဆောင်သည့်အနေဖြင့်
လွှတ်တော်သို့ မေးခွန်းများ အဆိုများတင်သွင်းသည့် အခါတွင် စာအရေးအသား၊ စကားရပ်အသုံးအနှုန်းများနှင့်ပတ်သက်၍
နိုင်ငံတော်က အသိအမှတ်ပြု သုံးစွဲလျက်ရှိသည့် တရားဝင်အသုံးအနှုန်းများဖြင့်သာ သတိပြုရေးသားပြောဆို
ဆွေးနွေးကြရမည်ဖြစ်ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များသည်
ပြည်သူများက စိတ်ကြိုက်ရွေးချယ်ပေးလိုက်သည့် သူများဖြစ်သည့်အတွက် ပြည်သူများ၏ လိုအပ်ချက်များကို
စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လွှတ်တော်ကဏ္ဍ ခိုင်မာအားကောင်းစေရေးအတွက်
ကော်မတီများသည်လည်း အရေးကြီးပါကြောင်း၊ ကော်မတီများအနေဖြင့် ဥပဒေပြုရေးနှင့် အခြားလုပ်ငန်းစဉ်များတွင်
ပိုမိုကျယ်ပြန့်စွာ တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် တတ်သိပညာရှင်များ၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ
ပညာရှင်များနှင့် လက်တွေ့ဆောင်ရွက်နေသူများကို ဖိတ်ခေါ်၍ အဖွဲ့များဖွဲ့ကာ လွှတ်တော်လုပ်ငန်းများ
ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်အစည်းအဝေးခန်းမသည်
လွှတ်တော်၏ မျက်နှာစာဖြစ်သကဲ့သို့ လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီများသည်လည်း လွှတ်တော်၏
အသည်းနှလုံးဖြစ်သည်ဆိုသော ဆိုရိုးစကားအတိုင်း အဓိကကျသည့်မဏ္ဍိုင်များဖြစ်ပြီး လွှတ်တော်ငယ်များဟု
တင်စားနိုင်ပါကြောင်း။
ကော်မတီများအနေဖြင့်
မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
လိုအပ်လျက်ရှိသည့် ဥပဒေများကို လေ့လာဆန်းစစ်သုံးသပ် ဆောင်ရွက်သွားကြရာတွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ
ပညာရှင်များ၊ လက်တွေ့ဆောင်ရွက်နေကြသူများကို ဖိတ်ခေါ်ကာ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်
ဥပဒေဆိုင်ရာ အခက်အခဲများ၊ အကြံပြုချက်များကို လေ့လာသုံးသပ်ပြီး လွှတ်တော်ကို ပိုမိုခိုင်မာအားကောင်းအောင်
ပံ့ပိုးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ယူစဉ်ကာလအတွင်း လွှတ်တော်ကဏ္ဍ
ပိုမိုမြင့်မားတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကို
လူထုလူတန်းစားအသီးသီးက ပိုမိုသိရှိစေရေးနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များကို မျက်မြင်ကိုယ်တွေ့
ထိတွေ့နိုင်ရေးအတွက် လွှတ်တော်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားဆောင်ရွက်ခြင်းနည်းလမ်းများ၊
အွန်လိုင်းမီဒီယာ၊ Printed Media နည်းလမ်းများကို အသုံးပြု၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
လွှတ်တော်ကို ပြည်သူများ ပိုမိုသိရှိနိုင်ရန်နှင့် လွှတ်တော်၏ လုပ်ဆောင်ချက်များ မြင်သာထင်သာရှိအောင်
ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့တိုင်းဒေသကြီးအတွင်းရှိသည့်
တက္ကသိုလ်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများကို ဖိတ်ကြားပြီး လွှတ်တော်လေ့လာရေးကို
ဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ လွှတ်တော်၏ လုပ်ဆောင်ချက်များကို အချိန်နှင့်တစ်ပြေးညီ
သိရှိနိုင်ရန်အတွက်လည်း လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် သတင်းပြန်ကြားရေးအဖွဲ့များ
ဖွဲ့စည်းဆောင်ရွက်ခြင်း၊ လွှတ်တော် Website များ တည်ထောင်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာများ
ဖွင့်လှစ်၍ ပြည်သူကို အချိန်နှင့်တစ်ပြေးညီ သိမြင်စေရေး ဆောင်ရွက်သွားကြစေလိုကြောင်း။
လွှတ်တော်ကဏ္ဍ
မြင့်မားတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ပိုမိုအထောက်အကူပြုနိုင်စေရန်အတွက် နိုင်ငံတကာလွှတ်တော်များကဲ့သို့
Open Parliament ၊ Mock Parliament ၊ Public Hearings ၊ Online Petition Committee
ကဲ့သို့သော ပါလီမန်ဆိုင်ရာ အလေ့အထများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး
ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် စွမ်းရည်မြှင့်တင်ရေးသာမက
ဥပဒေပြုရေး ဆောင်ရွက်သည့်အခါတွင် ပိုမိုအထောက်အကူပြုစေရန် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊
Seminar များ၊ Talk Show များ ပြုလုပ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့်
လွှတ်တော်၏ အရည်အသွေးများ ပိုမိုမြင့်မားအောင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်
အာဆီယံပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့- AIPO စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး
ယခုအာဆီယံပါလီမန်များညီလာခံ-AIPA တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိပါကြောင်း၊ အလားတူပင်
နိုင်ငံတကာပါလီမန်များအဖွဲ့-IPU တွင်လည်း အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိပါကြောင်း၊ နိုင်ငံတကာစာမျက်နှာနှင့်
အာဆီယံပါလီမန်များညီလာခံ၊ နိုင်ငံတကာပါလီမန်များအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး
တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
လွှတ်တော်သည် နိုင်ငံတော်၏
အရေးပါဆုံး အမျိုးသားအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် လွှတ်တော်၏ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်
လွှတ်တော်သည် နိုင်ငံတော်နှင့် ပြည်သူက ပိုမိုယုံကြည်အားကိုးအားထားပြုနိုင်အောင် ကြိုးစားသွားကြပါစေလိုကြောင်း
တိုက်တွန်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပခဲ့မှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို
ရှင်းလင်းတင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည်
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင်
ဖွဲ့စည်းထားသည့် ရေးရာကော်မတီများ၏ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံရာ
ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတူ
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့်
ဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
သတင်းစဉ်

No comments:
Post a Comment