Sunday, September 6, 2026

ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်နိုင်မည့် သတ္တမမြောက်ခရီးစဉ်

 



ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အား စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်သမ္မတနှင့်ဇနီးတို့က အမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။

နိုင်ငံတော်သမ္မတ၏ ယခုခရီးစဉ်သည် အာဆီယံနိုင်ငံများအနက် တတိယမြောက်နိုင်ငံအဖြစ် သွားရောက်ခြင်းဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်တို့အကြား သံတမန်ဆက်ဆံရေးသည် ၁၉၇၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သက်တမ်းအားဖြင့် ရွှေရတုကိုကျော်လွန်၍ ၅၁ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသတွင်း နိုင်ငံများဖြစ်ကြပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်ကြသကဲ့သို့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများအားဖြင့်လည်း များစွာနီးစပ်တူညီကြသည်။ မြန်မာနှင့်ဗီယက်နမ် နှစ်နိုင်ငံလုံးသည် နယ်ချဲ့တို့၏လက်အောက်သို့ ကျရောက်ခဲ့ရပြီး ကိုလိုနီနိုင်ငံများ ဖြစ်ခဲ့ကြရသလို လွတ်လပ်ရေးရရှိရန်အတွက်လည်း ရုန်းကန်ကြိုးပမ်းခဲ့ကြရသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၆ နှစ်အကြာ ၁၉၅၄ ခုနှစ်တွင် ထိုစဉ်က မြန်မာနိုင်ငံ၏ဝန်ကြီးချုပ် ဦးနုသည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းသည် ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးအုတ်မြစ်ချနိုင်ခဲ့သည်။ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဆွေကောင်းဆက်ဆံရေးသည် တစ်သမတ်တည်း တည်တံ့ခိုင်မြဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး (Comprehen-sive Cooperative Partnership) ကို တည်ထောင်ခြင်းဖြင့် ကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့ရာ လာမည့်နှစ်တွင် ဆယ်စုနှစ်တစ်ခု ပြည့်မြောက်တော့မည်ဖြစ်သည်။

မြန်မာ-ဗီယက်နမ် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အာဆီယံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဗီယက်နမ်နှင့် ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်းနှင့် မြန်မာနိုင်ငံ၏ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အာရှတို့ကို ပေါင်းကူးဆက်သွယ်ပေးနိုင်သည့် အရေးပါသည့်ပထဝီအနေအထားတို့ကို ပြောကြားကာ “အာရှအဝေးပြေးလမ်းမကြီးကွန်ရက်နှင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံတို့ကို ထိရောက်စွာအသုံးချပြီး တည်ငြိမ်လုံခြုံသည့် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရေး ဗီယက်နမ်၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း၊ အထူးသဖြင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ပိုမိုအားကောင်းလာစေရေး လမ်းပန်းဆက်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍတို့တွင် သုံးနိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း၊ မြန်မာ-လာအို-ဗီယက်နမ်၊ မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် စသည့်လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ပြီး မြန်မာနိုင်ငံနှင့် ချိတ်ဆက်နိုင်မည်ဆိုပါက ဒေသတွင်း ကုန်သွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါလမ်းနှင့်ချိတ်ဆက်၍ ဗီယက်နမ်နိုင်ငံမှ လာအိုနှင့် မြန်မာနိုင်ငံမှတစ်ဆင့် အိန္ဒိယအပါအဝင် တောင်အာရှနှင့် အနောက်ဘက်ဈေးကွက်များသို့ ဝင်ရောက်နိုင်သကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း လာအိုနှင့် ဗီယက်နမ်မှတစ်ဆင့် အရှေ့အာရှဈေးကွက်များသို့ လွယ်ကူစွာချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံသည် Act East Policy ကို ကျင့်သုံးလျက်ရှိသည့် အိန္ဒိယနိုင်ငံနှင့် အာဆီယံ ပင်မကုန်းမြေနိုင်ငံများ၊ တရုတ်နိုင်ငံတို့ကို ချိတ်ဆက်ပေးနိုင်သည့်အပြင် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည့် မြန်မာ့ကမ်းရိုးတန်းမှ ရေနက်ဆိပ်ကမ်းများက အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏ အနောက်ဘက်မုခ်ဦးများဖြစ်လာနိုင်သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရက်ပေါင်း ၁၅၀ ခန့် ကာလအတွင်း အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဆွေနိုင်ငံများ၏ ဖိတ်ကြားချက်များအရ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ရာတွင် ဗီယက်နမ်နိုင်ငံသည် သတ္တမမြောက်နိုင်ငံဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်များသည် နှစ်နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ရင်းနှီးချစ်ကြည်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်ဖက်အကျိုးစီးပွားများ မြှင့်တင်ရေးတို့အတွက် များစွာအရေးပါသည့် ခရီးစဉ်များအဖြစ် သမိုင်းမှတ်တမ်းတင်မည်ဖြစ်သည့်အကြောင်း။

No comments:

Post a Comment