မြန်မာ-ဗီယက်နမ် သံတမန်ဆက်သွယ်မှုကို ၁၉၇၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် တရားဝင်ဆက်ဆံရေးအဖြစ် ထူထောင်ခဲ့သော်လည်း နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက အခြေတည်ခဲ့သည်။ ယခုအခါ မြန်မာ-ဗီယက်နမ် သံတမန်ဆက်သွယ်ရေးသည် နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုတိုးတက်ခိုင်မာလာခဲ့သည်။ ခေတ်အဆက်ဆက်တွင် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အပြန်အလှန်သွားရောက်ခဲ့ကြပြီး ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းသည် ၁၉၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။
ယင်းနောက် မြန်မာ-ဗီယက်နမ်
နှစ်နိုင်ငံအကြား နှစ်နိုင်ငံခေါင်းဆောင်များ ရင်းရင်းနှီးနှီးထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြပြီး
နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး
ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ
သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့
တရားဝင်ခရီးစဉ် (Official Visit) အဖြစ် စက်တင်ဘာလ ၄ ရက်နေ့တွင် သွားရောက်၍ ဗီယက်နမ်နိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ-ဗီယက်နမ်
နှစ်နိုင်ငံအကြားတွင် ရှည်လျားခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့သလို
လက်ရှိတွင် နှစ်နိုင်ငံဆက်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်
တည်ဆောက်လျက်ရှိသည်။ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို
မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၌ အသုံးပြုဆောင်ရွက်လျက်ရှိသော Mytel
ဆက်သွယ်ရေးလုပ်ငန်းကို နိုင်ငံတော်သမ္မတကြီးက ရွေးချယ်အမည်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင်
Mytel ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့်အပြင် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီဂျစ်တယ်လမ်းပန်းဆက်သွယ်ရေး၊ ဒီဂျစ်တယ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၌
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာအထူးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် မြှင့်တင်ဆောင်ရွက်နိုင်မည့်
အလားအလာများစွာရှိနေသည်။
မြန်မာနိုင်ငံနှင့်
ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အပြင် ကမ္ဘောဒီးယား-မြန်မာ-လာအို-ဗီယက်နမ်
လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု CLMV အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး GMS ဟုခေါ်ဆိုသည့်
မဟာမဲခေါင်ဒေသခွဲ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ
(အက်မက်စ်) ACMECS အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊
ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့်ယဉ်ကျေးမှု စသည့်ကဏ္ဍပေါင်းစုံတွင်
ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ၁၀ ခုမြောက် ကုန်သွယ်မှုအကြီးမားဆုံး
မိတ်ဖက်နိုင်ငံဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ
တစ်ဘီလီယံကျော်ရှိခဲ့သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ခုနစ်ခုမြောက်
အကြီးဆုံးပြည်ပရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရပ်တည်နေပြီး စီမံကိန်း ၂၀ ဝန်းကျင်တွင်
အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံတွင် စတုတ္ထမြောက်
အော်ပရေတာဖြစ်သည့် Mytel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတို့ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့်ဗီယက်နမ်
နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်ကို ရက်ပေါင်း ၃၀ ထားရှိပြီး နှစ်နိုင်ငံဆက်ဆံရေးကို
မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာ-ဗီယက်နမ် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို
ထူထောင်ထားပြီး ၂၀၂၇ ခုနှစ်တွင် (၁၀) နှစ်ပြည့်မြောက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်
(အက်မက်စ်) ACMECS အဖွဲ့တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသလို ဗီယက်နမ်နိုင်ငံအနေဖြင့်လည်း
CLMV အဖွဲ့တွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိရာ နှစ်နိုင်ငံအကြား ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု
မူဘောင်များအောက်တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည်
ဗီယက်နမ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်လျက်ရှိပြီး
မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်
ဆောင်ရွက်လျက်ရှိရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို
အပြုသဘောဆောင်ကြိုဆိုပြီး မိတ်ကောင်း၊ ဆွေကောင်းအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ
နိုင်ငံတော်သမ္မတကြီး၏ ဗီယက်နမ်နိုင်ငံခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:
Post a Comment