ဒေါက်တာငယ်လေး
လူမှုဖူလုံရေးအက်ဥပဒေကို ၁၉၅၄ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ၁-၁-၁၉၅၆ ရက်နေ့တွင် လူမှုဖူလုံရေးစီမံကိန်းကို ရန်ကုန်မြို့၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိပကတိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသော အကျိုးခံစားခွင့်များပေးအပ်နိုင်ရန် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး ၁-၄-၂၀၁၄ ရက်နေ့တွင် စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေပါအာမခံစနစ် ၆ မျိုးအနက် လက်ရှိတွင် အာမခံစနစ် ၃ မျိုးဖြစ်သည့်
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်နှင့်
မိသားစုထောက်ပံ့မှုအာမခံစနစ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်
အာမခံစနစ်များတွင် အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးပါဆုံးဖြစ်သည့်အပြင်
အာမခံအလုပ်သမားများ၏ ယုံကြည်အားကိုးမှုမှာလည်း ယင်းကျန်းမာရေးစောင့်ရှောက်ခြင်းဆိုင်ရာ
ဝန်ဆောင်မှုကောင်းမွန်ခြင်းအပေါ် အဓိကမူတည်နေသည်ကို တွေ့ရှိရပါသည်။ ကျန်းမာရေးနှင့်
လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်သမားတစ်ဦးချင်း၏ တစ်လလုပ်ခဝင်ငွေအပေါ်မူတည်၍
အလုပ်ရှင်မှ ၂ ရာခိုင်နှုန်း၊ အလုပ်သမားမှ ၂ ရာခိုင်နှုန်းနှင့် အလုပ်တွင် ထိခိုက်မှု
အကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်သမားမှ ထည့်ဝင်ကြေးပေးသွင်းရန်မလိုဘဲ အလုပ်ရှင်ကသာ
၁ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သဖြင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်း၊ အလုပ်သမားမှ
၂ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်းကို အလုပ်သမားတစ်ဦးအတွက် ပေးသွင်းရပါသည်။
မိသားစုထောက်ပံ့မှုအာမခံစနစ်အတွက် အလုပ်ရှင်၊ အလုပ်သမားမှ ထည့်ဝင်ကြေးပေးသွင်းရန်မလိုဘဲ
အကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ရရှိခံစားစေလျက်ရှိပါသည်။
ကျန်းမာရေးစောင့်ရှောက်မှု
အာမခံစနစ်
လူမှုဖူလုံရေးစီမံကိန်းတွင်
အကျိုးခံစားခွင့်တစ်ခုဖြစ်သော အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို လူမှုဖူလုံရေးအဖွဲ့ပိုင်
အလုပ်သမားဆေးရုံကြီး ၃ ရုံ (ရန်ကုန်၊ မန္တလေး၊ ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း
၉၆ ခန်း၊ ဌာနကြီးဆေးခန်း ၆၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၇၂ ခန်း၊
မီးဖွားခြင်းဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းနှင့် ရွေ့လျားဆေးကုသယာဉ်လေးစီးတို့ဖြင့်
လူမှုဖူလုံရေးနည်းဥပဒေ ၆၈ ၊ ၇၃ တို့နှင့်အညီ ဆေးကုသမှုခံယူခွင့်များကို ပေးအပ်လျက်ရှိပါသည်။
ဌာနကြီးဆေးခန်းဖွင့်လှစ်ဆောင်ရွက်ခြင်း
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
အလုပ်သမားဦးရေ ၅၀၀ နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ဌာနများတွင် လူမှုဖူလုံရေးအဖွဲ့၏ ဌာနကြီးဆေးခန်းဆိုင်ရာ
ညွှန်ကြားချက်များနှင့်ကိုက်ညီသော ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ ဆေးဝါးနှင့်ဆေးပစ္စည်းများအား
လိုအပ်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ပေးခြင်းဖြင့် လူမှုဖူလုံရေးအကျုံးဝင်
အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရေးနှင့်
အာမခံအလုပ်သမားများ အချိန်ကုန်သက်သာ၍ အဆင်ပြေစွာ ဆေးကုသမှုခံယူနိုင်စေရေး ရည်ရွယ်၍
ဌာနကြီးဆေးခန်းများအနေဖြင့် စာချုပ်ချုပ်ဆို၍ ဆေးဝါးထောက်ပံ့ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ
၆၇ (ခ)နှင့် (ဂ) တို့အရ “အာမခံထားသူအများအပြားရှိပြီး သတ်မှတ်ထားသည့် ဦးရေနှင့်အထက်ရှိသော
လုပ်ငန်းဌာနများတွင် လုပ်သားအင်အား အချိုးအစားအလိုက် ဆေးခန်းများဖွင့်လှစ်ဆောင်ရွက်ပေးပြီး
လိုအပ်သောဆေးဝါးပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ ထောက်ပံ့ရမည်” ဟု ပါရှိခြင်း၊
လူမှုဖူလုံရေးဥပဒေ ၆၈ (င) အရ “ဌာနဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများ၏ တာဝန်ရှိသူများနှင့်
သဘောတူစာချုပ်များချုပ်ဆို၍ သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း”
ဟု ပါရှိခြင်းတို့ကြောင့် ဌာနကြီးဆေးခန်းအဖြစ် သတ်မှတ်ပြီး ဆေးဝါးထောက်ပံ့နိုင်ရေးအတွက်
ညွှန်ကြားချက်အမှတ် (၅/ ၂၀၁၈) နှင့် (၆/ ၂၀၂၆) များ ထုတ်ပြန်၍ ဆေးဝါးများကို တစ်နှစ်လျှင်
၂ ကြိမ်၊ တစ်ကြိမ်လျှင် ထည့်ဝင်ကြေးငွေ ၄၀ ရာခိုင်နှုန်း၏ တစ်ဝက်ဖြစ်သော ၂၀ ရာခိုင်နှုန်း
တန်ဖိုးငွေနှင့်ညီမျှသော ဆေးဝါးများကို ထောက်ပံ့ပေးလျက်ရှိပါသည်။
ဌာနကြီးဆေးခန်းများသို့
ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိရာတွင် အခြေခံကျသော ဆေးဝါးများနှင့် အဖြစ်များသည့် ဆီးချိုရောဂါ၊
သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါများအတွက် ဆေးဝါးများထောက်ပံ့ပေးလျက်ရှိသဖြင့်
အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် အချိန်ကုန်သက်သာ၍ အဆင်ပြေစွာ ကျန်းမာရေးစောင့်ရှောက်မှုကို
တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ပုဂ္ဂလိကနှင့်
ပူးပေါင်းဆောင်ရွက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း
လူမှုဖူလုံရေးအဖွဲ့ပိုင်
မြို့နယ်လူမှုဖူလုံရေးဆေးခန်းများမှာ အစိုးရရုံးဖွင့်ရက်နှင့် ရုံးချိန်များအတိုင်းဖွင့်လှစ်၍
ဝန်ဆောင်မှုပေးခြင်း၊ အလုပ်သမားဆေးရုံကြီးများကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်
ဖွင့်လှစ်နိုင်မှုမရှိခြင်းတို့ကြောင့် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု
ပိုမိုလက်လှမ်းမီစေရန် ၂၀၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေ ၆၈ (င)အရ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့်
သဘောတူစာချုပ်ချုပ်ဆို၍ သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုများကို
ဆောင်ရွက်ပေးလျက်ရှိပါသည်။
လက်ရှိတွင် အလုပ်သမားများ၏
ကျန်းမာရေးဝန်ဆောင်မှု ပိုမိုလွယ်ကူစေရန်နှင့် လွှမ်းခြုံမှုရှိစေရန် ရန်ကုန်တိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး၊ ဧရာဝတီ၊ မကွေးတိုင်းဒေသကြီးနှင့်
ကချင်ပြည်နယ်တို့တွင် စာချုပ်ဆေးခန်း ၇၂ ခန်းတို့နှင့် စာချုပ်ချုပ်ဆိုပြီး ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် အလုပ်သမားဆေးရုံကြီးများ၊
စာချုပ်ဆေးခန်းများတွင် ဆရာဝန်များညွှန်းဆိုသော ဆေးဝါးများကို လူမှုဖူလုံရေးအဖွဲ့တွင်
တင်ဒါအောင်မြင်သော စာချုပ်ဆေးဆိုင်ကို ကောင်တာဖွင့်လှစ်စေ၍ ဆေးဝါးများကို ထုတ်ယူစေကာ
လူမှုဖူလုံရေးအဖွဲ့မှ ငွေပြန်လည်ပေးချေသည့်စနစ်ကို အကောင်အထည်ဖော်ခဲ့ပါသည်။ နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီးများနှင့်
တပ်မတော်ဆေးရုံကြီးတို့တွင် ဆေးကုသခဲ့သော အာမခံအလုပ်သမားများက စိုက်ထုတ်ဝယ်ယူခဲ့သော
ဆေးဖိုးကုန်ကျစရိတ်များကို လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး
ဆေးဖိုးပြန်လည်ပေးအမ်းခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများနှင့်
စနစ်တကျပေးအမ်းလျက်ရှိပါသည်။
ရွေ့လျားဆေးကုသယာဉ်ဖြင့်
ကွင်းဆင်းဆေးကုသခြင်း
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးကွာသော စက်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများ
ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် ရည်ရွယ်၍ ပုဂ္ဂလိကဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတို့ဖြင့်
စာချုပ်ချုပ်ဆို၍ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ခရီးစဉ်များရေးဆွဲ၍ စက်ရုံ၊ အလုပ်ဌာနအရောက်
ကွင်းဆင်းဆေးကုသမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရွေ့လျားဆေးကုသယာဉ်လေးစီးဖြင့်
ဆေးကုသပေးခြင်း၊ သွေးစစ်ပေးခြင်း၊ နှလုံး ECG ဆွဲခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းတို့ကို
ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အာမခံအလုပ်သမား လူနာဦးရေ ၁၃၆၁၃၀ နှင့်
၄/ ၂၀၂၆ လမှ ၇/ ၂၀၂၆ လအထိ အာမခံအလုပ်သမားလူနာဦးရေ ၅၈၂၈၅ ဦးတို့အား စက်ရုံ၊ အလုပ်ဌာနအရောက်
ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
လူမှုဖူလုံရေးအဖွဲ့၏
ကျန်းမာရေးစောင့်ရှောက်မှုများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်အတွင်း လူနာနှင့် ပြင်ပလူနာကုသမှုများအတွက်
ပြသသည့်အကြိမ်ရေ ၁၆၉၇၃၅၉ ကြိမ်၊ ၄/ ၂၀၂၆ လမှ ၇/၂၀၂၆ လထိ ပြသသည့်အကြိမ်ရေ ၆၁၄၂၉၆ ကြိမ်တို့အား
ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြင်ပမှဝယ်ယူရသည့်
ဆေးဝါးများအတွက် အာမခံအလုပ်သမားများက ဆေးဖိုးကုန်ကျငွေ တင်ပြတောင်းခံသည့် အကြိမ်ရေ
၉၁၃၉၇ အတွက် ကျပ်သန်း ၁၁၄၂၅ ဒသမ ၂၁၃ ကျပ်နှင့် ၄/ ၂၀၂၆ လမှ ၇/ ၂၀၂၆ လထိ ဆေးဖိုးကုန်ကျငွေ
တင်ပြတောင်းခံသည့် အကြိမ်ရေ ၁၅၄၉၇ အတွက် ကျပ်သန်း ၁၉၁၇ ဒသမ ၂၁၂ ကျပ်ကို ပေးအပ်ခဲ့ပါသည်။
မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှု ငါးမျိုးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၃၂၇
ဒသမ ၄၀၁၊ ၄/ ၂၀၂၆ လမှ ၇/ ၂၀၂၆ လထိ ကျပ်သန်း ၂၆၉ ဒသမ ၉၉၄ အား ပေးအပ်ခဲ့ပါသည်။
အာမခံထားသူတစ်ဦးအနေဖြင့်
ကျန်းမာရေးစောင့်ရှောက်မှုကို အဖွဲ့ပိုင်အလုပ်သမားဆေးရုံကြီးများတွင် အတွင်းလူနာ၊ ပြင်ပလူနာအဖြစ်
ဆေးကုသမှုခံယူနိုင်ခြင်း၊ ဆေးရုံကြီး ပြင်ပလူနာဌာနတွင် ဖွင့်လှစ်ထားသော လူမှုဖူလုံရေးအဖွဲ့နှင့်
စာချုပ်ချုပ်ဆိုဆောင်ရွက်လျက်ရှိသည့် ဆေးဆိုင်ကောင်တာမှ ဆေးဝါးများထုတ်ယူရရှိခြင်း၊
လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသော နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဌာနကြီးဆေးခန်းများ
ဖွင့်လှစ်ထားသည့် အလုပ်ဌာနများတွင် လုပ်ကိုင်ပါက ဌာနကြီးဆေးခန်းများမှ ဆေးဝါးများထောက်ပံ့ရရှိခြင်း၊
စာချုပ်ဆေးခန်းများတွင် သွားရောက်ပြသ၍ ဆေးဆိုင်ကောင်တာမှ ဆေးဝါးရယူခြင်း၊ ရွေ့လျားဆေးကုသယာဉ်ဖြင့်
အလုပ်ဌာနများအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သည့်အခါ ဆေးဝါးများရရှိနိုင်ပါသည်။
၎င်းအပြင် နိုင်ငံပိုင်ပြည်သူ့ဆေးရုံကြီးများ၊ တပ်မတော်ဆေးရုံကြီးများတွင် ပြသပြီး
ကုန်ကျခဲ့သည့်ဆေးဖိုးကုန်ကျငွေများ တောင်းခံလာပါက သတ်မှတ်ချက်များနှင့်အညီ စိစစ်လျက်
ပြန်လည်ပေးအမ်းလျက်ရှိပါသည်။
သို့ဖြစ်၍ လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
အာမခံအလုပ်သမားတစ်ဦးအား ရှုထောင့်ပေါင်းစုံမှ ပေးအပ်လျက်ရှိသည့် ဝန်ဆောင်မှုများအတွက်
ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို ခွင့်ပြုရန်ပုံငွေများနှင့်အညီ ကျခံသုံးစွဲပေးလျက်ရှိပါသည်။
ထို့အပြင် ဆေးသက်သေခံလက်မှတ်ဖြင့် ခွင့်ခံစားပါက ပျက်ကွက်သည့်ရက်များအတွက် ငွေကြေးအကျိုးခံစားခွင့်ကို
ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ လူမှုဖူလုံရေးအဖွဲ့တွင် ထည့်ဝင်ကြေးပေးသွင်းထားပြီး အကျုံးဝင်
အာမခံထားရှိသူများအနေဖြင့် နေမကောင်းမကျန်းမာပါက ဆေးကုသမှု ဝန်ဆောင်မှု ဘက်စုံရရှိခံစားရနိုင်ပါသည်။
စက်ရုံ၊ အလုပ်ဌာနအတွင်း ထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပေါ်ပါက လိုအပ်သော စာရွက်စာတမ်းများနှင့်တကွ လူမှုဖူလုံရေးအဖွဲ့သို့ အကြောင်းကြားပါက စိစစ်ပြီး လုပ်ငန်းခွင်ထိခိုက်မှု၊ ယာယီမသန်စွမ်းမှု၊ အမြဲတမ်းမသန်စွမ်းမှုများကို လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးသဖြင့် အလုပ်ရှင်အတွက်လည်း ကောင်းမွန်သော အာမခံစနစ်တစ်ခုဖြစ်ပါသည်။ အလုပ်သမားများ ကျန်းမာစွာအလုပ်လုပ်နိုင်ခြင်းကြောင့် ထိရောက်သည့် ကုန်ထုတ်စွမ်းအားစုဖြစ်ပေါ်စေခြင်းနှင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်စိတ်တစ်ပိုင်း ပံ့ပိုးဆောင်ရွက်လျက်ရှိသဖြင့် စွမ်းအားပြည့် လုပ်ငန်းလည်ပတ်နိုင်ရေး ကျန်းမာရေးဝန်ဆောင်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသော လူမှုဖူလုံရေးအဖွဲ့ဖြစ်သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ။
No comments:
Post a Comment