နေပြည်တော် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀ ၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ ဆည်မြောင်းတာ အိပဲ့ကျမှုဖြစ်ပွားသည်။ အလားတူ အဆိုပါညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၌ ရေတိုက်စားမှုကြောင့် တာမိုင် ၁၂/၂ နှင့် ၁၂/၃ ကြားရှိ စွန့်ပစ်တာ၌ ယနေ့နံနက်ပိုင်းတွင် အလျားပေ ၁၆၀ ခန့် တာပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တာကိုယ်ထည်တိုက်စားခံရမှုဖြစ်ပေါ်လျက်ရှိသည့်နေရာများ၌ ယာယီကာကွယ်နိုင်ရန်အတွက် ရေလမ်းသောင်တူးလုပ်ငန်းဆောင်ရွက်ခြင်း၊ Floating Structure တည်ဆောက်ခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်း၊ စွန့်ပစ်တာအလျားပေ ၁၆၀ ခန့် ထပ်မံအိပဲ့ပြိုကျသည့်နေရာအား တာခြေထောက်ခြင်း၊ ပန်းတာတည်ဆောက်ခြင်း စသည့် မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ လူအင်အား၊ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင်ယနေ့အထိရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့် ငဝန်ပန်း တာတမံနိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင် တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment