တံခွန်အောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် သမ္မတတာဝန်ထမ်းဆောင်ချိန်မှစ၍ ပြည်ပနိုင်ငံများသို့ (State Visit) (Official Visit) ပြည်ပခရီးစဉ်များကို အဆက်မပြတ်သွားရောက်လျက်ရှိသည်။ သွားရောက်ခဲ့သည့် နိုင်ငံများကိုကြည့်လျှင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကို ကနဦး တွေ့ရမည်။ ဤခြေလှမ်းသည် အာရှသို့ခြေလှမ်းများဖြစ်သည်။ ထပ်မံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို တွေ့မြင်ရမည်။ ဤခြေလှမ်းများသည် အာရှတိုက်နှင့် ဥရောပအစပ်သို့လှမ်းခဲ့သော ခြေလှမ်းများဖြစ်သည်။ နောက်တစ်နိုင်ငံသည် ဘယ်လာရုစ်နိုင်ငံဖြစ်သည်။ ဘယ်လာရုစ်နိုင်ငံသည် အရှေ့ဥရောပတွင်တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ ဤခြေလှမ်းကိုလည်း ဥရောပသို့ခြေတစ်လှမ်းအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
ထပ်မံတွေ့ရသည်မှာ လာအို၊ ထိုင်း၊ ဗီယက်နမ်ဆိုသည့်နိုင်ငံများဖြစ်သည်။ ဤခြေလှမ်းများသည် အာဆီယံဒေသတွင်းသို့လှမ်းခဲ့သော ခြေလှမ်းများဖြစ်သည်။ ယခုလည်း ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြန်ပါသည်။ ဤသည်လည်း အာဆီယံဒေသတွင်းသို့ ခြေတစ်လှမ်းပင်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ၏ ပြည်ပခရီးစဉ်ခြေလှမ်းများကား မိမိနိုင်ငံအတွက်သာမက ဒေသတွင်းတစ်ခုချင်းစီအတွက် မဟာဗျူဟာမြောက်ခြေလှမ်းများဖြစ်ကြောင်း တစ်စတစ်စ ပီပြင်လာသည်ကို တွေ့ရသည်။ ခြေလှမ်းများဖြင့်ခရီးဆက်၍ ချစ်ကြည်ရင်းနှီးမှုများဖြင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ခိုင်မာသည်ထက်ခိုင်မာအောင် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်ကို တွေ့ရသည်။ ခရီးစဉ်တိုင်းတွင် စိတ်ဝင်စားမှုများ များစွာတွေ့ရသည်။ သိထားသမျှ မျှဝေပေးပါမည်။ ကနဦးအတွက် မြန်မာ- ကမ္ဘောဒီးယားခရီးစဉ်ကို လေ့လာကြည့်ကြမည်။
မြန်မာမှသည် ကမ္ဘောဒီးယားနိုင်ငံဆီသို့
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သောခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဒေသစံတော်ချိန်နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် စတင်ထွက်ခွာခဲ့၏။ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်၌ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့၏။ မြန်မာနိုင်ငံမှ စတင်ထွက်ခွာစဉ်နှင့် ကမ္ဘောဒီးယားသို့ ရောက်ရှိချိန်တွင် သွားခဲ့သည့်ပြည်ပခရီးစဉ်များနည်းတူ နှစ်နိုင်ငံအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ဂုဏ်ပြုမှုများအတိုင်း ခမ်းခမ်းနားနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ပထမဆုံးတွေ့ဆုံမှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုကြိုဆို၍ တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော်အကြီးအကဲ၏ နောက်ထပ်တွေ့ဆုံမှုတစ်ခုသည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နှင့် တွေ့ဆုံမှုဖြစ်သည်။ ထပ်မံ၍ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mrs. Samdech KHUON Sundary နှင့် တွေ့ဆုံခဲ့၏။ နိုင်ငံတော်အကြီးအကဲ၏ ပြည်ပခရီးစဉ်များကိုကြည့်လျှင် နိုင်ငံတစ်နိုင်ငံ၏ အဓိကမဏ္ဍိုင်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်များနှင့်တွေ့ဆုံမှုများကို ခိုင်ခိုင်မာမာဆောင်ရွက် တည်ဆောက်လေ့ရှိသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ထိုမှဆက်နွှယ်၍ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တက်လှမ်းသလို MoU များရေးထိုးလေ့ရှိသည်။ တွေ့ဆုံဆွေးနွေးမှုများ၏ ကဏ္ဍများနှင့်ပတ်သက်၍ မျှဝေပါဦးမည်။
နိုင်ငံတော်အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေးမှုများထဲမှ ကဏ္ဍများကိုကြည့်လျှင် နှစ်နိုင်ငံချစ်ကြည်ရေးကို ခိုင်မာစွာတည်ဆောက်ထားနိုင်မှု၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုတူညီမှုသည် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်နေမှု၊ နိုင်ငံတကာစာမျက်နှာ၌ အပြန်အလှန်ရပ်တည်ထောက်ခံလျက်ရှိမှုများ၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူများအကြား ဆက်ဆံရေးကောင်းမွန်နေမှုများ၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ဒေသတွင်းအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ စိုက်ပျိုးမွေးမြူရေးမှစ၍ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုပပျောက်ရေး ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိနေမှုများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ဥပဒေပြုရေးနှင့် ကြီးကြပ်ရေးဆိုင်ရာအတွေ့အကြုံများအား မျှဝေဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာ-ကမ္ဘောဒီးယားလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မှုအခြေအနေများစတဲ့ကဏ္ဍစုံကို အသီးသီးတွေ့ဆုံဆွေးနွေးခဲ့၏။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ ပြန်ကြားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဤသည်ကား မိမိတို့နိုင်ငံတော်အတွက် အနာဂတ်ရလဒ်ကောင်း များအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
ထပ်မံ၍ နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖနောင်ပင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်နှင့် ခမည်းတော် ဘုရင်သီဟာနုပုံတူ ရုပ်တုထားရှိရာအထိမ်းအမှတ်နေရာတွင် လွမ်းသူ့ပန်းခွေချအလေးပြုခြင်းကို ဆောင်ရွက်ခဲ့သည်။ ဤသည်မှာလည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ခေါင်းဆောင်များ၊ သမိုင်းစဉ်နှင့် သမိုင်းစဉ်တစ်လျှောက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဂုဏ်ဒြပ်များအပေါ် အလေးအမြတ်ထားကြောင်း၊ လေးစားဂုဏ်ယူလျက်ရှိကြောင်း သက်သေညွှန်းဆိုနေသေးသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် နိုင်ငံတော်အကြီးအကဲဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖနောင်ပင်မြို့ရှိ Preah Sihamoniraja ဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် Samdech Preah Abhisiri Sugandha Mohasangharajha Dhipiti BOUR KRY အား သွားရောက်ဖူးမြော်ခဲ့သည်။ ဆက်လက်ပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ သံရုံး၊ စစ်သံရုံးမိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံခဲ့သေး၏။
ဆက်လက်ပြီး နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ခရီးဆက်ခဲ့၏။ ဆီရမ်ရိမြို့တွင် ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၏ အနာဂတ်လုပ်ငန်းများ၊ ချစ်ကြည်ရေးခိုင်မာနေမှုများ၊ မြန်မာအလုပ်သမားများအား ကမ္ဘောဒီးယားဥပဒေဘောင်အတွင်းမှ စောင့်ရှောက်ပေးရန်နှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိစေရေးကို ရင်းနှီးချစ်ကြည်စွာ ဆွေးနွေးခဲ့ကြသည်။
ဒေသစံတော်ချိန် ညနေပိုင်း၌ နိုင်ငံတော်အကြီးအကဲနှင့် အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာ နိုင်ငံဆီသို့ပြန်ခဲ့ကြ၏။ နှစ်ရက်တာ မြန်မာ-ကမ္ဘော ဒီးယားခရီးစဉ်မှာ အောင်မြင်စွာပြီးမြောက်ခဲ့လေပြီ။ စာရေးသူရှေ့တွင်ဆိုခဲ့သော နိုင်ငံတော်အကြီးအကဲ၏ မဟာဗျူဟာမြောက်ခြေလှမ်းများကို လေ့လာကြည့်ကြဖို့ ဖိတ်ခေါ်လိုပါသည်။
နိုင်ငံတော်အကြီးအကဲ၏ မဟာဗျူဟာမြောက်ခြေလှမ်းများ
စာဖတ်သူများသို့ ကနဦးမျှဝေလိုသည်မှာ နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် ပြည်ပနိုင်ငံများ၏ တည်နေရာများဖြစ်သည်။ အိန္ဒိယနိုင်ငံသည် တောင်အာရှတွင်တည်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှတိုက်အရှေ့ဘက်၊ ပစိဖိတ်သမုဒ္ဒရာ၏ အနောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသည်။ ရုရှားနိုင်ငံသည် အာရှတိုက်နှင့် ဥရောပတိုက်တွင်တည်ရှိ၏။ ဘယ်လာရုစ်နိုင်ငံသည် ဥရောပတိုက်တွင် တည်ရှိသည်။
လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံများသည် အာဆီယံဒေသတွင်းနိုင်ငံများဖြစ်ကြသည်။ ဆက်စပ်ကြည့်လျှင် ဥရောပ၊ အရှေ့အာရှ၊ တောင်အာရှ၊ ပစိဖိတ်နှင့် အရှေ့တောင်အာရှဟု ဆက်စပ်မြင်တွေ့ရမည်ဖြစ်သည်။ GMS နိုင်ငံ အဖွဲ့ဝင်နိုင်ငံများမှာ တရုတ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ ဖြစ်ကြသည်။ ထိုသို့ဆိုလျှင် နိုင်ငံတော်အကြီးအကဲ၏ခြေလှမ်းများကို မှန်းဆနိုင်မည်သာဖြစ်သည်။ လက်ရှိ နိုင်ငံတော်အကြီးအကဲသွားရောက်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် မိမိတို့မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်းတွင် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ အပြန်အလှန် အထောက်အပံ့ဖြစ်စေသော ဗျူဟာမြောက်တည်နေရာများတွင် တည်ရှိနေကြသည့် နိုင်ငံများဖြစ်၏။ အထူးသဖြင့် မဟာမဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာဆီယံ၏ ကုန်းမြေဆက်စပ်မှုပေါင်းကူးတံတားအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဒေသတွင်း စီးပွားရေးစင်္ကြံလမ်းကြောင်းများနှင့် မိမိတို့မြန်မာနိုင်ငံ၏ စီးပွားရေးစင်္ကြံလမ်းကြောင်းများတွင် အချက်အချာကျကျ တည်ရှိနေမှု၊ ဒေသတွင်း၌ ကုန်းမြေဆက်စပ်မှု ပေါင်းကူးတံတားများသဖွယ်ဖြစ်တည်နေမှု၊ နိုင်ငံအတွင်းရှိ အထူးစီးပွားရေးဇုန်များ၏ အရေးပါမှုများကိုပါ ဆက်စပ်မြင်တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် သမ္မတတာဝန်ထမ်းဆောင်သည့်ကာလ ၆ လအတွင်း ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် နှစ်နိုင်ငံချစ်ကြည်ရေးမှတစ်ဆင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအထိ လှမ်းတက်နိုင်ခဲ့သည်။ ထို့အပြင် အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သော လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများသို့လည်း ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ပြီး မိတ်ဖက်စစ်အဖြစ် ဖော်ဆောင်နိုင်ခဲ့သည်။ ခရီးစဉ်များတစ်လျှောက် နိုင်ငံတော်အကြီးအကဲအချင်းချင်း တွေ့ဆုံပြောဆိုရာတွင် ယုံကြည်စိတ်ချရဆုံး ဆိုသည့်စကားလုံးကို တွေ့မြင်ဖူးကြမည်။ ဤသည်ကား ခရီးစဉ်များမှ နိုင်ငံတော်အတွက် အကောင်းဆုံးရလဒ်များကို ဖော်ညွှန်းနေခြင်းပင်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏
မဟာဗျူဟာမြောက်ခြေလှမ်းများက ပိုမိုပီပြင်လာသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ယခု မြန်မာ-ကမ္ဘောဒီးယားခရီး၌လည်း
နှစ်နိုင်ငံ၏ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပြီး
အောင်မြင်သောခရီးစဉ်အဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပြန်ပါပြီ။ နိုင်ငံတော်အကြီးအကဲအနေဖြင့်
မဟာဗျူဟာမြောက် ခြေလှမ်းများမှတစ်ဆင့် နိုင်ငံတော်၏ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုမှသည်
နိုင်ငံတော်၏အနာဂတ်အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ်
ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ရေးသားလိုက်ရပါတော့သည်။ ။
No comments:
Post a Comment