ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့်အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်က စက်တင်ဘာလ ၁၁ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံအကြီးအကဲနှစ်ဦးအနေဖြင့် ယခင်ကတည်းက တွေ့ဆုံမှုများရှိခဲ့ပြီး ယခု ကမ္ဘောဒီးယားနိုင်ငံတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေး ထောက်ခံလျက်ရှိသည်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထားစိတ်ဝင်စားမှုများရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံအား ပြန်လည်လေးစားမှုဖြင့် ကျေးဇူးတင်ရှိရမည်ဖြစ်သည်။
ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် ရှည်လျား ကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံနယ်နိမိတ်များ ထိစပ်နေသည့်နိုင်ငံမဟုတ်သော်လည်း ဘာသာရေး၊ ဓလေ့ထုံးတမ်းနှင့်ယဉ်ကျေးမှုအစဉ်အလာများ တူညီဆက်နွှယ်မှုရှိသည့် နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးထက် ပိုမိုကောင်းမွန်လျက်ရှိပြီး မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ရပ်တည်ထောက်ခံလျက်ရှိသည်။ အစိုးရအဖွဲ့အစည်းများကြားတွင်သာမက တပ်မတော်နှစ်ရပ်အကြားနှင့် နှစ်နိုင်ငံပြည်သူများအကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှုနှင့်ဆက်ဆံမှုများ တိုးတက်ကောင်းမွန်လျက်ရှိသည်။ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မရှင် (JCBC) ကဲ့သို့ ယန္တရားများကို စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
နှစ်နိုင်ငံ နိုင်ငံတော်အကြီးအကဲများ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင် အလားအလာကောင်းများရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက ကြီးမားသည့်အောင်မြင်မှုများ ရရှိလာနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေး အပြန်အလှန်ခရီးစဉ်များ သွားရောက်နိုင်ရေးအခြေအနေများ၊ မြန်မာနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် မဲခေါင်-လန်ချန်း၊ CLMV နှင့် ACMECS တို့ကဲ့သို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ACMECS အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုကာလအတွင်း၌ “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဒေသတည်ဆောက်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း၌ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအပါအဝင် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများပပျောက်ရေးကို ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကာ ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
သို့ဖြစ်ရာ
နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို
ကျင့်သုံးလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို
ပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက်လက်အကောင်အထည်ဖော်လျက်ရှိရာ
ယခုနိုင်ငံတော်သမ္မတကြီးဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ကမ္ဘောဒီးယားနိုင်ငံ
ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
။

No comments:
Post a Comment