Sunday, September 13, 2026

လူငယ်ဘဝ မနစ်မွန်းစေရန် အမြင်မှန်နှင့် လမ်းမှန်ဆီ

 


အလုပ်လုပ်နိုင်သည့်အရွယ်ရှိသော လူဦးရေအချိုးအစားများပြားခြင်းသည် နိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိခြင်းဖြစ်သည်။ မိမိတို့နိုင်ငံသည် လူဦးရေဆုလာဘ်ရရှိထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း နိုင်ငံတည်ဆောက်ရေးအတွက် ဖြစ်ရမည့်အင်အားထဲမှ အချို့မှာ လမ်းလွဲ၊ လမ်းမှားသို့ရောက်ခဲ့ကြသည်။ 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကာလတွင် ကောက်ကျစ်စဉ်းလဲသည့် နိုင်ငံရေးမသမာသူတို့က မစားရသည့်အမဲ သဲနှင့်ပက်ကာ နိုင်ငံကို ပြိုလဲပျက်စီးစေမည့်လမ်းကြောင်းသို့ရောက်အောင် တွန်းပို့ခဲ့ကြသည်။ ၎င်းတို့ကိုယ်တိုင်က နောက်ကွယ်မှနေ၍ကြိုးကိုင်ကာ လူငယ်လူရွယ်များကို ရှေ့တန်းတင်ပြီး လှုံ့ဆော်အသုံးချခဲ့ကြသည်။ ဝါဒမှိုင်းများတိုက်၍ မှားယွင်းသည့်အတွေးအခေါ်များဖြစ်ပေါ်လာစေခြင်း၊ မဟုတ်မမှန်သည့်မျှော်လင့်ချက်များပေးခြင်း၊ မြှောက်ထိုးပင့်ကော် ဖြားယောင်းသွေးဆောင်စည်းရုံးခြင်း၊ နည်းလမ်းပေါင်းစုံသုံး၍ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း စသည်တို့ကြောင့် နိုင်ငံ့အင်အားဖြစ်ရမည့် အရွယ်ကောင်းလူငယ်များမှာ အစောပိုင်းကာလ သာမန်ဆန္ဒပြမှုများမှသည် နောက်ပိုင်းတွင် လက်နက်ကိုင်အကြမ်းဖက် ဆူပူသောင်းကျန်းမှု များအထိ အသုံးချခံခဲ့ကြရသည်။

နိုင်ငံရေးမသမာသူလူလည်များကမူ ရှေ့သို့လည်းထွက်မလာသလို တောတွင်းသို့လည်း လိုက်ပါလာကြခြင်းမရှိဘဲ လုံခြုံရာ၊ ဘေးကင်းရာနေရာများနှင့် နိုင်ငံရပ်ခြားတို့တွင် မိသားစုလိုက် အသိုက်အဝန်းမပျက် သာသာယာယာနေထိုင်သွားကြသည်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် မြို့ရွာများကို ပြာကျပျက်စီးစေ၍ ဒေသခံပြည်သူများကို အိုးအိမ်စီးပွားဥစ္စာများနှင့် နေရပ်စွန့်ခွာကြရသည့်ဘဝသို့ရောက်ရှိစေရန် အဝေးမှနေ၍ မီးလောင်ရာလေပင့်ပေးခဲ့ကြသည်။ လက်နက်ကိုင် အကြမ်းဖက်ဆူပူသောင်းကျန်းမှုများ ငါးနှစ်ကျော်လွန်၍ ခြောက်နှစ်ခန့်ကာလသို့ ရောက်ရှိလာသည့်အခါ ဖြစ်ပေါ်လာသည့်ရလဒ်မှာ လက်နက်ကိုင်အကြမ်းဖက်လူငယ် အများအပြား အသက်နှင့်ခန္ဓာ၊ ကိုယ်လက်အင်္ဂါတို့ ဆုံးရှုံးသွားခဲ့ကြရပြီဖြစ်သော်လည်း ၎င်းတို့ကိုအကြောင်းပြု၍ ကိုယ်ကျိုးစီးပွားရှာစားခဲ့ ကြသူများမှာမူ ပြည်တွင်းမှာရော ပြည်ပမှာပါ အစားအသောက်မပျက်၊ အလုံးအထည်မပျက် ကြီးပွားချမ်းသာနေကြခြင်းပင်ဖြစ်သည်။

ယခု မိမိတို့နိုင်ငံ၏နိုင်ငံရေးလမ်းကြောင်းမှာ ပုံမှန်အခြေအနေပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး မဲဆန္ဒရှင်ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သည့် လွှတ်တော်များနှင့် အစိုးရအဖွဲ့တို့ဖြင့် ဒီမိုကရေစီစနစ်တည်တံ့ခိုင်မြဲစေရန် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်က အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter Terrorism Operation) များ အောင်မြင်စွာဆင်နွှဲ၍ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများကို အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများကိုလည်း အပြည့်အဝပြန်လည်ဖွင့်လှစ်ပေးလျက်ရှိသည်။ လက်နက်ကိုင်သောင်းကျန်းသူများအပေါ် စိတ်ကုန်နာကြည်းနေပြီဖြစ်သည့် ဒေသခံတိုင်းရင်းသားပြည်သူများက ယင်းအပေါ် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြသလို စိတ်အားထက်သန်စွာ အားပေးမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာကြသည်။

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားခဲ့ကြသူအဖွဲ့ဝင်များတွင်လည်း ကိုယ်တိုင်ကြုံတွေ့လာရသည့် ဘဝပေးအသိများဖြင့် ၎င်းတို့၏အဖွဲ့များနှင့်လုပ်ရပ်များအပေါ် စိတ်ကုန်ခန်းကာ အမြင်မှန်ရလာခဲ့ကြသည်။ ထို့ကြောင့် နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲပြန်လည်ဝင်ရောက်လျက်ရှိကြသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တို့တွင် နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO၊ DPLA၊ KNDF၊ PDF အမည်ခံ အမျိုးသား၊ အမျိုးသမီးအဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်ကို သတင်းများတွင်တွေ့ရှိရသည်။ ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးသလို လက်ကမ်း၍လည်း ကြိုဆိုလျက်ရှိသည်။

လူငယ်ဘဝသည် မိမိအတွက်ရော နိုင်ငံအတွက်ပါ တန်ဖိုးရှိသည့်အလျောက် အဓိပ္ပာယ်မဲ့သည့် အကြမ်းဖက်လုပ်ရပ်များနှင့် ကြီးနိုင်ငယ်ညှဉ်း တောတွင်း၌နစ်မွန်းမသွားစေရန် ရုန်းထွက်ကြရေးနှင့် ၎င်းတို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ရန်အတွက် နီးစပ်ပတ်သက်သူများက ပြန်လည်ခေါ်ဆောင်ကူညီကြရေး နှိုးဆော်တိုက်တွန်းလိုက်ပါကြောင်း။ ။


No comments:

Post a Comment