Tuesday, September 15, 2026

အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း တောင်ကိုရီးယားကို ရှုံးနိမ့်

 


ရန်ကုန် စက်တင်ဘာ ၁၄

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(F)ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယနေ့ ညနေ ၅ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယားအသင်းက ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲစတင်ချိန်မှစ၍ တောင်ကိုရီးယားအသင်းက ပွဲကိုအသာစီးရယူကာ ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၂၈ မိနစ်နှင့် ၃၂ မိနစ်တို့တွင် ကင်မင်ဂျီက ဦးဆောင်ဂိုးနှစ်ဂိုးဆက်တိုက်သွင်းယူခဲ့သည်။ ထို့နောက် ပွဲချိန် ၃၇ မိနစ်တွင် ဂျန်ဆယ်ဂီ က တတိယမြောက်ဂိုး ထပ်မံသွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တောင်ကိုရီးယားအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင်လည်း တောင်ကိုရီးယားအသင်းက တိုက်စစ်ဖြင့်ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် ကင်မင်ဂျီက စတုတ္ထဂိုး သွင်းယူကာ ၎င်း၏ ဟက်ထရစ်ဂိုးကို ရယူပေးခဲ့သည်။ ပွဲချိန် ၇၇ မိနစ်တွင် ချိုယုရီက ပဉ္စမမြောက်ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီးတွင် တောင်ကိုရီးယားအသင်းက ငါးဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းအနေဖြင့် အာရှထိပ်သီး တောင်ကိုရီးယားအသင်း၏တိုက်စစ်ကို ခံစစ်အပြည့်ဖြင့် ဟန့်တားခဲ့သော်လည်း ချေပဂိုးရရှိရန် ရုန်းကန်ခဲ့ရပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် ပေးဂိုးငါးဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် လက်ကျန်အုပ်စုပွဲစဉ်များတွင် ရလဒ်ကောင်းများရယူနိုင်ရန် လိုအပ်လျက်ရှိသည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် ကစားရမည်ဖြစ်သည်။

ယနေ့ယှဉ်ပြိုင်ခဲ့သည့် အခြားအုပ်စုပွဲစဉ်များတွင် အုပ်စု(E)မှ ဂျပန်အသင်းက ထိုင်းအသင်းကို ရှစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း၊ တရုတ်(တိုင်ပေ)အသင်းက ဗီယက်နမ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး အုပ်စု(G)ပွဲစဉ်တွင် ဖိလစ်ပိုင်နှင့် ဥဇဘက်ကစ္စတန်တို့ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။

နေမျိုး

No comments:

Post a Comment