စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးပညာ အဝေးသင် သင်တန်းများ
ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲသင်ကြား၊ သုတေသနပြုလာမှုအပေါ် မူတည်၍ ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထိပ်တန်းရောက်နိုင်ငံ ဖြစ်နေခြင်းဖြစ်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာသင်ကြား၊ သုတေသနများ (Australian Agricultural Research and Education) ဆောင်ရွက်နေမှုတို့ကို လေ့လာ၊ အတုယူနိုင်ရန် အမိနိုင်ငံအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။
စိုက်ပျိုးရေး မွေးမြူရေးပညာသည် ဖွံ့ဖြိုးပြီးသည့်နိုင်ငံများဖြစ်ကြသော အမေရိကန်၊ ဩစတြေးလျ တို့သာမက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအများစုတွင် အဓိကဘာသာရပ်ကြီးအဖြစ်လေ့လာ၊ သုတေသနပြုလုပ်လျက်ရှိနေသော အရေးကြီးဘာသာရပ်ကြီး ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်း စသည့်နိုင်ငံတို့တွင်လည်း ပြည်နယ်တိုင်းလောက်နီးနီး စိုက်ပျိုးရေး၊ မွေးမြူရေးပညာအထူးပြုသင်ကြားပေးသော တက္ကသိုလ်များစွာ တည်ထောင်ဖွင့်လှစ်လျက်ရှိပါသည်။
ထို့ပြင် တချို့စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘာသာရပ်များကို လူကိုယ်တိုင်တက္ကသိုလ်ကောလိပ်သို့ လာရောက်သင်ကြားနိုင်ရုံသာမက နိုင်ငံအတွင်း ဝေးလံခေါင်ဖျားဒေသများတွင် အကြောင်းအမျိုးမျိုး ကြောင့် အလုပ်လုပ်နေရသူများအတွက်လည်း အဝေးမှ ဒီပလိုမာ၊ ဒီဂရီအစီအစဉ်များဖြင့် တစ်ပြိုင် နက်ပို့ချ၊ သင်ယူလျက်ရှိနေပါသည်။
ထိုအထဲမှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness Subject) ကို အဝေးသင်စနစ်ဖြင့်သင်ကြား၊ သင်ယူနေပုံကို ရေးသားဆွေးနွေးပါမည်။
ဩစတြေးလျနိုင်ငံ နယူးအင်္ဂလန်တက္ကသိုလ် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဒီပလိုမာပညာ
ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ် အာမီဒေးမြို့ နယူးအင်္ဂလန်တက္ကသိုလ်၌ ဖွင့်လှစ်ထားသော ဤဒီပလိုမာ အဝေးသင်သင်တန်းကို ပြည်တွင်း ပြည်ပမှ ကျောင်းသား ကျောင်းသူများ အချိန်ပြည့်တက်ရောက်မည်ဆိုလျှင် တစ်နှစ်ခြောက်လကြာမြင့်နိုင်ပြီး အလုပ်တစ်ဖက်ဖြင့်/အလုပ်လုပ်ကိုင်ရင်း အချိန်ပိုင်းတက်ရောက်ပါက ခြောက်နှစ်ကြာသည်အထိ သတ်မှတ်ခရက်ဒစ် ယူနစ်ပြည့်အောင် အေးအေးဆေးဆေး တက်ရောက်သင်ယူနိုင်ပါသည်။
အောက်ဖော်ပြပါ ဘာသာရပ်များကို မယူမနေရ ဘာသာအဖြစ် ခရက်ဒစ်ယူနစ် ၃၀ သင်ယူရပါသည်။
(၁) အခြေခံစိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေးပညာ (AGB-123 Agribusiness: Issues and Principles) 6 credit points
(၂) အခြေခံစိုက်ပျိုးမွေးမြူရေး သဘောတရားများ (AGFN-100 Fundamental of Agriculture) 6 credit points
(၃) ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးမွေးမြူရေးစနစ်များ (AGSY-102 Sustainable Agricultural Systems II) 6 credit points
(၄) တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်များ ဈေးကွက်၊ တန်ဖိုး၊ ပြိုင်ဆိုင်မှုကိုနားလည်ခြင်း (ECON-101 Microeconomics I: Understanding Markets, Prices and Competition) 6 credit points
(၅) စီးပွားရေးဆိုင်ရာစာရင်းအင်းပညာ (QM-161 Business Statistics) 6 credit points
စသည်တို့ကို ကျောင်းသား ကျောင်းသူအားလုံး သင်ယူရပါမည်။
ပြီးလျှင် အောက်ဖော်ပြပါ ဘာသာရပ်များမှ စိတ်ကြိုက်သုံးဘာသာ (၁၈ ခရက်ဒစ်ယူနစ်) သင်ယူ ရပါမည်။
(၆) လယ်ယာနှင့်အရင်းအမြစ်များ စီမံခန့်ခွဲမှုပညာ (AGB-202 Farm and Resource Management) 6 credit points
(၇) ကမ္ဘာ့စီးပွားရေးလည်ပတ်မှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး (ECON-102 Macroeconomics I: Business Cycles and Global Trade) 6 credit points
(၈) ကမ္ဘာ့စီးပွားရေးဆိုင်ရာအတက်အကျနှင့် မူဝါဒများ (ECON-202 Macroeconomics II: Fluctuations and Policy) 6 credit points
(၉) အခြေခံရောင်းဝယ်ဖောက်ကားခြင်း ပညာ (MM-110 Fundamental of Marketing) 6 credit points
(၁၀) စီးပွားရေးဆိုင်ရာစိစစ်၊ သရုပ်ခွဲမှုမိတ်ဆက် (QM-162 Introduction to Business Analytics) 6 credit points
(၁၁) စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်ချခြင်း (QM-265 Business Decision Making) 6 credit points စသည်တို့ဖြစ်ပါသည်။ စုစုပေါင်း ၄၈ ခရက်ဒစ်ယူနစ် ယူရပါမည်။
ဤသင်တန်းများကိုတက်ရောက်ခြင်းဖြင့်-
(က) ဘာသာရပ်ဆိုင်ရာ အသိပညာ
ဤဘာသာရပ်ဆိုင်ရာ လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ဒီဂရီရရှိသူများသည် စိုက်ပျိုးမွေးမြူရေးနှင့် စီးပွားရေးဆိုင်ရာအသိပညာများကို ဘက်စုံသုံးချဉ်းကပ်မှုဖြင့် တိုးတက်စေပါသည်။ ဒေသဆိုင်ရာ၊ နိုင်ငံအလိုက်နှင့် နိုင်ငံတကာအခြေအနေများတွင် စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးပြုခြင်းနှင့် အသုံးချခြင်းကို အလေးပေးထားပါသည်။
စဉ်ဆက်မပြတ် ပြောင်းလဲနေသော စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် နိုင်ငံရေး ပတ်ဝန်းကျင်များတွင် စိုက်ပျိုးမွေးမြူရေး၊ စီးပွားရေးနှင့် ဆက်စပ်လုပ်ငန်းများ ရင်ဆိုင်နေရသော ကိစ္စရပ်များကို နားလည်ရန် ကမ္ဘာ့ရှုထောင့်မှ ကြည့်ရှုမှုသည် အရေးကြီးပါသည်။ ဤအယူအဆ များကို ဟောပြောပွဲများ၊ သင်ခန်းစာများ၊ စာကြည့်တိုက်ကို အသုံးချခြင်း၊ စာဖတ်ခြင်းများနှင့် အွန်လိုင်း လှုပ်ရှားမှုများမှတစ်ဆင့် သင်ကြားပေးမည်ဖြစ်ပါသည်။ အသိပညာကို စာတမ်းများ၊ စာမေးပွဲများနှင့် အစီရင်ခံစာရေးသားခြင်းကဲ့သို့သော အကဲဖြတ်မှု ပုံစံအမျိုးမျိုးဖြင့် အကဲဖြတ်မည်ဖြစ်ပါသည်။
(ခ) အချင်းချင်းဆက်သွယ်ရေးဆိုင်ရာစွမ်းရည်
ဤဘာသာရပ်သင်ကြားမှုများတွင် သင့်လျော်သောနည်းလမ်းများကို အသုံးပြု၍ သက်ဆိုင်သူ ကျေးလက်ဒေသရှိ လူအမျိုးမျိုး၊ ပညာရှင်နှင့် တောင်သူဦးကြီးများ၊ လူပေါင်းစုံထံသို့ ထိရောက်စွာ ဆက်သွယ် ပြောဆိုနိုင်ရန် သင်ကြားပေးပါသည်။ ဤဆက်သွယ်ရေးစွမ်းရည်များကို စာဖြင့်ရေးသားသည့် လုပ်ငန်းတာဝန်များနှင့် ဆွေးနွေးမှုများအပါအဝင် လုပ်ဆောင်ချက်များစွာတွင် ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်သင်ကြားပြီး အကဲဖြတ်ပေးမည် ဖြစ်ပါသည်။
(ဂ) လယ်ယာလုပ်ငန်းပြဿနာ ဖြေရှင်းခြင်း ဆိုင်ရာစွမ်းရည်
ဤဘာသာရပ်သင် ကျောင်းသား ကျောင်းသူများသည် အသိပညာနှင့် သတင်းအချက်အလက် တတ်မြောက်မှုစွမ်းရည် (Information Literacy Skills) တို့ကို ပေါင်းစပ်ကာ လက်တွေ့ကမ္ဘာ့ လယ်ယာ၊ နိုင်ငံလယ်ယာပြဿနာများအတွက် ဖြေရှင်းနည်းစွမ်းရည်များကို အသုံးချနိုင်စွမ်း တိုးတက်စေပါမည်။ ပြဿနာများကို ဖော်ထုတ်သိရှိရန်နှင့် ဖြေရှင်းချက်များချမှတ်ရန် သင်ကြား ပေးမည်ဖြစ်သည်။
(ဃ) လယ်ယာသတင်းအချက်အလက် တတ်မြောက်မှု
ဤပညာရပ်သင် ကျောင်းသား ကျောင်းသူများက စာဖြင့်ရေးသားသည့် လုပ်ငန်းတာဝန်များနှင့် အခြားသော အကဲဖြတ်မှုလုပ်ငန်းများအတွက် သတင်းအချက်အလက်နှင့် အချက်အလက်များကို ရယူရန် မီဒီယာပုံစံအမျိုးမျိုးကို အသုံးပြုမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများသည် ဤသင်တန်းအတွင်း အခြေအနေအမျိုးမျိုးတွင် သင့်လျော်သောသတင်းအချက်အလက်နှင့် အခြားအချက်အလက်များကို အသုံးပြုခြင်း၊ ဆန်းစစ်ခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် အနက်ဖွင့်ဆိုခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
(င) လယ်ယာလုပ်ငန်းများ ကျင့်ဝတ်ဆိုင်ရာ အပြုအမူနှင့် လူမှုရေးတာဝန်ယူမှု
စိုက်ပျိုးရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အကျင့်များနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများအား လူမှုရေးတာဝန်ယူမှုကို သင်ကြားပေးသည်။ ကျောင်းသား ကျောင်းသူများသည် အခြားသူများ၏ ရှုထောင့်နှင့် အတွေးအမြင်များကို အသိအမှတ်ပြုလေးစားခြင်း၊ ကျင့်ဝတ်အရ ပြုမူခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့ခိုင်မြဲမှု၏ အရေးပါမှုကို တန်ဖိုးထားနိုင်မည် ဖြစ်သည်။
(စ) စိုက်ပျိုးမွေးမြူရေးပညာရပ်အား တစ်သက်တာသင်ယူနိုင်မှု
တစ်သက်တာသင်ယူမှုစွမ်းရည်များကို ဤဘွဲ့ဒီဂရီရှိ အကဲဖြတ်မှုလုပ်ငန်းများတွင် သင်ကြားပြီးလေ့ကျင့်ပေးသည်။ ဤသင်တန်းတွင် ရရှိသောအသိပညာ၊ သတင်းအချက်အလက် တတ်မြောက်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်များသည် ကျောင်းသား ကျောင်းသူမျာအား စိုက်ပျိုးရေးနှင့် စီးပွားရေးနှင့် သက်ဆိုင်သောဒေသဆိုင်ရာ၊ နိုင်ငံအလိုက်နှင့် နိုင်ငံတကာကိစ္စရပ်များကို နားလည်ရန်၊ အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် အကဲဖြတ်ရန် အဆင်သင့်ဖြစ်စေပါသည်။
(ဆ) တောင်သူများအား လွတ်လပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မှု
ကျောင်းသား ကျောင်းသူများသည် ဘုံရည်မှန်း ချက်များ အောင်မြင်ရန်၊ ပြဿနာများကို ဖြေရှင်း ရန်၊ အထူးပြုအသိပညာများပံ့ပိုးရန်နှင့် အဖွဲ့၏ စွမ်းဆောင်ရည်ကို အထောက်အကူပြုရန်အတွက် ဘက်စုံပညာရပ်ဆိုင်ရာ အဖွဲ့တစ်ခုအတွင်း လွတ်လပ်စွာနှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြရမည်ဖြစ်သည်။
စာရေးသူ၏ အတွေး
စာရေးသူတို့အဖွဲ့နှင့် သံလျင်သမဝါယမတက္ကသိုလ်တို့ ပူးပေါင်း၍ နိုင်ငံတော်အတွက် စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များစွာလိုအပ်ချက်များထဲမှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး (Agribusiness) ဘာသာရပ်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အဝေးမှလက်မှတ်ရသင်တန်း စတင်ဖွင့်လှစ် သင်ကြားလျက်ရှိနေပါသည်။ ထိုသင်တန်းမှသည် တစ်ဆင့်တက်ပြီး ဒီပလိုမာလက်မှတ်ရ သင်တန်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးပညာ အဝေးရောက်ဘွဲ့အထိ ပေးအပ် နိုင်အောင် စီစဉ်လျက်ရှိပါသည်။
စာရေးသူတို့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်အစိုးရက ကြီးကြပ်ဖွင့်လှစ်ထားသော စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်သုံးခု၏ ကျောင်းသား ကျောင်းသူ နှစ်စဉ် လက်ခံနိုင်စွမ်း ၇၀၀ ၊ ၈၀၀ ခန့်သည် ထိုင်း နိုင်ငံ ကဆက်ဆပ်တက္ကသိုလ် ကင်ပင်ဆန်နယ်မြေ တစ်ခုတည်း (Kamphaeng Saen Campus, Kaset-sart University, Thailand) စိုက်ပျိုးမွေးမြူရေးပညာ အထူးပြု တစ်နှစ်လက်ခံနိုင်စွမ်းရည် ၁၀၀၀ - ၁၅၀၀ ထက်ပင် နည်းပါးနေသည်ကို သတိပြုမိပါသည်။ ထိုစိုက်ပျိုးမွေးမြူရေး ဘွဲ့ရပညာရှင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း၊ အစိုးရ၊ ပုဂ္ဂလိကပူးတွဲကဏ္ဍမှ ဖြည့်ဆည်းပေးလိုသည့် ဆန္ဒပဲရှိနေပါသည်။
ဤအွန်လိုင်း၊ အဝေးသင်သင်တန်းများက လူကိုယ်တိုင် ဆရာ၊ ကျောင်းသားထိတွေ့မှု၊ လက်တွေ့လုပ်ဆောင်မှုလောက် ရာနှုန်းပြည့် မစွမ်းဆောင်နိုင်သည်ကို သိရှိပါသည်။
သို့ရာတွင် အထက်ပါတက္ကသိုလ်များသို့ အကြောင်းအမျိုးမျိုး (ဥပမာ - တက္ကသိုလ်ဝင်တန်း သင်တန်းစာမေးပွဲ အမှတ်နည်း၊ ငွေကြေးမလုံလောက်မှု) တို့ကြောင့် မတက်ရောက်နိုင်သော မြန်မာနိုင်ငံဝေးလံခေါင်ဖျားအရပ်ဒေသများ၊ တိုင်းရင်းသား ပြည်နယ်များမှ ကျေးလက်ဒေသနေ လူငယ်များအပါအဝင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပတ်သက်နေကြရသော ကျား၊ မ၊ အသက်အရွယ်၊ ပညာအရည်အချင်း အမျိုးမျိုးရှိသော ပြည်သူလူထုကြီးအားလုံးအတွက် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ဗဟုသုတများစွာ ရရှိနိုင်စေရန် ရည်ရွယ်ပါသည်။
မှီငြမ်းစာတမ်းများ
https:// www.une.edu.au / study / courses/diploma-in-agribusiness? international=true
https://www.open.edu.au/degrees/diploma-of-agribusiness-university-of-tasmania-tas-agb-dip
No comments:
Post a Comment