Tuesday, August 18, 2026

လွှတ်တော်ကဏ္ဍမြင့်မားရေးနှင့် စွမ်းဆောင်ရည်တိုးတက်ရေး

 


မိုးကေနိုင်

ပြည်သူကို လေးစား၊ သစ္စာတရားတန်ဖိုးထားမှုများနှင့် အခင်းအကျင်းသစ်တွင် မဏ္ဍိုင်အသစ်၊ လွှတ်တော်သစ်များ ပေါ်ထွက်ခဲ့သည်မှာ ရက်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ။ သံသယများဖယ်ခွာ၊ ယုံကြည်မှု၊ နားလည်မှုများတည်ဆောက်ပြီး တာထွက်ကောင်းခဲ့သည့် လွှတ်တော်၊ လွှတ်တော်နှင့်အတူ ပြည်သူ့ကိုယ်စားလှယ်များလည်း ပေါ်ထွက်ခဲ့ပါပြီ။

ပြည်သူ့အကျိုး ရှေးရှုသော လွှတ်တော်တာဝန်များနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှုများဖြင့်သက်သေပြရန် အချိန်တိုအတွင်း အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့သည်ဟု ဆိုနိုင်သည်။ လွှတ်တော်ဆိုသည်ကား သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်နေရာတစ်ခုပင်။ ထို့ကြောင့် နိုင်ငံအတွက် ရသည့်အချိန်မှာ မနားတမ်းအလုပ်လုပ်ကြရသည်။ တစ်ချိန်တည်း လွှတ်တော်မဏ္ဍိုင် မြင့်မားတိုးတက်အောင်လည်း ကြိုးစားတည်ဆောက်ကြရသည်။

လွှတ်တော်ကဏ္ဍမြင့်မားရေးနှင့် ကိုယ်စီစွမ်းရည်က အပြန်အလှန် အထောက်အကူပြု

တစ်ဖက်မှာ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့စွမ်းရည်များ မြင့်မားတိုးတက်နေစေရန် အစဉ်ကြိုးစားရသည်။ လွှတ်တော်ကဏ္ဍမြင့်မားရေးနှင့် ကိုယ်စားလှယ်များ၏ စွမ်းရည်တိုးတက်ရေးက အပြန်အလှန်အကျိုးပြုကြသည့်နည်းတူ မျဉ်းပြိုင်သဖွယ်လည်းဖြစ်ရမည်။ လွှတ်တော်တာဝန်များပြားသည့်ကြားက ကိုယ်စားလှယ်တစ်ယောက်တွင် ရှိထိုက်သည့် ဗဟုသုတ၊ အတွေးအခေါ်နှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းများ အားနည်းသည်ဟု အထင်အမြင် မှားမခံရစေရန် မိမိတို့၏ ကိုယ်စီစွမ်းရည်များကို ကြိုးစားတည်ဆောက်ကြရသည်။ ပြည်သူ့ကိုယ်စား လှယ်ဆိုသည်မှာ မိမိတာဝန်ထမ်းဆောင်ရာ နေရာရုပ်ပိုင်းဆိုင်ရာ ခမ်းနားထည်ဝါမှုများနှင့်အညီ အတွေးအခေါ် အနေအထိုင်မှအစ ပြည်သူက နမူနာယူစရာ ပုဂ္ဂိုလ်များသဖွယ်စံပြနေထိုင်ရပါသည်။ ပြည်သူကို အကျိုးပြု၍ ပြည်သူကို ချမ်းသာအောင်၊ နိုင်ငံကို တိုးတက်အောင် မိမိတို့စွမ်းရည်များကို အစဉ်တိုးမြှင့်တည်ဆောက်နေရမည်ဟု ခံယူထားပါသည်။

ယခု အခင်းအကျင်းအသစ်များနှင့် ပေါ်ပေါက် လာသည့် လွှတ်တော်များသည် သက်တမ်း၊ အတွေ့အကြုံ၊ နောက်ခံသမိုင်းအားဖြင့် အလွန်နုနယ်သေးသည်ဟု ဆိုရပါမည်။ နုနယ်မှုမှသည် ရင့်ကျက်မှုဆီ အလျင်အမြန်ပြောင်းနိုင်စွမ်းက မိမိတို့၏ ခံယူချက်နှင့် လုပ်ကိုင်နိုင်စွမ်း အပေါ်မူတည်ပါသည်။ နိုင်ငံအတွက်၊ ပြည်သူ့အတွက်ဆိုသော ခံယူချက်အမှန်ဖြင့် စေတနာ၊ အနစ်နာ၊ စိတ်ရှည်သည်းခံမှု၊ အမြော်အမြင်ကြီးမှုတို့ များစွာရှိရပါသည်။ ထို့အတွက် သတိ၊ ဝီရိယ၊ ပညာ စသည့်စိတ်စွမ်းအင်များ အရေးကြီးပါသည်။

ထိုစိတ်ဓာတ်စွမ်းအားများဖြင့် တစ်ဦးနှင့်တစ်ဦး၊ ပါတီတစ်ခုနှင့် တစ်ခု၊ မဏ္ဍိုင်တစ်ရပ်နှင့် တစ်ရပ်အကြား လိုအပ်ချက်များကို ဖြည့်စွက်ပေးပြီး အထောက်အကူပြုကြရပါသည်။ ပူးပေါင်းပါဝင်ကူညီကြရပါသည်။ ဤသည်ပင် အပြန်အလှန်စောင့်ကြည့်ထိန်းညှိခြင်းမည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အတိတ်မှာ သင်ခန်းစာယူစရာများစွာ ရှိခဲ့ပြီးဖြစ်၍ အမျိုးသားအကျိုးစီးပွားအတွက် အရာရာကို သတိကြီးစွာထားရသောအခြေအနေတွင် ရှိနေဆဲကို သတိမူနိုင်ရန်ဖြစ်ပါသည်။ ခက်ခက်ခဲခဲကြိုးပမ်းရယူထားရသည့်အရာမှန်သမျှ တန်ဖိုးကြီးသည်ဖြစ်၍ ထိုတန်ဖိုးကို တက်သည်ထက်တက်နေအောင် ကြိုးစားရမည့်တာဝန် အားလုံးတွင် ရှိပါသည်။

ပြည်သူ့ယုံကြည်မှုကိုရရှိရန် ပြည်သူ့အသံ၊ ဆန္ဒ၊ မျှော်မှန်းချက်များ အလေးထား

ဤသို့စိတ်ဓာတ်များ၊ ခံယူချက်များဖြင့် ပြီးခဲ့သည့် တတိယအကြိမ် ပထမ၊ ဒုတိယပုံမှန် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များအားလုံးက လုပ်ဆောင်ချက်အားလုံးတွင် တာဝန်ကျေခဲ့ကြပါသည်။ ၁၆-၃-၂၀၂၆ ရက်နေ့မှ ၈-၄-၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမပုံမှန် အစည်းအဝေးများကနေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ပြည်ထောင်စု အဆင့်/ နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံ့ဦးသျှောင်များကို အောင်မြင်စွာ ရွေးချယ်ပေးနိုင်ခဲ့ပါသည်။ လွှတ်တော်များသည် ပြည်သူ့အသံကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် အပြန်အလှန်လေးစားမှုတို့ကို အခြေခံဆောင်ရွက်ရပါသည်။ ထိုသို့ဆောင်ရွက်နိုင်မှသာ ပြည်သူများ၏ ယုံကြည်မှုကို ရရှိပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ထားပြီးဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြုရေး အာဏာကျင့်သုံးရာ ဗဟိုအဖွဲ့အစည်းများအဖြစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ လွှတ်တော်နှစ်ရပ်စနစ်ဖြင့် ပေါင်းစည်းဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်ဟူ၍ လွှတ်တော်များ ဖွဲ့စည်းထားရှိသည်။ ခေတ်နှင့်အညီ ဥပဒေများ အသစ်ပြဋ္ဌာန်း/ပယ်ဖျက်/ ပြင်ဆင်ခြင်းဖြင့် ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များနှင့် ပေါင်းစပ်ကူညီအားဖြည့်ခြင်းဖြင့် ထိန်းညှိခြင်းတာဝန်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်များကို လွှတ်တော်အသံ၊ လွှတ်တော်ဆန္ဒများသဖွယ် အလေးထား၍ လုပ်ငန်းများ ဖော်ဆောင်ခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုခြင်း၊ အထက်တွင်တင်ပြခဲ့သလို နိုင်ငံ့အကြီးအကဲများ ရွေးချယ်ခြင်းလုပ်ငန်းတာဝန်များမှာ လွှတ်တော်များအားလုံး သဘောသဘာဝချင်း တူညီပါသည်။

သို့ဖြစ်၍ ပြီးစီးခဲ့သည့် ပုံမှန်အစည်းအဝေးနှစ်ခုအတွင်း လွှတ်တော်များဖွံ့ဖြိုးရေးနှင့် ပြည်သူ့ကိုယ်စားပြု စွမ်းဆောင်နိုင်ခဲ့သည်များကို ကိုယ်စားလှယ်များပါဝင်မှု၊ ဆောင်ရွက်ချက်၊ လုပ်ငန်းပြီးစီးမှုများအလိုက် ပြည်သူ့လွှတ်တော်ဆောင်ရွက်ချက်များနှင့် ချိန်ထိုး၍ တင်ပြလိုပါသည်။ ယခုလို အစဦးကာလတွင် ဆောင်ရွက်နိုင်မှုကို အရေအတွက်နှင့်သာ ဆန်းစစ်နိုင်မည်ဖြစ်ပြီး လွှတ်တော်မှ ဆုံးဖြတ်ချက်များကို နောက်ဆက်တွဲ အကောင်အထည်ဖော်နိုင်မှုအတိုင်းအတာကို စဉ်ဆက်မပြတ်ဆန်းစစ်၍သာ အရည်အသွေးပိုင်းကို ကြည့်နိုင်မည်ဟု ယူဆပါသည်။

ပြည်သူ့လွှတ်တော်ကို ပမာထား၍ ဆောင်ရွက်နိုင်မှုကို ကြည့်လျှင် ၂-၆-၂၀၂၆ ရက်နေ့မှ ၃၀-၇-၂၀၂၆ ရက်နေ့အထိ ၃၂ ရက်ကြာ ကျင်းပခဲ့သော တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများတွင် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုရေးလုပ်ငန်းများကြောင့် လွှတ်တော်၏ဥပဒေပြုရေး၊ အပြန်အလှန်ထိန်းညှိရေးနှင့် ကိုယ်စားပြုရေးတာဝန်များ စတင်အသက်ဝင်လာသည်ဟု ဆိုရပါမည်။ သက်ဆိုင်ရာမဲဆန္ဒနယ်များ၏ လိုအပ်ချက်များကို ထင်ဟပ်သည့် ပြည်သူ့အသံများစွာကို လွှတ်တော်ထဲရောက်အောင် ပို့ဆောင်နိုင်ခဲ့ကြသည်။

လွှတ်တော်၏ အခြေခံများကို တည်ဆောက်ဆဲ ကာလမှာပင် ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၃၆ ခု၊ အဆိုသုံးရပ်၊ ဥပဒေကြမ်းသုံးခုကို မေးမြန်းတင်သွင်း ဆွေးနွေးနိုင်ခဲ့ခြင်းမှာ ကိုယ်စားလှယ်များ၏ စွမ်းဆောင်နိုင်မှုပင်ဖြစ်သည်။ ဒုတိယပုံမှန်အစည်းအဝေးတစ်ခုတည်းမှာ ကြယ်ပွင့်ပြမေးခွန်း ၈ ခုအထိ မေးမြန်းနိုင်သူ ကိုယ်စားလှယ်တစ်ဦးနှင့် မေးခွန်းငါးခုအထိ မေးမြန်းသူ ကိုယ်စားလှယ် ၁၂ ဦး၊ အဆို ဆွေးနွေးမှုများတွင် သုံးကြိမ်အထိ ပါဝင်ဆွေးနွေးခဲ့သူ ကိုယ်စားလှယ်ရှိခဲ့သည်ကို ကြည့်၍ ပြည်သူကို ကိုယ်စားပြုမှုနှင့် ပါဝင်မှုအတိုင်းအတာကို အကဲခတ်နိုင်ပါလိမ့် မည်။

ကဏ္ဍအလိုက် မေးမြန်းမှုကို ကြည့်လျှင် ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသည် ၂၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးရှိခဲ့ပြီး မိမိဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ မေးမြန်းဖြေကြားမှုများက အများဆုံးနေရာယူခဲ့သည်ကို တွေ့ရှိရပါသည်။

ဥပဒေပြုရေးအပိုင်းကို ကြည့်လျှင် ဒီဂျစ်တယ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီဖြစ်စေမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မတီက တင်သွင်းသည့် “ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်” ဥပဒေကြမ်း သုံးခုကို ဆွေးနွေးခဲ့ကြပြီး ထိုဥပဒေကြမ်းများကို အဆုံးအဖြတ်ရယူ၍ သက်ဆိုင်ရာလွှတ်တော်သို့ ပြန်လည်ပေးပို့ခြင်း၊ အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းများ ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

တင်သွင်းခဲ့သည့်အဆိုများကို ကြည့်လျှင် ဆွေးနွေးသူ ၁၀ ဦးရှိခဲ့သည့် လယ်ယာထွက်ကုန် စျေးနှုန်းထိန်းညှိရေးဆိုင်ရာ အဆိုက ပြည်သူ့လူမှုစီးပွားဘဝများကို တိုက်ရိုက်ထင်ဟပ်သည်ဖြစ်၍ အတည်ဖြစ်ခဲ့သည်။ ဆွေးနွေးသူ ၁၉ ဦးရှိခဲ့သည့် လူဦးရေနှင့် သန်းခေါင်စာရင်းအချက်အလက်များအား နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်မည့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒအဆိုနှင့် ဆွေးနွေးသူ ၉ ဦးရှိခဲ့သည့် ခေတ်မီ ဒီဂျစ်တယ်စနစ်ဖြင့် အခွန်ကောက်ခံရေး အဆိုနှစ်ရပ်ကိုမူ မှတ်တမ်းတင်နိုင်ခဲ့သည်ကို တွေ့ရသည်။

စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လွှတ်တော်ခေတ်မီရေး E-parliament ဖော်ဆောင်မှု

လွှတ်တော်တာဝန်များကို ထိထိရောက်ရောက်ထမ်းဆောင်နိုင်ရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြင့်မားရေးသည် တိုက်ရိုက်ဆက်စပ်မှုရှိသည်မှာ အထူးအငြင်းပွားစရာမရှိပါ။ ထို့ကြောင့် လွှတ်တော်အစည်းအဝေးများစသည်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးအချက်အလက်မျှဝေခြင်း ဟောပြောပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများကို တက်ရောက်ကြရသည်။ ထိုအစီအစဉ်များကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေပြုရေးစွမ်းရည်၊ ဘတ်ဂျက်စိစစ်နိုင်စွမ်း၊ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး၊ ပညာရေး၊ စက်မှုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ AI ဒီဂျစ်တယ်အသိအမြင်များ တိုးပွားလာမည်ဟု ယူဆပါသည်။

လွှတ်တော်လုပ်ငန်းစဉ်များ ပိုမိုလွယ်ကူစေရန်နှင့် သတင်းအချက်အလက်များ လျင်မြန်စွာ ဖြန့်ဝေနိုင်ရန် ဒီဂျစ်တယ်နည်းပညာအခြေပြုစနစ်များကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ E Registration နှင့် E Voting၊ လွှတ်တော်အစည်း အဝေး Livestream လွှင့်ထုတ်မှု၊ WebsiteVideo ConferencingEmail system အသုံးပြုမှုများမှာ လက်ရှိဆောင်ရွက်နေသော E parliament ၏ အစိတ်အပိုင်းများအဖြစ် မြင်တွေ့နိုင်ပါသည်။

နိုင်ငံတကာဆက်ဆံရေး

လွှတ်တော်ကဏ္ဍ မြင့်မားတိုးတက်ရေးတွင် နိုင်ငံတကာဆက်ဆံရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လက်ရှိမြန်မာနှင့် ကမ္ဘာ့အခင်းအကျင်းများအရ Parliamentary Diplomacy သည် အရေးပါနေသည့်အတွက် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်ဆံရေးများ တိုးမြှင့် နိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံဘရက်စ်မြို့ "Great Heritage-Common Forum" သို့ တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ရုရှားနိုင်ငံ State Duma အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေခဲ့သည်။

ထို့အပြင် UN ဌာနေညှိနှိုင်းရေးမှူးအပါအဝင် နိုင်ငံ ၇ နိုင်ငံမှ လွှတ်တော်နှင့် သံတမန်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော နိုင်ငံ ၃ နိုင်ငံနှင့်AIPA အဖွဲ့ထံ သဝဏ်လွှာများပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာဆက်ဆံရေး လမ်းကြောင်းများကို တိုးချဲ့တည်ဆောက်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ပြည်သူနှင့် အနီးစပ်ဆုံးဖြစ်စေရန်

လွှတ်တော်သည် နိုင်ငံတော်အစိုးရနှင့် ပြည်သူအကြား ပေါင်းကူးတံတားမည်ပါ၏။ ပြည်သူကို ကိုယ်စားပြုမည်ဟု ခံယူလိုက်သည်နှင့် ပြည်သူနှင့် အနီးဆုံးတွင် ရှိရတော့မည်ဖြစ်သည်။ ထို့အတွက် လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ချက်များကို

သိရှိနိုင်ရန် လွှတ်တော် Website အပြင် YouTubeTiktok "Civic Echo" တစ်ခုကို ဖွင့်နိုင်ခဲ့ပြီးပြည်တွင်း ပြည်ပသတင်းမီဒီယာ ၄၈ ခုကလည်း အစည်းအဝေးကျင်းပစဉ်ကာလအတွင်း နေ့စဉ် လွှတ်တော်သတင်းများကို ရယူခဲ့ပါသည်။

နေ့စဉ်လွှတ်တော်ဆောင်ရွက်ချက်များကို မီဒီယာများနှင့် ထိတွေ့ရှင်းလင်းချပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးပါ သတင်းမီဒီယာအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပါသည်။ ထို့အပြင် ဒုတိယပုံမှန်အစည်းအဝေးအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ သတင်းစာရှင်းလင်းပွဲကို ဆောင်ရွက်နိုင်ခဲ့ပြီး နောက်ပိုင်းပုံမှန်အစည်းအဝေးတစ်ခုပြီးတိုင်း ဆက်လက်ဆောင်ရွက်သွားမည်လည်း ဖြစ်ပါသည်။

လွှတ်တော်နှင့် ပြည်သူနီးစပ်စေရေးအစီအစဉ်တွင် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၏ လွှတ်တော်လေ့လာရေး အစီအစဉ်များလည်းပါဝင်သည်။ လွှတ်တော်လေ့လာရေးအစီအစဉ်တွင် လေ့လာရေးအဖွဲ့ ၃၁ ဖွဲ့နှင့် လေ့လာသူဦးရေ ၁၇၅၂ ဦး ရှိခဲ့ခြင်းသည် လွှတ်တော်နှင့် ဒီမိုကရေစီပြယုဂ် တစ်ခုကို ပီပြင်စွာဖော်ဆောင်နိုင်ခြင်းကို ပြသနေပါသည်။

အချုပ်အားဖြင့် တတိယအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးနှစ်ခုအနေဖြင့် ပြည်သူကိုယ်စားပြု လွှတ်တော်တာဝန်များကို အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင် ခဲ့ပါပြီ။ အခြေခံကောင်းများစွာကို တည်ဆောက်နိုင်ခဲ့ပြီး လွှတ်တော်လုပ်ငန်းစဉ်များလည်း စတင်ထင်ရှားလာခဲ့ပါပြီ။ နိုင်ငံတကာဆက်ဆံရေး၊ စွမ်းရည်မြှင့်တင်ရေး၊ ပြည်သူကိုယ်စားပြုမှု၊ အများပြည်သူပါဝင်မှုနှင့် သတင်းအချက်အလက်ဖြန့်ဝေမှုများတွင် တိုးတက်မှုများ ရှိလာပြီး လွှတ်တော်ကဏ္ဍ မြင့်မားရေးကို စွမ်းရည်ရှိရှိဖြင့် တည်ဆောက်ကြရပါမည်။ အရေအတွက်ရလဒ် (Output) ထက် အသုံးချထိရောက်မှု (Outcome) များဖြစ်အောင် ဆက်လက်ကြိုးစားကြပါမည်။ သို့မှသာနိုင်ငံနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ငြိမ်းချမ်းလုံခြုံဖွံ့ဖြိုးမှုဆီ ဦးတည်သော သက်ရောက်မှုကောင်းများ (Positive impacts) များ ရရှိလာမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment