Saturday, August 29, 2026

ပညာရေးကဏ္ဍကိုမြှင့်တင်အားပေး စံကိုက်ကျောင်းဖြစ်စေရေးကြိုးပမ်း

 


နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရရှိရေးသည် မဖြစ်မနေလိုအပ်ချက်တစ်ခုပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကောင်းများရရှိရန်အတွက် ပညာရေးစံနှုန်းပြည့်မီသော ကျောင်းများဖြစ်စေရန် လိုအပ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် ဆရာ ဆရာမများနှင့် ပညာသင်ယူလိုသည့်ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်သည်။ ယင်းအခြေအနေကောင်းများပြည့်စုံလာစေရန် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက်ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၁၉၇၃ ခုနှစ်တွင် အတန်းပညာမရှိသူများမှာ နိုင်ငံလူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ၀၉ ရာခိုင်နှုန်းရှိသည်။ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါအတန်းပညာအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ပညာရေးသည် တိုးတက်သင့်သလောက် တိုးတက်လာသည်ကို တွေ့ရသည်။ ထိုသို့တိုးတက်လာသော်လည်း လက်ရှိတွင် ပညာကိုဆုံးခန်းတိုင်အောင်သင်ကြားမှု၌ အားနည်းလျက်ရှိပြီး ပညာအဆင့်အတန်းအလိုက် ကျောင်းထွက်ရာခိုင် နှုန်းမြင့်မားနေသေးသည်ကို တွေ့ရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိသည်။ သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအား ဆရာအရည်အသွေးတိုးတက်မြင့်မားရေးကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသလို ချီးမြှင့်ထောက်ပံ့ငွေများကိုလည်း ပေးအပ်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးမှအစ လိုအပ်သည့် အခြေခံသင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက်လည်း အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။

အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းများဖြစ်စေရေးမှာ အရေးကြီးသည့်အချက်ဖြစ်သည်။ စံကိုက်ကျောင်းဆိုသည်မှာ သတ်မှတ်ထားသော မြေဧရိယာ အကျယ်အဝန်း၊ အခြေခံအဆောက်အအုံနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှု ဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီသည့် အခြေခံပညာကျောင်းများကို ဆိုလိုခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းခန့်ရှိပြီး ယင်းကျောင်း များအနက် စံကိုက်သည့်ကျောင်းများမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။ ပညာရေး အသုံးစရိတ်အပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာရှိ အခြေခံပညာကျောင်းများ အားလုံး စံကိုက်ကျောင်းများဖြစ်စေရေးအတွက် လိုအပ်ချက်များရှိခဲ့သည်။ ယခုအခါ ပညာရေးအသုံးစရိတ်ကို နိုင်ငံတော်က မြှင့်တင်ဆောင်ရွက်ပေးထားပြီဖြစ်၍ စံကိုက်ကျောင်းများ တဖြည်းဖြည်းပေါ်ထွန်းလာမည်ဖြစ်သည်။

အခြေခံပညာကျောင်းများကို စံချိန်စံညွှန်းကိုက်ညီပြီး အညီအမျှခွဲခြား ဆောင်ရွက်ရာတွင် အခြေခံမူလတန်းကျောင်းတစ်ကျောင်းအနေဖြင့် သတ်မှတ်ဧရိယာသုံးဧကမှ ငါးဧကအထိ ရှိရမည်ဖြစ်သည်။ အခြေခံပညာအလယ်တန်းကျောင်းအနေဖြင့် ငါးဧကမှ ခုနစ်ဧကအထိရှိရမည်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်းအနေဖြင့် ခုနစ်ဧကမှ ၁၀ ဧကအထိ သတ်မှတ်ထားသည်။ စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ တန်းစီသည့်နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် အားကစားကွင်းများရှိရန်လိုအပ်သကဲ့သို့ အဆောက်အအုံများကိုလည်း စနစ်တကျဆောက်လုပ်ထားရန်လိုအပ်သည်။ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာက အခြေခံပညာကျောင်းများ၏ မြေပြင်အခြေအနေကို စနစ်တကျစာရင်းကောက်ယူပြီး သတ်မှတ်ထားသည့် မြေဧရိယာ အကျယ်အဝန်း အခြေအနေပေးသည့်ကျောင်းများကို စံကိုက်ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့်မြှင့်တင်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားထားသည်။

စာသင်ကျောင်းများဆောက်လုပ်ရာတွင် စနစ်တကျဆောက်လုပ်ရန်နှင့် ရေရှည်အတွက် ထည့်သွင်းစဉ်းစား၍ စီမံချက်များရေးဆွဲဆောင်ရွက်သွားရန်လိုသည်။ စာသင်ကျောင်းများ လုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ကျောင်းများအနီး ပတ်ဝန်းကျင်ကောင်းများဖြစ်စေရေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။ အခြေခံပညာကျောင်းများအနေအထားအရ မြို့ပြများတွင် စံကိုက်ကျောင်းအဖြစ် တည်ဆောက်နိုင်ရန် မြေအနေအထားအရအခက်အခဲရှိသည့် ကျောင်းများ ရှိသော်လည်း နယ်မြို့များအနေဖြင့်မူ များသောအားဖြင့် မြေနေရာအနေအထား လောက်လောက်ငငရှိသဖြင့် စံကိုက်ကျောင်းများအဖြစ် တည်ဆောက်သွားနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် စံကိုက်ကျောင်းများပေါ်ထွန်းလာပြီး စနစ်တကျ ဘက်စုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း။         


No comments:

Post a Comment