Saturday, August 29, 2026

ကလေးသူငယ်နှင့် လူငယ်များအား ဆိုက်ဘာနယ်ရှိ အန္တရာယ်များမှကာကွယ်


အရွယ်မရောက်သေးသူများ လူမှုကွန်ရက်အသုံးပြုခြင်းအပေါ် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားတို့တွင် ထိန်းချုပ်မှုများ ပြုလုပ်လာကြသည်ကို သတင်းများတွင် မကြာခဏတွေ့ရသည်။ လူမှုကွန်ရက်များကို အလွန်အကျွံအသုံးပြုခြင်းသည် အရွယ်မရောက်သေးသူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မြင့်တက်လာနေချိန်တွင် ဂျပန်အစိုးရက စည်းမျဉ်းအသစ်များချမှတ်ရန် စဉ်းစားနေကြောင်း၊ ဖိလစ်ပိုင်တွင်လည်း အသက် ၁၃နှစ် နှင့်အောက် ကလေးများအား လူမှုကွန်ရက်နှင့် အွန်လိုင်းဂိမ်းပလက်ဖောင်းများ အသုံးပြုခြင်းကို လုံးဝပိတ်ပင်ရန်နှင့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အရွယ် လူငယ်များ၏ အသုံးပြုမှုကို စည်းမျဉ်းများဖြင့် ထိန်းချုပ်ရန် ဥပဒေမူကြမ်း ရေးဆွဲနေကြောင်း စသည့်သတင်းများကို မကြာမီကတွေ့ရှိရသည်။

အရွယ်မရောက်သေးသူ ကလေးများနှင့်လူငယ်များ အဓိကကြုံတွေ့ကြရသည့် အွန်လိုင်းအန္တရာယ်များမှာ ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်းဂိမ်းများတွင် အခြားသူများ၏ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် နှောင့်ယှက်ခြင်းကဲ့သို့သော အွန်လိုင်းအနိုင်ကျင့်ခြင်း (Cyberbullying)၊ လုပ်ကြံဖန်တီးထားသည့် သတင်းတုများဖြင့် လှည့်စားခြင်း၊ အတုအယောင်မိတ်ဆွေဖွဲ့၍ လိမ်လည်ခြင်းနှင့် ငွေကြေးတောင်းခံခြင်း၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် သို့မဟုတ် ဓာတ်ပုံကဲ့သို့သော အချက်အလက်များကို မလုံခြုံဘဲမျှဝေမိခြင်းမှ အမြတ်ထုတ်ခံရပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားခြင်း၊ အသက်အရွယ်နှင့် မလျော်ညီသော အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာရုပ်ပုံနှင့် ဗီဒီယိုများ သို့မဟုတ် အမုန်းစကားများနှင့် ဆက်သွယ်မိခြင်းကဲ့သို့သော မသင့်လျော်သည့် အကြောင်းအရာများနှင့် တွေ့ကြုံရခြင်း၊ အသက်မပြည့်သေးသူများကို လိင်ပိုင်းဆိုင်ရာ မလျော်မကန် ဆက်သွယ်စကားပြောခြင်းနှင့် ဓာတ်ပုံ/ဗီဒီယို တောင်းခံ၍ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်စော်ကားခြင်း စသည်တို့ဖြစ်သည်။

ဩစတြေးလျနိုင်ငံသည် အသက် ၁၆ နှစ်အောက်ကလေးများ လူမှုကွန်ရက်သုံးစွဲခွင့်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ကမ္ဘာတွင် ပထမဦးဆုံး တရားဝင်ကန့်သတ်ပိတ်ပင်သည့် နိုင်ငံဖြစ်လာသည်။ အင်ဒိုနီးရှားနိုင်ငံသည် အသက် ၁၆ နှစ်အောက်ကလေးများ လူမှုကွန်ရက်သုံးစွဲမှုကို ယခုနှစ် မတ်လ ၂၈ ရက်တွင် တရားဝင်ပိတ်ပင်ခဲ့ရာ အာရှတွင် ပထမဆုံးပိတ်ပင်သည့် နိုင်ငံဖြစ်လာပြီး ယခုနှစ် ဇွန်လ ၁ ရက်နေ့တွင် မလေးရှားက အသက် ၁၆ နှစ်အောက်ကလေးများ လူမှုကွန်ရက် အကောင့်သစ် ဖွင့်လှစ်သုံးစွဲခွင့်ကို တရားဝင်ပိတ်ပင်ခဲ့သည်။ နယူးဇီလန်၊ ပြင်သစ်၊ နော်ဝေ၊ တူကီယဲ၊ ဒိန်းမတ်၊ ယူအေအီး စသည့်နိုင်ငံများတွင်လည်း အသက် ၁၅ နှစ် သို့မဟုတ် ၁၆ နှစ်အောက် ကလေးများ လူမှုကွန်ရက်သုံးစွဲခွင့်ကို ပိတ်ပင်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန် ဆွေးနွေးပြင်ဆင်နေကြသည်ဟု သိရသည်။

အွန်လိုင်းအနိုင်ကျင့်ခြင်းအပါအဝင် အွန်လိုင်းမှ စော်ကားခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်း စသည်တို့မှာ လူမှုကွန်ရက်များ၊ အွန်လိုင်းဂိမ်းများ စသည့် အပြန်အလှန်မက်ဆေ့ချ်ပို့နိုင်သည့် ပလက်ဖောင်းများမှတစ်ဆင့် ပြုလုပ်ကြခြင်းဖြစ်သည်။ အွန်လိုင်းမှ အနိုင်ကျင့်ခြိမ်းခြောက်ခံရခြင်းသည် ပြင်ပလောကတွင် ဖြစ်ပေါ်သည်ထက်ပို၍ စိတ်ဖိစီးမှုကြီးမားစေသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အရွယ်မရောက်သေးသူ ကလေးများနှင့် လူငယ်များ၏ အကျင့်စာရိတ္တနှင့် အတွေးအခေါ်၊ ယဉ်ကျေးမှုတို့ကို ထိခိုက်စေနိုင်သော အွန်လိုင်းပေါ်မှ စာပေနှင့်အကြောင်းအရာများသည်လည်း ကလေးများနှင့် လူငယ်များအတွက် အန္တရာယ်ဖြစ်သည်။ တရားဥပဒေကို ဖောက်ဖျက်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို အားပေးလှုံ့ဆော်သည့် အကြောင်းအရာများ၊ လူ့အသိုက်အဝန်း၏ အစဉ်အလာကိုဆန့်ကျင်သော လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှု သို့မဟုတ် အကျင့် စာရိတ္တပျက်ပြားမှုတို့ကျူးလွန်ရန် သွယ်ဝိုက်ဆွဲဆောင်သည့် စာပေများ၊ အချိန်တိုအတွင်း နာမည်ကြီး ထင်ပေါ်ကျော်ကြားရန်အတွက် မမှန်မကန်လူနေမှုပုံစံများ စသည်တို့ကိုလည်း အွန်လိုင်းပေါ်ရှိ လူမှုကွန်ရက်များတွင် တွေ့မြင်နိုင်ရာ ကလေးများနှင့် လူငယ်များအပေါ် အန္တရာယ်မကျရောက်စေရန် ဝိုင်းဝန်းကာကွယ်ပေးကြရမည်ဖြစ်သည်။

အွန်လိုင်းမှ အတုယူမှားစေသည့် စာပေနှင့် အကြောင်းအရာများ၏ အန္တရာယ်မှ ကာကွယ်ပေးရန်အတွက် ကလေးများနှင့် လူငယ်များအား စာကောင်းပေမွန်နှင့် အဆိပ်အတောက်စာကို ဝေဖန်ပိုင်းခြားနိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်း၊ ဖတ်ရသမျှအားလုံးကို ယုံကြည်မည့်အစား ဆန်းစစ်စေခြင်း၊ ၎င်းတို့သုံးစွဲသည့် ဖုန်း/ ကွန်ပျူတာများတွင် Parental Control ကဲ့သို့ နည်းပညာဖြင့် ထိန်းချုပ်ခြင်း၊ မှန်ကန်သည့် အသိပညာဗဟုသုတ တိုးပွားစေရန် စာကောင်းပေမွန်များ လမ်းညွှန်ပေးခြင်း၊ မိဘနှင့်သားသမီး မိသားစုအတွင်း အွန်လိုင်းတွင်တွေ့ရသည့် အကြောင်းအရာများအပေါ် တိုင်ပင်ဆွေးနွေးခြင်းတို့ဖြင့် အွန်လိုင်းမှအန္တရာယ်များကို ကာကွယ်ကြရပါမည့်အကြောင်း။ ။


No comments:

Post a Comment