နေပြည်တော် သြဂုတ် ၁၉
စားသုံးမှု အရည်အသွေးနှင့် အထွက်နှုန်းကောင်းသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးသည် အဓိကဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ မြန်မာ့ဆန်စပါးသုတေသနဌာန၌ ကျင်းပသည့် စပါးမျိုးစေ့ထုတ်နည်းပညာပေးသင်တန်းဖွင့်ပွဲတွင် ပြောကြားသည်။
ထို့ပြင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မျိုးကောင်းမျိုးသန့် လွှမ်းခြုံနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်သူများ၊ တောင်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင် ရွက်သွားကြရန်မှာကြားသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်စိုက်ပျိုးရေးကွင်း ဝန်ထမ်း ၂၀ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက် ၇၀ ကြာမြင့်မည် ဖြစ်သည်။
သင်တန်းဖွင့်ပွဲအပြီးတွင် လှည်းကူးမြို့နယ် အုန္နဲကုန်းကျေးရွာ တောင်သူဦးတင်ယု၏ စပါးစမ်းသပ်ကွက်ကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် တွေ့ဆုံကာ စိုက်ခင်းမြေပြင်ဆင်ရာတွင် သမန်းပုပ်ချိန်ပြည့်ဝစေရေး၊ ရေရရှိမှုအပေါ် မူတည်၍ စိုက်ချိန်ဇယားကို စနစ်တကျစီမံရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျသုံးစွဲခြင်းဖြင့် စိုက်စရိတ်သက်သာပြီး သီးနှံအထွက်နှုန်း၊ စပါးအရည်အသွေးနှင့် အရသာကိုပါ ပိုမိုကောင်းမွန်စေနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့ပြင် ဗဟိုစိုက်ပျိုးပညာပေးသုတေသနနှင့် လေ့ကျင့်ပညာပေးရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သာယာဝတီ)၏ သင်ကြားသင်ယူ ရေးလုပ်ငန်းများ၊ သာယာဝတီမြို့ရှိ စက်မှုလယ်ယာဦးစီးဌာနနှင့် ပြည်မြို့ရှိ အမှတ်(၃၀) စက်မှုလယ်ယာစခန်းတို့တွင် ဧရာဝတီတိုင်းဒေသကြီး ရေလွှမ်းဒေသများ ပြန်လည်ထူထောင်ရေး ထွန်ယက်ရေး(အကူ)အဖွဲ့ ပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment