Sunday, August 30, 2026

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများလေ့လာ

 

နေပြည်တော် ဩဂုတ် ၂၉

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားလူငယ်များ နိုင်ငံတော်၏သမိုင်းနှင့် တပ်မတော်၏သမိုင်းကြောင်းများကို သိရှိပြီး အသိပညာဗဟုသုတများစွာရရှိစေရန်၊ တပ်မတော်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တပ်မတော်တည်ဆောက်မှုများ၊ တီထွင်ဆန်းသစ်မှုများကို ကြည့်ရှုလေ့လာပြီး အနာဂတ်ရည်မှန်းချက်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယင်းသို့စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) Naypyitaw State Academy မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်​တန်းကျောင်း (ရွာသစ်ကုန်း)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည်ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)အတွင်းရှိ ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကြည့်ရှု ကြသည်။

ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက် သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက်ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြသပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ပြင်ပပြကွက်များအနေဖြင့် တပ်မတော်(ရေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူများနှင့် တပ်မတော် (လေ)ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ 

ထို့ပြင် ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ ပြုလုပ်ကာ ပြတိုက်တာဝန်ရှိသူများ၏ မေးမြန်းချက် များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသားကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ဆုအဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment