ဒေါက်တာစိုင်းလပြည့်အောင် (မွေး/ကု)
ကမ္ဘာတစ်ဝန်းရှိ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွားများ၏ နို့နှင့် အသားထုတ်လုပ်မှုသည် လူသားတို့၏ စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။ သို့သော်လည်း မွေးမြူရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်နေသည့် အဓိကအတားအဆီးတစ်ခုမှာ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းပင်ဖြစ်သည်။
ထိုရောဂါများထဲတွင်
Brucella abortus ဗက်တီးရီးယားကြောင့် ဖြစ်ပွားသော ဘရူဆဲလ်လား သားလျှောရောဂါသည် မွေးမြူရေးလုပ်ငန်းရှင်များ
အထူးဂရုပြုရမည့် စီးပွားရေးအရ ထိခိုက်မှုအများဆုံးရောဂါတစ်ခုဖြစ်သည်။ ဘရူဆဲလ်လားသား
လျှောရောဂါကြောင့် မွေးမြူရေးကဏ္ဍတွင် ကြီးမားသောဆုံးရှုံးမှုများကို နည်းလမ်းမျိုးစုံဖြင့်
ရင်ဆိုင်ရတတ်သည်။
ကျွဲ၊ နွားများ၏
ဇီးကာလ နောက်ဆုံးရက်သတ္တပတ်ကာလများတွင် သားလျှောခြင်းကြောင့် ကျွဲ၊ နွားသားပေါက်မှုကောင်ရေ
ဆုံးရှုံးရသဖြင့် စီးပွားရေးအရတိုက်ရိုက်ဆုံးရှုံးနိုင်သည်။ ရောဂါပိုးကြောင့် နို့ထွက်နှုန်း
သိသိသာသာလျော့ကျသွားပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများကို အရှုံးပေါ်စေပါသည်။
ထို့ပြင် ရောဂါပိုးသည် မျိုးပွားစနစ်ကို ပျက်ပြားစေသဖြင့် ဇီးကာလ ခုနစ်လဝန်းကျင်တွင်
သားလျှောပြီး အချင်းကျန်ခြင်း၊ သားအိမ်ရောင်ခြင်းနှင့် နာတာရှည်မြုံခြင်းတို့ကြောင့်
ကျွဲ၊ နွားမများကို ခြံမှစောစီးစွာ နုတ်ပယ်ရတတ်သည်။
ကျွဲ၊ နွား၊ သိုးများတွင်
ရောဂါပိုးဝင်ပါက ဝှေးစေ့များ ရောင်ရမ်းနာကျင်လာတတ်သည်။ ထို့ကြောင့် သုတ်ကောင်အရည်အသွေးကျဆင်းကာ
မျိုးမအောင်နိုင်တော့ပေ။ အချို့သောနွားများတွင် အဆစ်အမျက်များ၌ အရည်အိတ်တည်ကာ ရောင်ရမ်းခြင်း၊
ခြေထော့ခြင်းတို့ကိုဖြစ်စေသည်။ အထူးဂရုပြုရမည့်အချက်မှာ ရောဂါပိုးရှိသော ကျွဲ၊ နွားမတစ်ကောင်သည်
ပထမအကြိမ်တွင် သားလျှောနိုင်သော်လည်း နောက်ပိုင်းသားစပ်ဇီးတင်ခြင်းများတွင် သားမလျှောဘဲ
ပုံမှန်အတိုင်းမွေးဖွားနိုင်ပါသည်။
သို့သော် ယင်းနွားမသည်
ရောဂါပိုးကို တစ်သက်လုံးသယ်ဆောင်ထားပြီး သားပေါက်ပွားချိန်တိုင်းတွင် ရောဂါပိုးများကို
အမြောက်အမြား ဆက်လက်ထုတ်လုပ်ပျံ့နှံ့စေတတ်သဖြင့် အန္တရာယ်ကြီးမားပါသည်။ ရောဂါပိုးကူးစက်ခံနေရသော
ခြံ သို့မဟုတ် ဒေသတစ်ခုသည် ပြည်တွင်း/ ပြည်ပသို့ မျိုးနွားနှင့် နို့ထွက်ပစ္စည်းများ
ကုန်သွယ်ရာတွင် ပိတ်ဆို့ကန့်သတ်ခံရမှုများ ဖြစ်ပေါ်တတ်သည်။ ထို့ကြောင့် ဘရူဆဲလ်လားသားလျှောရောဂါကို
ထိရောက်စွာ ရှာဖွေဖော်ထုတ်ထိန်းချုပ်နိုင်ခြင်းသည် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု
အဆင့်မျှသာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ မွေးမြူရေး၊ စီးပွားရေးကဏ္ဍတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်ရာရောက်ပါသည်။
မွေးမြူရေးသမားများလိုက်နာရမည့်
ဇီဝလုံခြုံမှု (Biosecurity)
မွေးမြူရေးခြံများတွင်
ဘရူဆဲလ်လားသားလျှောရောဂါအပါအဝင် အခြားသော ကူးစက်ရောဂါများ ခြံအတွင်းသို့ ရောဂါပိုးဝင်ရောက်မလာစေရန်နှင့်
ခြံတွင်းရှိ ရောဂါပိုးများ အပြင်သို့ ပြန့်ပွားမသွားစေရန်အတွက် ဇီဝလုံခြုံမှုစနစ်သည်
အရေးကြီးဆုံးတံတိုင်းတစ်ခုဖြစ်သည်။
ခြံတစ်ခုတွင် ရောဂါအသစ်ကူးစက်ရခြင်း၏
အဓိကအကြောင်းရင်းမှာ အပြင်မှ ရောဂါပိုးသယ်ဆောင်လာသော တိရစ္ဆာန်အသစ်များကို စနစ်တကျစိစစ်ခြင်းမရှိဘဲ
ခြံထဲသို့ ချက်ချင်း ရောနှောထည့်သွင်းခြင်းကြောင့်ဖြစ်သည်။ အပြင်မှ ဝယ်ယူလာသော ကျွဲ၊
နွားများကို အနည်းဆုံး ရက် ၃၀ မှ ၄၅ ရက်အထိ သီးခြားတင်းကုပ်တွင် ခွဲထား၍ စောင့်ကြည့်ရမည်။
သီးခြားခွဲထားစဉ်ကာလအတွင်း ဘရူဆဲလ်လားသားလျှောရောဂါ ရှိ၊ မရှိအတွက် သွေးရည်ကြည်စစ်ဆေးခြင်းနှင့်
အခြားသောအရေးကြီးကူးစက်ရောဂါများကို တိရစ္ဆာန်ဆေးကုဆရာဝန် နှင့်တိုင်ပင်ကာ သေချာစွာစစ်ဆေးရမည်။
တိရစ္ဆာန်များကို ဝယ်ယူရာတွင် ရောဂါကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်ရှိသောခြံများ
သို့မဟုတ် ရောဂါကင်းစင်နယ်မြေများမှသာ ရွေးချယ်ဝယ်ယူသင့်သည်။
ဘရူဆဲလ်လားသားလျှောရောဂါသည်
မျိုးပွားလမ်းကြောင်းမှတစ်ဆင့် အဓိကကူးစက်သဖြင့် သားစပ်ခြင်းလုပ်ငန်းစဉ်တွင် ထိန်းချုပ်မှုအလွန်လိုအပ်သည်။
သဘာဝအတိုင်း မျိုးနွားသိုးဖြင့် သားစပ်ခြင်းသည် အထီးများမှတစ်ဆင့် အမများဆီသို့ ရောဂါအမြန်ဆုံးပြန့်ပွားစေနိုင်သည်။
ထို့ကြောင့် ရောဂါပိုးကင်းစင်ကြောင်း ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးသား မျိုးရည်ခဲချောင်းကိုသာ
အသုံးပြု၍ မေထုန်မဲ့မျိုးစပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သဘာဝအတိုင်းသားစပ်မည့်
မျိုးနွားသိုးကို အသုံးပြုရမည်ဆိုပါက ထိုမျိုးနွားသိုးကို တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ်
ဘရူဆဲလ်လားသားလျှောရောဂါ ရှိ၊ မရှိ သွေးစစ်ရပါမည်။
ဇီးရှိနွားမသားပေါက်ပါက
ထိုနွားမကို အခြား ကျွဲ၊ နွားများနှင့် ချက်ချင်းခွဲထုတ်ရမည်။ အကယ်၍ သားလျှောခြင်းဖြစ်ပေါ်ပါက
မိမိမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ သတင်းပေးကာ တိရစ္ဆာန်ဆေးကုဆရာဝန်၏
ညွှန်ကြားချက်ဖြင့် တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ဘရူဆဲလ်လား သားလျှောရောဂါ
ရှိ၊ မရှိ စစ်ဆေးချက်အဖြေရယူရမည်။ သားလျှောကျသွားသော သန္ဓေသား၊ အချင်းနှင့် သားအိမ်မှထွက်သော
အရည်များကို ထုံးမှုန့်ဖြူး၍ မြေနက်နက်မြှုပ်ခြင်း သို့မဟုတ် မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ရမည်။
၎င်းနေရာကို ပိုးသတ်ဆေးပြင်းပြင်းဖြင့် ချက်ချင်းဆေးကြောရမည်။
လူ့အသုံးအဆောင်
ဖိနပ်၊ အဝတ်အစားနှင့် မော်တော်ယာဉ်များ၏ ကားဘီးများသည် ရောဂါပိုးများကို ခြံတစ်ခုမှတစ်ခုသို့
သယ်ဆောင်ပေးသည့် ကြားခံများဖြစ်သဖြင့် ခြံပတ်ပတ်လည်ကို လုံခြုံသော ခြံစည်းရိုးခတ်ထားပြီး
အပြင်လူ သို့မဟုတ် လေလွင့်တိရစ္ဆာန်များ အလိုအလျောက်မဝင်နိုင်အောင် တားဆီးရမည်။ ခြံအဝင်ဝတွင်
ဖိနပ်ပိုးသတ်ကန်နှင့် မော်တော်ယာဉ်များ ဖြတ်သန်းရမည့် ပိုးသတ်ဆေးရည်ကန်များကို ထားရှိရမည်။
ခြံထဲသို့ ဝင်ရောက်မည့်အလုပ်သမားများနှင့် ဧည့်သည်များသည် ခြံတွင်းသုံး သီးသန့်ဖိနပ်နှင့်
အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ရမည်။
ဘရူဆဲလ်လားသားလျှောရောဂါပိုးသည်
လူကိုပါကူးစက်နိုင်သဖြင့် ခြံလုပ်သားများကိုယ်တိုင် ဘေးကင်းစေရန် လုပ်ဆောင်ရမည်။ ကျွဲ၊
နွားလေးများသားပေါက်ခြင်းကို ကူညီရာတွင်သော်လည်းကောင်း၊ သားလျှောထားသည်များကို ကိုင်တွယ်ရာတွင်သော်လည်းကောင်း
ရော်ဘာလက်အိတ်ရှည်များကို မဖြစ်မနေဝတ်ဆင်ရမည်။ လုပ်ငန်းခွင်ပြီးဆုံးတိုင်း လက်ကို ပိုးသတ်ဆေး၊
ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောရမည်။
ဇီဝလုံခြုံမှုဆိုသည်မှာ
ကုန်ကျစရိတ်အများကြီးသုံးရသည့် နည်းလမ်းထက် နေ့စဉ်စနစ်တကျဂရုစိုက်ရမည့် အလေ့အကျင့်ကောင်းများသာဖြစ်သည်။
ထိုစနစ်ကို တိကျစွာလိုက်နာခြင်းဖြင့် ခြံအတွင်းသို့ ရောဂါပိုးဝင်ရောက်မှုကို အထိရောက်ဆုံးတားဆီးနိုင်ပြီး
မွေးမြူရေးလုပ်ငန်းကို ရေရှည်တွင် အမြတ်ဆုံးရှုံးမှုကင်းဝေးစေကာ အောင်မြင်ဖြစ်ထွန်းစေမည်ဖြစ်သည်။
လူသို့ ကူးစက်နိုင်သည့်
အန္တရာယ်များနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်
ဘရူဆဲလ်လားသားလျှောရောဂါသည်
တိရစ္ဆာန်များတင်မကဘဲ လူကိုပါဒုက္ခပေးနိုင်သည့် အရေးကြီးသော တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါဖြစ်သည်။
ရောဂါပိုးရှိသော ကျွဲ၊ နွားမှ ညှစ်ထားသည့် နို့စိမ်းများကို ပိုးသတ်ခြင်း (Pasteurization)
သို့မဟုတ် ကျိုချက်ခြင်းမပြုလုပ်ဘဲ သောက်သုံးမိခြင်း၊ ယင်းနို့စိမ်းဖြင့် ပြုလုပ်ထားသော
ဒိန်ခဲ၊ ဒိန်ချဉ်များကို စားသုံးမိခြင်းမှတစ်ဆင့် အဓိကကူးစက်နိုင်သည်။ လက်အိတ်မပါဘဲ
သားလျှောထားသော သန္ဓေသား၊ အချင်း၊ သားအိမ်မှထွက်သော အရည်များကို ကိုင်တွယ်ရာမှ အရေပြားအနာ
သို့မဟုတ် မျက်စိအမြှေးပါးတို့မှတစ်ဆင့် ပိုးဝင်ကာကူးစက်နိုင်ပါသည်။ ထို့ပြင် သားသတ်ရုံများ
သို့မဟုတ် ဓာတ်ခွဲခန်းများတွင် ဗက်တီးရီးယားပါဝင်သော အမှုန်အမွှားများကို ရှူရှိုက်မိရာမှလည်း
ကူးစက်နိုင်ပါသည်။
လူတွင် ရောဂါပိုးကူးစက်ခံရပါက
အဖျားတက်လိုက်၊ ကျလိုက်ဖြစ်သော အဖျားရောဂါကို ခံစားရတတ်သည်။ ထို့အပြင် ညဘက်တွင် အလွန်အမင်းချွေးထွက်ခြင်း၊
ချမ်းတုန်ခြင်း၊ တစ်ကိုယ်လုံးရှိ အဆစ်အမျက်များနှင့် ကြွက်သားများ ပြင်းထန်စွာကိုက်ခဲခြင်းနှင့်
ကာလကြာရှည်စွာ နာတာရှည်မောပန်းနွမ်းနယ်ခြင်းဖြစ်စေသည်။ အမျိုးသားများတွင် ဝှေးစေ့ရောင်ခြင်းဖြစ်စေ၍
အမျိုးသမီးများတွင် သားလျှောခြင်းဖြစ်ခဲသော်လည်းဖြစ်နိုင်သည်။
ရောဂါရင့်လာပါက
နှလုံးအဆို့ရှင်ရောင်ခြင်းနှင့် အာရုံကြောစနစ်ကိုထိခိုက်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သည်။
ထို့ကြောင့် ဘရူဆဲလ်လား သားလျှောရောဂါကို ထိန်းချုပ်ရာတွင် တိရစ္ဆာန်ကျန်းမာရေးနှင့်
လူသားကျန်းမာရေးကို တစ်ပြိုင်နက်တည်း အလေးထားသည့် လူနှင့်တိရစ္ဆာန် တစ်ခုတည်းသော ကျန်းမာရေးရှုထောင့်ဖြင့်
ချဉ်းကပ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သော
တရုတ်နိုင်ငံ၏ ဘရူဆဲလ်လားသားလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုများ
တရုတ်နိုင်ငံတွင်
၂၀၂၆ ခုနှစ် မေလ ၂၆ ရက်မှ ၂၉ ရက်အထိ ဘရူဆဲလ်လား သားလျှောရောဂါ ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်လှစ်ခဲ့ရာ အာရှ-ပစိဖိတ်ဒေသနိုင်ငံပေါင်း ၁၁ နိုင်ငံ
တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံမှလည်း ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်တက်ရောက်ခဲ့ရာ
လေ့လာခဲ့ရသော တရုတ်နိုင်ငံ၏ ဘရူဆဲလ်လား သားလျှောရောဂါထိန်းချုပ်ပုံများကို ဝေမျှလိုပါသည်။
တရုတ်နိုင်ငံသည်
မွေးမြူရေးကဏ္ဍ ကြီးထွားလာသည်နှင့်အမျှ ဘရူဆဲလ်လား သားလျှောရောဂါကြောင့် ဖြစ်ပေါ်လာသောစိန်ခေါ်မှုများကို
ရင်ဆိုင်ရန်အတွက် ခေတ်မီဓာတ်ခွဲခန်းကွန်ရက်များနှင့် စနစ်တကျ တိကျသောရောဂါထိန်းချုပ်ရေး
မဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကွင်းဆင်းစစ်ဆေးခြင်းမှသည်
ဗဟိုဓာတ်ခွဲခန်းအပြီးသတ်အထိ အဆင့်ဆင့် စနစ်တကျစစ်ဆေးသည့် စနစ်ကိုသုံးသည်။ အကြိုစစ်ဆေးခြင်းအဖြစ်
Rose Bengal Plate Test (RBPT) နှင့် နို့စားနွားခြံများအတွက် Milk Ring Test
(MRT)တို့ကိုသုံးပြီး ရောဂါသံသယရှိသော နွားအုပ်စုများကို အမြန်ဆုံးခွဲထုတ်ပါသည်။
ထို့နောက် ပိုမိုတိကျသော Enzyme-Linked
Immunosorbent Assay (ELISA) နည်းပညာနှင့် Complement Fixation Test (CFT) နည်းပညာတို့ကို
အသုံးပြုကာ ရောဂါ ရှိ၊ မရှိ အပြီးသတ်အတည်ပြုသည်။ လိုအပ်လျှင် PCR (Polymerase
Chain Reaction) မော်လီကျူလာနည်းပညာကိုသုံးပြီး ဘရူဆဲလ်လား သားလျှောရောဂါပိုးမျိုးစိတ်နှင့်
မျိုးကွဲများကို မျိုးဗီဇအဆင့်အထိ ခွဲခြားစိတ်ဖြာပါသည်။ တရုတ်နိုင်ငံသည် နယ်မြေအလိုက်
ကာကွယ်ဆေးထိုးခြင်းများလည်း ဆောင်ရွက်ပါသည်။
ရောဂါဖြစ်ပွားမှုနှုန်းပေါ်မူတည်၍
ဒေသများကို ခွဲခြားထားပြီး ကာကွယ်ဆေးထိုးနှံမှုကို စနစ်တကျလုပ်ဆောင်သည်။ ရောဂါဖြစ်ပွားမှုမြင့်မားသော
ဇုန်များတွင် မွေးမြူထားသော နွားမတမ်းငယ်များကို ကာကွယ်ဆေးများကို မဖြစ်မနေထိုးနှံစေပါသည်။
ရောဂါပိုးတွေ့ရှိသော တိရစ္ဆာန်များကို ခြံတွင်း၌ ထားရှိခွင့်မပြုဘဲ စနစ်တကျသားသတ်ရုံသို့
ပို့ဆောင်ဖယ်ရှားစေသည်။ ထိုသို့ လုပ်ဆောင်ရာတွင် မွေးမြူရေးသမားများနစ်နာမှုမရှိစေရန်နှင့်
ရောဂါကို ဖုံးကွယ်မထားစေရန်အတွက် အစိုးရမှ ထိုက်တန်သော လျော်ကြေးငွေကို ချက်ချင်းပေးအပ်သည့်
စနစ်ကိုကျင့်သုံးသည်။ တိရစ္ဆာန်များကို ပြည်နယ်တစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းရာတွင်
တင်းကျပ်သော သီးခြားခွဲထုတ်စောင့်ကြည့်ခြင်း (Quarantine) စနစ်နှင့် သွေးစစ်ချက်လက်မှတ်ပါရှိမှသာ
သယ်ဆောင်ခွင့်ပြုသည်။
ထို့အတူ မြန်မာနိုင်ငံတွင်လည်း
လက်ရှိပကတိအခြေအနေများနှင့် ပေါင်းစပ်ကာ လိုက်လျောညီထွေမှုရှိသော လုပ်ငန်းစဉ်များဖြင့်
အကောင်အထည်ဖော်သွားမည်ဆိုပါက ရောဂါဖြစ်ပွားမှုကို အောင်မြင်စွာထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဘရူဆဲလ်လား သားလျှောရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းအားဖြင့် ကျွဲ၊ နွား မျိုးကောင်း
မျိုးသန့်များကို ကာကွယ်နိုင်ပြီး ခြံများ၏ကုန်ထုတ်စွမ်းအားမြင့်မားလာမည်။ နို့နှင့်
အသားထုတ်လုပ်မှုတိုးတက်လာပြီး ပြည်တွင်းစားရေရိက္ခာဖူလုံရုံသာမက ပြည်ပသို့ပါ တင်ပို့နိုင်သည့်
အဆင့်မြင့်မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာမည်။ တိရစ္ဆာန်မှ လူသို့ ကူးစက်မှုကို
တားဆီးနိုင်သဖြင့် မွေးမြူရေးလုပ်သားများနှင့် ပြည်သူလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝကို
မြှင့်တင်ပေးနိုင်မည်။
နိဂုံးချုပ်အားဖြင့်
ဘရူဆဲလ်လားသားလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည်
တိရစ္ဆာန်ကူးစက်ရောဂါတစ်ခုကို နှိမ်နင်းခြင်းမျှသာမဟုတ်ဘဲ မြန်မာ့မွေးမြူရေးကဏ္ဍတစ်ရပ်လုံး
ရေရှည်တည်တံ့ခိုင်မြဲပြီး ခေတ်မီတိုးတက်လာစေရန်အတွက် မရှိမဖြစ်လုပ်ဆောင်ရမည့် မဟာဗျူဟာမြောက်
ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။
No comments:
Post a Comment