မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါးဧက ၁၅ သန်းခန့်နှင့် နွေစပါးဧက ၂ သန်းခန့် စုစုပေါင်းစပါးစိုက်ဧက ၁၇ သန်းဝန်းကျင် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နှင့် ပြည်ပဈေးကွက်အကြိုက်စပါးမျိုး ၂၀ ကျော်ခန့် စိုက်ပျိုးနေခြင်းဖြစ်သည်။ နှစ်စဉ်စပါးစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း၌ စားသုံးပြီး ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။
‘‘မိမိတို့အစိုးရအနေဖြင့် စားရေရိက္ခာအတွက် အဓိကကျသည့် ဆန်စပါးကို လယ်မြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးစေပြီး ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပကို ဆန်စပါးတင်ပို့မှု မြင့်မားခဲ့သည့်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်ဆိုသည့် မျှော်မှန်းချက်နှင့်အညီ ပထမအဆင့်တွင် ပြည်ပသို့နှစ်စဉ်ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် အရည်အသွေးကောင်း စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်နှင့် မျိုးအလိုက်စပါးစိုက်ဧက ၃ ဒသမ ၅ သိန်း ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်မည့်အစီအမံများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအဆင့်တွင် နှစ်စဉ်ဆန်တန်ချိန် ငါးသန်းအထိတင်ပို့နိုင်အောင် ရည်မှန်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံများအတွက်သာမက ကမ္ဘာ့စားနပ်ရိက္ခာကိုပါ ဖြည့်တင်းပေးနိုင်သည့် အဓိကနိုင်ငံများထဲတွင် ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်ပါဝင်လာနိုင်ရန် ရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း’’ နိုင်ငံတော်သမ္မတက နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိတင်ပို့နိုင်ခဲ့ကာ ကမ္ဘာ့ဆန် အများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပြည်ပတင်ပို့နိုင်မှုကျဆင်းခဲ့ပြီးနောက် နှစ်ပေါင်း ၈ဝ ကျော်ခန့်ကြာပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၆ သန်း ပြည်ပသို့ ပြန်လည်တင်ပို့နိုင်ခဲ့သည်။ မျက်မှောက်ခေတ်ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှုအများဆုံးနိုင်ငံများအနက် အာရှမှ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်တို့ပါဝင်နေသည်။
ပြည်တွင်းနှင့် ပြည်ပစျေးကွက်များသို့ စားသုံးမှုအရည်အသွေးကောင်းမွန်သောဆန်များ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် မျိုးသန့်စိုက်ပျိုးသည့်ဓလေ့ကို ပြောင်းလဲ၍ မျိုးစေ့ထုတ်ကုမ္ပဏီများမှထုတ်လုပ်သော အရည်အသွေးကောင်းသည့်မျိုးစေ့များ ဝယ်ယူသုံးစွဲစိုက်ပျိုးရန်လိုအပ်ကြောင်း ပညာရှင်များကပြောကြားသည်။ စပါးစိုက်ပျိုးသည့်အပိုင်းတွင် မျိုးကွဲများရောနှောနေခြင်း၊ ဆန်၏အရောင်အသွေး၊ ဆန်သားအရွယ်အစား စသည့်အားနည်းချက်များကို ဂရုပြုဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကြိတ်ခွဲထုတ်လုပ်မှုအပိုင်းတွင်လည်း သန့်ရှင်းပြီးအဆင့်အတန်းမီသည့်ဆန်များရရှိရန်နှင့် ခေတ်မီထုပ်ပိုးမှုရရှိရန်အတွက် ခေတ်မီဆန်စက်များဖြင့် ကြိတ်ခွဲထုတ်လုပ်ရမည်ဖြစ်သည်။ ဆန်အရည်အသွေးကောင်းမွန်မှုသည် စပါးစိုက်ပျိုးသည့် မြေအရည်အသွေးပေါ်တွင်မူတည်ခြင်းကြောင့် သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများကို အချိုးကျရောစပ်ထည့်သွင်း၍ မြေကိုသြဇာဓာတ်ပြည့်ဝစေခြင်းဖြင့် များစွာအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေကြောင်း လက်တွေ့သုတေသနရလဒ်များ ရရှိထားသည်ဟုလည်းဆိုသည်။
ကမ္ဘာ့အကောင်းဆုံး ဆန်မျိုးများတွင်ပါဝင်သည့် ပေါ်ဆန်းစပါးကို ဧရာ၀တီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ဆန်ကိုချက်လိုက်သည့်အခါတွင် ထမင်းသည် ဆန်လုံးထက် အလျားနှစ်ဆခန့်ရှည်ထွက်လာခြင်း၊ နူးညံ့ခြင်း၊ မွှေးသောရနံ့ကိုရရှိခြင်း၊ အခြားဆန်များထက် ပို၍ပရိုတိန်းဓာတ်ကြွယ်ဝခြင်းတို့ကြောင့် ပေါ်ဆန်းဆန်၏ စားသုံးမှုအရည်အသွေးမှာ ထိပ်တန်းအဆင့်တွင်ရှိနေသည်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဆန်စပါးညီလာခံတွင် နိုင်ငံပေါင်းစုံမှ ဆန်များ၏ စားသုံးမှုအရည်အသွေးပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ရာ မြန်မာပေါ်ဆန်းမွှေးက မြန်မာ့ပုလဲဆန် (Myanmar Pearl Rice) ဟူသောအမည်ဖြင့် ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့သည်။ ပေါ်ဆန်းမွှေးသည် အရည်အသွေးအကောင်းဆုံးနှင့် တန်ဖိုးအမြင့်ဆုံးအဖြစ် ထိပ်ဆုံးတွင်ရှိနေသော်လည်း ကောက်ကြီးစပါးဖြစ်ခြင်းကြောင့် စိုက်ပျိုးချိန်ရှည်ကြာပြီး အထွက်နှုန်းမှာလည်း အသင့်အတင့်သာရရှိနိုင်ရာ ယခုအခါ ရေဆင်းပေါ်ဆန်း-၁ နှင့် ရေဆင်းပေါ်ဆန်း-၂ ဟူသော ပေါ်ဆန်းမျိုးသစ်နှစ်မျိုး ပေါ်ထွက်လာပြီဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးရန် ပညာရှင်များကအကြံပြုထားသည်။
သို့ဖြစ်ရာ စားသုံးမှုအရည်အသွေး ထိပ်တန်းအဆင့်တွင်ရှိနေသည့် အရည်အသွေးကောင်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးပြီး ပြည်ပဆန်ဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာကို ဖြည့်တင်းပေးနိုင်သော ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည်။ ။

No comments:
Post a Comment