Monday, August 24, 2026

ဧရာဝတီအသင်း AFC Women's Champions League အုပ်စုအဆင့်ပြိုင်ပွဲသို့ ယှဉ်ပြိုင်ခွင့်ရ

ရန်ကုန် ဩဂုတ် ၂၃

၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ် (AFC Women's Champions League) ခြေစစ်ပွဲအုပ်စု (F) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာကလပ် ဧရာဝတီအက်ဖ်စီအသင်းနှင့် တရုတ် (တိုင်ပေ) ကလပ် New Taipei City Hang Yuan FC အသင်းတို့ ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအက်ဖ်စီအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အုပ်စုပထမနေရာရရှိရေး နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲစဉ်ဖြစ်သည့် ပထမပိုင်းတွင် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမသွင်းယူနိုင်ဘဲ သရေရလဒ်ဖြင့် ပြီးဆုံး ခဲ့သည်။

ဒုတိယပိုင်း ပွဲစသည်နှင့် ဂိုးကွာခြားချက်အရ နိုင်ပွဲလိုအပ်နေသည့် New Taipei City အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ရာ ပွဲချိန် ၅၇ မိနစ်တွင် ညာတောင်ပံမှ မက်ဆူအိုပေးပို့သည့် ဘောလုံးမှတစ်ဆင့် လူစားဝင်ကစားသမား လင်းမြင့်မိုရ်က ဧရာဝတီအသင်းအတွက် ဦးဆောင်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

ပွဲချိန်ပြည့်သည်အထိ လင်းမြင့်မိုရ်၏ တစ်လုံးတည်းသော ဦးဆောင်ဂိုးဖြင့် အနိုင်ရလဒ်ကိုထိန်းထားနိုင်ခဲ့သည့် ဧရာဝတီအသင်းသည် ယခုခြေစစ်ပွဲတွင် အိမ်ကွင်း၌ သုံးပွဲစလုံး အနိုင်ရရှိခဲ့ပြီး ပေးဂိုးမရှိ ရမှတ်ကိုးမှတ်အပြည့်ဖြင့် အုပ်စု (F) ၏ အုပ်စုပထမအဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ဧရာဝတီအက်ဖ်စီအသင်းသည် စက်တင်ဘာ ၃ ရက်တွင် စတင်ကျင်းပမည့် ၂၀၂၆-၂၀၂၇ AFC Women's Champions League အုပ်စုအဆင့်ပွဲစဉ်များသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-MFF

No comments:

Post a Comment