မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ ပူးပေါင်းကျင်ပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ရန်ကုန်)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊
ဦးထိန်လင်း၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာချာလီသန်း၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊
ဦးမျိုးသန့်၊ ဦးမောင်မြင့်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ
ဦးသစ်လင်းအုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊
ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌ
Mr.
Nakazawa Hiroyuki နှင့်
ထိပ်တန်းဂျပန်ကုမ္ပဏီများမှ အကြီးအကဲများ၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး
ပူးပေါင်းဆောင်ရွက်မှုအသင်း ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဂျပန်ကုမ္ပဏီများမှ
တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊
ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် မြန်မာကုမ္ပဏီများမှ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက မြန်မာ-ဂျပန်စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို
ဒီဂျစ်တယ်နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ဟိုတယ်၊ခရီးသွားလာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “နန်းတွင်းအက တေးအလှ” ယိမ်းအကဖြင့်
ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင်
မြန်မာနိုင်ငံနှင့် ဂျပန်ပြည်သူများအကြား အပြန်အလှန် လေးစားမှု၊ ချစ်ခင်မှု၊
ရင်းနှီးမှုနှင့် ထားရှိသည့် သံယောဇဉ်များသည် နှစ်နိုင်ငံသမိုင်းတွင် စံပြုရသည်အထိ
စွဲမြဲတည်တံ့လျက်ရှိကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ်တွင်
စတင်ထူထောင်ခဲ့ခြင်းဖြစ်သဖြင့် ယခုဆိုပါက နှစ်ပေါင်း (၇၀)ကျော်ခဲ့ပြီဖြစ်ကြောင်း၊
နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့်
မြန်မာပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်
များစွာအထောက်အကူပြုခဲ့သည်ကို အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း။
နှစ်နိုင်ငံ ကုန်သွယ်မှု ကိန်းဂဏန်းအချက်အလက်များကိုကြည့်ပါက
မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှု (Bilateral Trade) ပမာဏသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း
စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄-၂၀၂၅
ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်
အမေရိကန်ဒေါ်လာ ၁၃၄၃ ဒသမ ၆၆၅ သန်းဖြင့် တိုးတက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ
ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၅၈ ဒသမ ၅၈ သန်းရှိခဲ့ပြီး ဂျပန်နိုင်ငံမှ သွင်းကုန်တန်ဖိုး
အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၈၁ သန်း တင်သွင်းခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်
နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၉၄ ဒသမ ၃၉၄ သန်း ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏
စုစုပေါင်းကုန်သွယ်မှုတွင် ဂျပန်နိုင်ငံ၏ ပါဝင်မှုရာခိုင်နှုန်းသည် ၄ ဒသမ ၃၈
ရာခိုင်နှုန်းရှိခဲ့ပြီး ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံအဆင့်
၆ တွင် ရပ်တည်လျက်ရှိကြောင်း။
မြန်မာနိုင်ငံမှဂျပန်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့သည့်
အဓိကပို့ကုန်များအနေဖြင့် ချုပ်လုပ်ပြီး အထည်များ၊ ဖိနပ်ပစ္စည်းများ၊
ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများဖြစ်ကြောင်း၊ ဂျပန်နိုင်ငံမှ
အများဆုံးတင်သွင်းသည့် အဓိကသွင်းကုန်ပစ္စည်းများမှာ အထည်အလိပ်ပစ္စည်းများ၊
သယ်ယူပို့ဆောင်ရေးပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊
စက်နှင့်စက်ပစ္စည်းများ၊ ဇာနှင့်ဇာထိုးထားသည့် အထည်အလိပ်များပင်ဖြစ်ကြောင်း၊
ယခုကျင်းပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တစ်ဆင့် မြန်မာ-ဂျပန်
နှစ်နိုင်ငံကုန်သွယ်မှုကို ယခင်ကထက် ပိုမိုမြှင့်တင်နိုင်မည်ဟု
မျှော်လင့်ပါကြောင်း။
ရင်းနှီးမြှုပ်နှံမှုကို ကြည့်မည်ဆိုပါကလည်း
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် အဓိကအရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊
အထူးသဖြင့် သီလဝါအထူးစီးပွားရေးဇုန် (Thilawa SEZ)သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၏ ထင်ရှားသည့်
ပြယုဂ်တစ်ခုဖြစ်ပြီး၊ စက်မှုဇုန်၊ ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး (Logistics)၊ စွမ်းအင်နှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင်
ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာ
လာရောက်ရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရှိရကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းတွင် ဂျပန်နိုင်ငံမှ
ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံး ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ
ပါဝင်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏
အထင်ကရစီမံကိန်းတစ်ခုဟု ဆိုနိုင်ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်၌
ဂျပန်ကုမ္ပဏီပေါင်း ၅၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားရှိပြီး
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင်
၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လအထိ ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံ (၂၁) နိုင်ငံနှင့်
မြန်မာနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခုကို ရင်းနှီးမြှုပ်နှံရန်
ခွင့်ပြုပေးထားပြီး စုစုပေါင်းအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပါကြောင်း။
လက်ရှိအချိန်တွင် မိမိတို့အနေဖြင့်
သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများအတွက် လျှပ်စစ်စွမ်းအင် တည်ငြိမ်စွာရရှိရေးနှင့်
One-Stop
Service အပါအဝင်
လုပ်ငန်းလည်ပတ်မှုများကို ပိုမိုချောမွေ့လွယ်ကူစေရန် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
ထို့အပြင် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့် ချိတ်ဆက်ပြီး ကုန်ကြမ်းကွင်းဆက် ခိုင်မာစေရေးအတွက်လည်း
တွန်းအားပေးဆောင်ရွက်လျက်ရှိနေကြောင်း၊ ဂျပန်နိုင်ငံမှ
ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး
အခြေခံကုန်ကြမ်းများကို အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ
ထုတ်လုပ်နိုင်မည့်လုပ်ငန်းများအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုမည့်
အဆင့်မြင့်နည်းပညာကဏ္ဍများတွင် ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံပေးကြရန်
ဖိတ်ခေါ်လိုကြောင်း။
ဂျပန်နိုင်ငံသည် ယနေ့အချိန်ထိ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် တည်ဆောက်ရာတွင်
MSME
နှင့် SME လုပ်ငန်းများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို
သိရကြောင်း၊ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍတွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံကြမည်ဆိုပါကလည်း
မိမိတို့နိုင်ငံအနေဖြင့် ကြိုဆိုကြောင်းကို ထပ်မံပြောကြားလိုကြောင်း။
မိမိတို့နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များအရ
ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံတွင် (၉)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု
အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၈၆၉
ဒသမ ၀၅၆ သန်း တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၇ ခု လာရောက်
ရင်းနှီးမြှုပ်နှံကိုင်လျက်ရှိကြောင်း။
မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီပေါင်း ၃၀၀ ခန့်
လုပ်ငန်းများလည်ပတ်လျက်ရှိပြီး ဂျပန်နိုင်ငံသား ၁,၅၀၀ ကျော် လာရောက်နေထိုင်လျက်ရှိသည့်အတွက် နှစ်ဖက်လုပ်ငန်းရှင်များအကြား
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေး အဆင့်ပြေချောမွေ့လျက်ရှိပြီး
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးကိုလည်း
အထောက်အကူပြုစေမည်ဖြစ်ကြောင်း။
မိမိတို့ မြန်မာနိုင်ငံသည် သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်ကြသည့်
အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် လူဦးရေများပြားသည့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမားသည့်ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့်
အာဆီယံဒေသတွင်း အချက်အချာကျသည့်နေရာတွင် ရှိနေကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည်
စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်းများ
ပိုင်ဆိုင်ထားရှိပြီး လူစွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ
ပေါကြွယ်ဝသည့်နိုင်ငံလည်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး
ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့် အလားအလာကောင်းသည့် မြေလွတ်မြေရိုင်းများစွာ ရှိနေကြောင်း၊
မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များသာမက ဆန်၊ ပဲ၊
ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူ
စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် သမားရိုးကျ
စိုက်ပျိုးသည့်စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမည့်
ခေတ်မီစိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းနိုင်ရေး
ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် နိုင်ငံ၏ လက်ရှိလိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊
လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊
စိုက်ပျိုးရေးနှင့်မွေးမြူရေး တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊
ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း
အားပေးဖိတ်ခေါ်လျက်ရှိကြောင်း၊ ကုန်ကြမ်းခိုင်မာစွာရှိထားသည့် ရာဘာကိုအခြေခံသည့်
အဆင့်မြင့်ရာဘာထုတ်လုပ်ခြင်း၊ ရာဘာအခြေခံ တာယာနှင့်ပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း
ဖွံ့ဖြိုးတိုးတက်လာစေရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက်
ပိုမိုရှင်းလင်းခိုင်မာပြီး ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု
ဖန်တီးပေးရန်၊ လုပ်ထုံးလုပ်နည်းများကို လွယ်ကူချောမွေ့စေရေး
ပြုပြင်ပြောင်းလဲရန်နှင့် သင့်တော်သည့် မူဝါဒဆိုင်ရာ ကူညီပံ့ပိုးမှုများပေးနိုင်ရန်
အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် ယုံကြည်စိတ်ချစွာ ပါဝင်ရင်းနှီးမြှုပ်နှံကြရန်လည်း
လှိုက်လှိုက် လှဲလှဲဖိတ်ခေါ်လိုကြောင်း၊ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၏
လာရောက်ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်အနေဖြင့် အစဉ်အမြဲ
လက်ကမ်းကြိုဆိုလျက်ရှိကြောင်းနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကိုလည်း
အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတွင် အဓိကလိုအပ်သည့်
စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများကို
အလေးထားဖိတ်ခေါ်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံ
ကုန်ထုတ်လုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊
ပညာရေးနှင့် ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင်
လာရောက်ရင်းနှီးမြှုပ်နှံရန်လည်း ဖိတ်ခေါ်လိုကြောင်း။
မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့်
ရွေးကောက်ပွဲများအပြီး ထွက်ပေါ်လာသည့် အစိုးရသစ်အနေဖြင့် နိုင်ငံအတွင်း
စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်
ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊
ဥပမာအားဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်(EV)များတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းတို့တွင်
ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်အခွန်နှုန်းထားများကိုလည်း
လျှော့ချပေးလျက်ရှိကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို
ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူမြန်ဆန်အောင်
ဒီဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာ
မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံအလယ်ပိုင်း ရာသီဥတုကောင်းသည့် တောင်ပေါ်ဒေသတွင် မြေဧရိယာ ဧက ၁၀,၀၀၀ ခန့် ကျယ်ဝန်းသည့်
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သဖြင့်
စိတ်ပါဝင်စားသည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့်
လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။
ယခုဖိုရမ်သည် မိမိတို့နှစ်နိုင်ငံအကြား
ရှိရင်းစွဲကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို
ပိုမိုတိုးမြှင့်နိုင်ရန်အတွက် အထောက်အကူပြုမည့် အခြေခံကောင်းတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊
မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် လူငယ်အင်အား၊ လုပ်သားအင်အား
စသည့်အားသာချက်များကို ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၏ အဆင့်မြင့်နည်းပညာ၊
အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံ၊ နည်းပညာ စသည်တို့နှင့်
ပေါင်းစပ်လိုက်မည်ဆိုပါက နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိစေမည့်(Win-Win)စီးပွားရေးပတ်ဝန်းကျင်ကို ပိုမိုခိုင်မာအောင်
တည်ဆောက်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
“မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်”ကို တက်ရောက်လာသည့်
ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့မြန်မာနိုင်ငံသည်
တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေသည်ကို
မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်များကို
တက်ရောက်လာကြသည့် မိတ်ဆွေများမှတစ်ဆင့် ဂျပန်ပြည်သူများကို သတင်းစကား
ပြန်လည်ဖြန့်ဝေပေးစေလိုကြောင်း။
ယနေ့ကျင်းပသည့်ဖိုရမ်တစ်ဆင့်
နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုများ ပိုအားကောင်းပြီး
စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများနှင့် ရလဒ်ကောင်းများ
ပိုမိုခိုင်မြဲတိုးစွာတိုးတက်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ Ingo Peace ဥက္ကဋ္ဌက မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်
ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ယခုကဲ့သို့ မြန်မာ-ဂျပန်
စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်မှုအပေါ် လှိုက်လှိုက်လှဲလှဲ
ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုဖိုရမ်ဖြစ်မြောက်အောင် အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ခဲ့ကြသော
မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု အသင်းအဖွဲ့ဝင်များအား
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဂျပန်နိုင်ငံသားတစ်ဦးအနေဖြင့် မြန်မာ-ဂျပန်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အောက်တွင် နှစ်နိုင်ငံ၏
အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို
ဖန်တီးပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ မြန်မာ-ဂျပန်
နှစ်နိုင်ငံအတူလက်တွဲကာ မျှော်လင့်ချက်နှင့် သာယာဝပြောမှုများပြည့်ဝသည့်
အနာဂတ်တစ်ခုကို အတူတကွ တည်ဆောက်နိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း၊ ယနေ့ကျင်းပသည့်
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှု သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်သည့်
ခြေလှမ်းသစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံ ဂျပန်နိုင်ငံ Ingo
Peace ဥက္ကဋ္ဌက မြန်မာ-ဂျပန်
စီးပွားရေးဖိုရမ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား နေရာအရောက် ဂါရဝပြုပေးအပ်သည်။
ယင်းနောက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာဦးစီးဌာန၊
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား၊
ကျောင်းသူလေးများက ဂျပန်သီချင်း Sakura “ချယ်ရီပန်း” အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲအထိမ်းအမှတ်
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်
အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် ဖွင့်ပွဲအထိမ်းအမှတ်
ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာဖြင့်
လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:
Post a Comment