Tuesday, July 28, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇူလိုင် ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မတအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)၏ နောက်ခံသမိုင်းအကျဉ်း၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု၊ မီးရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကုန်တွဲများ တည်ဆောက်လျက်ရှိမှု၊ နိုင်ငံတကာအဆင့်မီ မီးရထားပို့ဆောင်မှုစနစ်ဖြစ်စေရေး မီးရထားဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရန် ပြည်ပနိုင်ငံများသို့ ဘာသာရပ်များအလိုက် လေ့လာရေးခရီးများ စေလွှတ်ပေးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားအသုံးပြု မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ BEL စက်ခေါင်းများထုတ်လုပ်၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ကုန်ရထား ၃ စီး၊ ရန်ကုန်မြို့ပတ်လမ်းတွင် လူစီးရထား ၃ စီး ပြေးဆွဲဆောင်ရွက်လျက်ရှိမှု၊ RBE မှ BEMU ပြောင်းလဲခြင်းများဆောင်ရွက်၍ ပဲခူး-တောင်ငူနှင့် တောင်ငူ-နေပြည်တော်လမ်းပိုင်းတို့တွင် ပြေးဆွဲလျက်ရှိမှု၊ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးနှင့် အချက်ပြလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ခရီးသည်များ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ လမ်းပိုင်းများအလိုက် ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိမှု၊ မီးရထားစက်ခေါင်းများ တွဲများကြံ့ခိုင်မှုရှိစေရေး၊ စက်ရုံများ၊ ယာဒ်ဝင်းများအလိုက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊ လက်ရှိတာဝန်ယူပြေးဆွဲလျက်ရှိသည့် ရထားများ၏အခြေအနေ ၊ ဒီဇယ်စက်ခေါင်းများ၊ DEMU စက်ခေါင်းများပြေးဆွဲမှု၊ ရပ်နားမှုနှင့် မွမ်းမံပြုပြင်မှုအခြေအနေ၊ ချို့ယွင်းချက်များအပေါ် စိစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်တွင်း၌ အရည်အသွေးပိုမို ကောင်းမွန်သည့် မီးရထားစက်ခေါင်းများအား ထုတ်လုပ်အသုံးပြုနိုင်ရေး အမြဲသုတေသနပြု ဆောင်ရွက်နေရန်လိုကြောင်း၊ စက်ပစ္စည်းများကို ထုတ်လုပ်ရာတွင် လက်ရာသေသပ်ကောင်းမွန်ပြီး ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားဝန်ထမ်းများ အဆင့်မီမီ နေထိုင်နိုင်ရေး ဝန်ထမ်းလိုင်းခန်းများအား စနစ်တကျ ဆောက်လုပ်ပေးသွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနွေးငွေ့စက်ခေါင်းများအား မူလပုံစံမပျက် ပြန်လည်ပြင်ဆင်ထိန်းသိမ်း၍ ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် လမ်းခင်းကျောက်များ ပြည့်မီအောင် ထည့်သွင်းဆောင်ရွက်ရန်နှင့် ဇလီဖားတုံးများကိုလည်း စနစ်တကျ ထည့်သွင်းဆောင် ရွက်သွားရန်လိုကြောင်း၊ ရထားပြေးဆွဲနိုင်ခြင်းမရှိသေးသည့် ရထားလမ်းများကိုလည်း ရထားများပြန်လည်ပြေးဆွဲမည်ဆိုပါက အဆင်သင့်ဖြစ်နေစေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားစက်ခေါင်းများအား သတ်မှတ်ထားသည့် မောင်းနှင်ချိန်များအလိုက် စစ်ဆေးပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးသည် လူအများအပြားအသုံးပြုကြသည်ဖြစ်သဖြင့် ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်များ တိကျမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူစီးရထားတွဲများအား အမြဲသန့်ရှင်းသပ်ရပ်မှုရှိနေစေရေးနှင့် ခရီးသည်များ စည်းကမ်းရှိရှိ စီးနင်းလိုက်ပါနိုင်ရေး၊ အဆင့်မီမီ သက်တောင့်သက်သာ စီးနင်းအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရထားပို့ဆောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးမှာကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားလုံလောက်စွာသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသဖြင့် ရထားပို့ဆောင်ရေးအား အချို့လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကာအသုံးပြုနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများ၌ ရထားလမ်းကုန်းကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်းတည်ဆောက်သွားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ရထားလမ်းများဖောက်လုပ်ခြင်း၊ ရထားတွဲများတည်ဆောက်ခြင်းနှင့် ရထားပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများဆောင်ရွက်ရာတွင် နောင်ဖြစ်လာမည့် နည်းပညာပိုင်းအရ လိုအပ်ချက်များကို ကြိုတင်စဉ်းစား လျာထားတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်အနာဂတ်ကာလတွင် လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရထားတွဲများ ပြေးဆွဲနိုင်ရေးအတွက်လည်း ကြိုတင်လျာထား ဆောင်ရွက်သွားရန်လိုကြောင်း၊ DEMU ရထားတွဲများကိုလည်း ပြည်တွင်း၌ မိမိတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် တိုးချဲ့တပ်ဆင်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှ ရထားတွဲတည်ဆောက်မှု နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့နိုင်ငံ၏ ရထားတွဲတည်ဆောက်မှုများ ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထား လမ်းကူးတံတားများ ကောင်းမွန်စေရေးအတွက်လည်း ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)အတွင်း ပုံမှန် စစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိသည့် DEMU ရထားတွဲဆိုင်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment