ပီပီအိုင်ဘီ
အမည်မည်း (Black List) ဟူသည် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုအား စည်းကမ်းဖောက်ဖျက်မှု၊ ရာဇဝတ်မှု သို့မဟုတ် မသမာမှုများကြောင့် သတ်မှတ်ထားသော လုပ်ငန်း၊ နိုင်ငံ သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုတွင် ပါဝင်ခွင့်၊ သွားလာခွင့် သို့မဟုတ် လုပ်ကိုင်ခွင့်ပိတ်ပင်ခံထားရသည့် စာရင်းတွင် ထည့်သွင်းခံရခြင်းကို ဆိုလိုသည်။
အမည်မည်း
(Black List) စာရင်း ထည့်သွင်းခံရသူများသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပြည်တွင်းနှင့်
ပြည်ပနိုင်ငံများအပါအဝင် ခရီးထွက်ခွာရာတွင် တားဆီးပိတ်ပင်ခံရခြင်းစသည့် လူသားတစ်ဦးရသင့်ရှိသင့်သော
လူမှုစီးပွားဘဝမရရှိနိုင်ဘဲ အခွင့်အရေးဆုံးရှုံးမှုများနှင့် ရင်ဆိုင် ကြုံတွေ့ရမည်ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်
ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအခြေအနေများအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး
ဆောင်ရွက်ခြင်းကို နိုင်ငံတော်အာဏာသိမ်းသည်ဟု မဟုတ်မမှန်စွပ်စွဲပြီး သွေးထိုးလှုံ့ဆော်၊
ဆူပူအကြမ်းဖက်မှုများဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားအောင် လူတချို့က
လုပ်ဆောင်ခဲ့ကြသည်။
နိုင်ငံအတွင်း
ဆူပူဆန္ဒပြမှုများလည်း ဖြစ်ပေါ် ခဲ့သည်။ ဌာနဆိုင်ရာ ဝန်ထမ်းများကို အဓိက ဦးတည်၍
Civil Disobedience Movement (CDM) ပြုလုပ်စေရန် လှုံ့ဆော်ခဲ့ကြသည်။ လုပ်ငန်းခွင် မဝင်ရောက်ရေးအတွက်
ဝန်ထမ်းများကို လှုံ့ဆော်စည်းရုံးခဲ့ကြသည်။ ၎င်းတို့၏အမြင်တွင် ဝန်ထမ်း များ လုပ်ငန်းခွင်မဝင်ရောက်ပါက
အစိုးရယန္တရား ပျက်ယွင်းမည်ဟူသည့် ယူဆချက်ဖြင့် နည်းမျိုးစုံသုံးကာ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
လက်တွေ့တွင် CDM ဆောင်ရွက်သူ နိုင်ငံ့ဝန်ထမ်းအချို့ရှိခဲ့သော်လည်း မည်သည့်ဝန်ကြီးဌာနမျှ
လုပ်ငန်းများ ရပ်တန့်သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆောင်ရွက်ခဲ့ကြပါသည်။
အခြေခံလူ့အခွင့်အရေးများအရ
လူတိုင်းသည် မိမိသဘောဆန္ဒအလျောက် လွတ်လပ်စွာ ပြောဆို ခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
သို့သော် ထိုလွတ်လပ်မှုများသည် သူတစ်ပါးအား ထိပါး၍ မရပါ။ မသမာသူတချို့က ဒီမိုကရေစီလူ့အခွင့်အရေးကို
လိုရာပုံဖော်ကာ တာဝန်ကျေပွန်စွာ ထမ်းဆောင် နေသည့် ဝန်ထမ်းများအား အုပ်စုဖွဲ့၍ အတင်းအကျပ်ဖိအားပေးခြင်း၊
နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အရှက်ရစေရန် ပြုမူပြောဆိုခြင်းများအထိ ဥပဒေချိုးဖောက်မှုများကို
ပြုလုပ်ခဲ့ကြပါ သည်။ ထိုသို့ ဖိအားပေးမှုအမျိုးမျိုးအောက်တွင် မိမိစိတ်ဆန္ဒမပါဝင်သော်လည်း
ကျရောက်လာနိုင် သည့် အန္တရာယ်များကိုထောက်ချင့်၍ အများနည်းတူ မိုးခါးရေသောက်ကာ CDM
ပြုလုပ်ခဲ့ရသော နိုင်ငံ့ဝန်ထမ်းများလည်း ရှိခဲ့ကြပါသည်။
ဝန်ထမ်းတိုင်းသည်
မည်သည့်ပါတီ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် တာဝန်ထမ်းဆောင် နေကြသူများမဟုတ်ပါ။ နိုင်ငံတော်နှင့်
ပြည်သူ့အကျိုးစီးပွားအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် နိုင်ငံတော်၏
ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရ သူများ ဖြစ်ပါသည်။ နိုင်ငံတော်တွင် ကောင်းမွန်သော
အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် အဓိကတာဝန်ထမ်းဆောင်ကြရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ တွင်ပါရှိသော ပြဋ္ဌာန်းချက်အချို့ကို
ထုတ်နုတ်၍ ဖော်ပြရလျှင် “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ
(က) တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်”ဟု လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ
၁၀ တွင် “ဝန်ထမ်းသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ မိမိအားပေးအပ်ထားသော တာဝန်နှင့်
ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း
စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော
လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း၊ ပါတီနိုင်ငံရေးကင်းရှင်းခြင်းတို့ကို
လိုက်နာရန် တာဝန်ရှိ သည်”ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။
ထိုသို့သော နိုင်ငံ့ဝန်ထမ်းများ
လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများကို အကြောင်းအမျိုးမျိုး ကြောင့် လိုက်နာမှုမရှိခဲ့ကြသူများကို
နိုင်ငံတော်အစိုးရက ဥပဒေနှင့်အညီ ထိန်းကျောင်းတည့်မတ် နိုင်ရန်အတွက် အမည်မည်းစာရင်း
(Black List) ထည့်သွင်းကာ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။
မိမိတို့နိုင်ငံ၏
လူဦးရေ ၅၁ သန်းကျော်အနက် နှစ်ရာခိုင်နှုန်းခန့်ဖြစ်သည့် တစ်သန်းခန့်သည် နိုင်ငံ့ ဝန်ထမ်းများဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းမှုများ၊ လုပ်ငန်းလည်ပတ်မှုယန္တရားများ စနစ်တကျခိုင်မာ အားကောင်းရန်လိုအပ်ပြီး
ပြည်သူများ၏ လိုလားချက်များ၊ လိုအပ်ချက်များကို ချောမွေ့မြန်ဆန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော
ပြည်သူ့တာဝန်ထမ်းနိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နိုင်ငံတော်၏ စဉ်ဆက်မပြတ်
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော ဝန်ထမ်းယန္တရားတစ်ခုအဖြစ် တံတားကောင်းလျှင်
ကောင်းသည့်အလျောက် ကူးသန်းသွားလာရသည်မှာ လွယ်ကူချောမွေ့သည်။
တံတားမကောင်းလျှင်
ကူးသန်းသွားလာရာတွင် အခက်အခဲရှိနိုင်သည်။ တစ်နည်းအားဖြင့် အစိုးရနှင့်ပြည်သူတို့ ဆက်ဆံရေးပြေပြစ်မည်မဟုတ်ပေ။
နိုင်ငံတစ်နိုင်ငံတွင် ဝန်ထမ်းများ အရည်အသွေးမြင့်မားပြီး ကျင့်ဝတ်စည်းကမ်းများကို
လေးစားလိုက်နာရန် အရေးကြီးသည့်အားလျော်စွာ မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းဥပဒေကို
၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည်။ ဝန်ထမ်းတစ်ဦးဖြစ်လာသည်နှင့် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့်
ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများ၊ ခံစားခွင့်များ၊ ဌာနဆိုင်ရာ အရေးယူခြင်းနှင့်
ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ကြရမည်ဖြစ်သည်။
စိတ်ခံစားမှုကိုယ်စီနှင့်
ယုံကြည်ချက်၊ ခံယူချက်အပေါ်မူတည်ပြီး စိတ်ခံစားချက်များရှိနိုင် သကဲ့သို့ ပတ်ဝန်းကျင်စေ့ဆော်မှုကြောင့်လည်း
စိတ်ခံစားမှုများ ပြောင်းလဲတတ်ကြသည်။ စိတ်ခံစားချက်ကြောင့် ချစ်ခြင်း၊ မုန်းခြင်း၊
နှစ်သက်ခြင်း၊ သက်ဝင်ယုံကြည်ခြင်း၊ မလိုမုန်းထားခြင်း၊ ဆန့်ကျင်ခြင်း၊ ပေါင်းစုခြင်း၊
ဒေါသဖြစ်ခြင်းစသည်တို့ ကိန်းအောင်းလာတတ်ကြသည်။ စိတ်ခံစား ချက်ကိုသာ ဦးစားပေး၍ အမှားနှင့်အမှန်ကို
ခွဲခြားသိမြင်နိုင်သော ဉာဏ်ပညာဆိုသည့် ချွန်းအုပ်ပြီး ထိန်းချုပ်ကာ မဆောင်ရွက်နိုင်ပါက
စစ်မှန်သည့် ကောင်းကျိုးချမ်းသာ ရရှိမည်မဟုတ်ပါ။
ဒီမိုကရေစီဆိုသည်မှာ
ဥပဒေစည်းမျဉ်း စည်းကမ်းနှင့်အညီ၊ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ် ဆောင်ရွက်ရခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အများဆန္ဒနှင့်အညီဟုဆိုသော်လည်း ဥပဒေ နှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်သည်။
“လူညီရင် ဤကို ကျွဲဖတ်သည်”ဟူသည့် ပုံစံမျိုးသွား၍မရပေ။ ပါတီစုံဒီမိုကရေစီစနစ်အရ ငါးနှစ်တစ်ကြိမ်
ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ အစိုးရတစ်ရပ်ကို ရွေးချယ်ကြသည်။
ပါတီစုံဒီမိုကရေစီစနစ်၏ အသက်မှာ ရွေးကောက်ပွဲ တရားမျှတရေးပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်
ရွေးကောက်ပွဲတွင် မဲမသမာမှုများကို မသိကျိုးကျွန်လျစ်လျူရှုပြီး အစိုးရဖွဲ့၍ နိုင်ငံတော်အာဏာကိုရယူရန်
ဦးတည်ဆောင်ရွက်ခဲ့ခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ဖျက်ဆီးခဲ့ခြင်းပင်ဖြစ်သည်။
ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့က မဲမသမာမှုများကို
ဖြေရှင်းခြင်းမပြုဘဲ ဒီမိုကရေစီကျင့်စဉ်နှင့် မလျော်ညီသော နည်းလမ်းများဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာကို
ရယူရန်အတွက် တတိယအကြိမ်လွှတ်တော်ခေါ်ယူကာ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရေးကိုသာ အဓမ္မနည်းလမ်းဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ မလွှဲမရှောင်နိုင်သော အခြေအနေဖြစ်ပေါ်လာပြီး
မည်သို့မျှ ညှိနှိုင်းအဖြေရှာ၍ မရတော့သဖြင့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ်
ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ၂၀၂၅
ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး
ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများနှင့် တတိယအကြိမ်
လွှတ်တော်များကို ခေါ်ယူကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါလွှတ်တော်ကိုယ်စား လှယ်များက
ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရတစ်ရပ်လည်း ပေါက်ပေါက်လာပြီဖြစ်ကာ
နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ခိုင်မာစွာ လျှောက်လမ်းနေပြီဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည်
အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက်
သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့်
အခြားနေရာများသို့ ရှောင်တိမ်းနေသည်ကို သိရှိရသည့်အတွက် အဆိုပါဝန်ထမ်းများအနေဖြင့်
မိမိတို့ရောက်ရှိနေသည့် နေရာတွင်ရှိသော ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန၏ရုံးများသို့လည်းကောင်း၊
နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများသို့လည်းကောင်း၊
မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ပြန်လည်သတင်းပို့ဆက်သွယ်ပါရန်နှင့်
ဆက်သွယ်လာသူများအား စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍
ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း (Black Lists)
မှ ဖြေလျှော့ပေးလျက်ရှိပါကြောင်း နိုင်ငံတော်အစိုးရအနေဖြင့် သတင်းထုတ်ပြန် ဖိတ်ခေါ်ပေးလျက်ရှိပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု
ရရှိအောင် ထိန်းသိမ်းနိုင်ရန်အတွက် အမည်မည်းစာရင်းတွင် ပါဝင်ခဲ့ကြသော်လည်း ထိုသို့နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ပြီး
အကြောင်းအမျိုးမျိုးဖြင့် အမည် မည်းစာရင်းတွင် ပါဝင်နေကြသူများအား အမည်မည်းစာရင်းမှ
ဖြေလျှော့ပေးနိုင်ရန်အတွက် အဆိုပါ ဝန်ထမ်းများအား မိမိတို့ရောက်ရှိနေသည့် အရပ်တွင်ရှိသည့်
ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဌာန ၏ရုံးများ၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊
တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ အစည်းများ၊ ပြည်ပရှိ မြန်မာနိုင်ငံသံရုံး၊
စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ပြန်လည်သတင်းပို့ ဆက်သွယ်ကြရန် ၁၂-၇-၂ဝ၂၄ ရက်နေ့တွင်
သတင်းထုတ်ပြန်ခဲ့ပြီး ထိုသို့ သတင်းပို့ဆက်သွယ်လာသည့် ဌာနကင်းကွာဝန်ထမ်း ၇၂၉၄ ဦးကို
အမည်မည်းစာရင်းမှ ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ အကြောင်းအမျိုးမျိုးဖြင့်
ဌာနကင်းကွာဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနကင်းကွာမှုအခြေအနေပေါ်မူတည်ပြီး
စိစစ်တင်ပြလာပါက အမည်မည်းစာရင်း (Black List) ရေးသွင်းခံထားရခြင်းမှ ပယ်ဖျက်ပေးလျက်ရှိသဖြင့်
သတင်းပို့ဆက်သွယ်ရန်ကျန်ရှိနေသူများ သည်လည်း အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးနိုင်ရေးအတွက်
သတင်းပို့ဆက်သွယ်ကြရန် ၃၁-၁-၂၀၂၆ ရက်နေ့တွင် ထပ်မံကြေညာချက် ထုတ်ပြန်ထားရှိပါသည်။
အမည်မည်းစာရင်းတွင်
ပါဝင်နေဆဲ ဌာနကင်းကွာဝန်ထမ်းများအနေဖြင့် အမည်မည်းစာရင်း မှ ဖြေလျှော့ပေးနိုင်ရန်အတွက်
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည့် မိမိတို့ရောက်ရှိရာ အရပ် ဒေသမှတစ်ဆင့် မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့်
ဌာနများသို့ သတင်းပို့ဆက်သွယ်ပေးကြရန် လိုအပ် ပါသည်။ သို့မှသာ သက်ဆိုင်ရာဝန်ကြီးဌာနက
စိစစ်တင်ပြပြီး အမည်မည်းစာရင်းမှ ပယ်ဖျက်ရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏
စေတနာဖြင့် ယခုကဲ့သို့ ထုတ်ပြန်ပေးနေမှုများကို သိရှိပြီး သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများသို့
အမြန်ဆုံးဆက်သွယ်ကြရန် အမည်မည်းနှင့် အမြဲမနေစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်
ပါသည်။ ။
No comments:
Post a Comment