Thursday, July 23, 2026

ဒီဂျစ်တယ်ခေတ်ပြောင်းလဲမှုနှင့်အတူ အရှိန်အဟုန်မြင့်လာသည့် မြန်မာ့အခွန်စနစ်

 ကိုခိုင်(ပြည်တွင်းအခွန်)

မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအခင်းအကျင်းတွင် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ကူးပြောင်းမှုသည် ကမ္ဘာ့စီးပွားရေဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်လာပါသည်။ ကမ္ဘာ့စီးပွားရေးအပေါ်သက်ရောက်မှုများကလည်း လျင်မြန်လာပြီး နိုင်ငံတိုင်းအတွက် အခွင့်အလမ်းဖြစ်စေနိုင်သလို ခြိမ်းခြောက်မှုအဖြစ်လည်း အသွင်ပြောင်းသွားနိုင်ပါသည်။ ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများကို ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမိအရအသုံးချနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။

နည်းပညာဖြစ်ထွန်းတိုးတက်ပြောင်းလဲလျက်ရှိသော ၂၁ ရာစု ဒီဂျစ်တယ်ခေတ်တွင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်သူများ၏ လိုအပ်ချက်များကို အထိရောက်ဆုံး၊ အမြန်ဆုံးနှင့် ပွင့်လင်းမြင်သာမှုအရှိဆုံးပေးအပ်နိုင်ရန် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြု၍ ပြည်သူဗဟိုပြုဝန်ဆောင်မှုများ နိုင်ငံတော်၏ကဏ္ဍအသီးသီးတွင် ဆောင်ရွက်လျက်ရှိပါသည်။

လမ်းများ၊ တံတားများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကလိုအပ်ချက်မှာ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေပင်ဖြစ်ပါသည်။ ထိုဘဏ္ဍာရန်ပုံငွေ၏ အရေးပါဆုံးရင်းမြစ်တစ်ခုမှာ အခွန်ဘဏ္ဍာငွေပင်ဖြစ်ပါသည်။ ၂၁ ရာစုဒီဂျစ်တယ်ခေတ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်တာဝန်များကို ပိုမိုလွယ်ကူမြန်ဆန်စွာ၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်စေရန် ခေတ်မီဒီဂျစ်တယ်အခွန်စနစ်သို့ အသွင်ကူးပြောင်းနိုင်ရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၁၉ ရာစုတွင် ဒီဂျစ်တယ်နည်းပညာဖြစ်ထွန်းတိုးတက်မှုမရှိခဲ့သေးပါ။ ထိုကာလတွင် ဥရောပတွင် စက်မှုတော်လှန်ရေးပေါ်ပေါက်ခဲ့ပြီး စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာကာ ဈေးကွက်များအပြိုင်ရှာဖွေ၍ ကိုလိုနီနယ်များအပြိုင်ချဲ့ထွင်ခဲ့ကြပါသည်။ ၂၀ ရာစု အစောပိုင်းကာလများသည် ဒီဂျစ်တယ်နည်းပညာခေတ်ကြီးအတွက် ကနဦး အခြေခံသိပ္ပံပညာရပ်များထွန်းကားသည့် ခေတ်ဟုဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏အခွန်ဥပဒေများကို အထက်ပါကာလများတွင် ရေးဆွဲပြဋ္ဌာန်းပေးခဲ့ကြပါသည်။

အဆိုပါကာလများတွင် မိတ်ဖက်နိုင်ငံများသည် နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုများအပေါ် အခွန်ကင်းလွတ်မှုလျော့နည်းမှုမရှိစေရန် နှစ်နိုင်ငံအခွန် နှစ်ထပ်မကျသင့်ရေး စာချုပ်များ (Avoidance of Double Taxation Agreement) ချုပ်ဆိုကာ ရသင့်ရထိုက်သောအခွန်များရရှိရန် ဆောင်ရွက်ခဲ့ကြပါသည်။

မိမိတို့နိုင်ငံအနေဖြင့်လည်း နိုင်ငံပေါင်း ရှစ်နိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်ရေးစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း လေ့လာသိရှိရပါသည်။ သို့သော်မျက်မှောက် ခေတ် ၂၁ ရာစု အစောပိုင်းကာလရောက်ရှိချိန်တွင် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ပြောင်းလဲမှုများဖြစ်သော အင်တာနက်ပေါ်ပေါက်လာခြင်းကြောင့် အွန်လိုင်းပလက်ဖောင်းဖြင့် ရောင်းဝယ်ဖောက်ကားမှုများ ဆောင်ရွက်လာကြခြင်း၊ e-Commerce ဖြစ်ထွန်းတိုးတက်လာခြင်းကြောင့် နယ်နိမိတ်မရှိသော ဈေးကွက်နှင့် စီးပွားရေးပုံစံအသစ်များ ပေါ်ထွန်းလာပြီး ဒီဂျစ်တယ်နည်းပညာများ တစ်ရှိန်ထိုးတိုးတက်လာသဖြင့် ဆိုရှယ်မီဒီယာများက လူမှုဘဝနေရာစုံ လွှမ်းမိုးချုပ်ကိုင်လာပါသည်။

အခွန်တိမ်းရှောင်လိုသော နိုင်ငံစုံကုမ္ပဏီကြီးများကလည်း ၂၀ ရာစုက ပြဋ္ဌာန်းခဲ့သည့် အခွန်ဥပဒေများ၏ ပျော့ကွက်၊ ဟာကွက်များကို အသုံးချ၍ အခွန်ဘဏ္ဍာများကို တိမ်းရှောင်ရန်ကြိုးပမ်းလာကြပါသည်။ အဆိုပါအခွန်ရှောင်တိမ်းငွေများမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀-၅၀၀ ခန့်ရှိပြီး မည်သည့်နိုင်ငံကမှ စည်းကြပ်ကောက်ခံနိုင်ခြင်းမရှိခဲ့ပေ။

အကြောင်းမှာ အခွန်စည်းကြပ်ကောက်ခံရန် သတ်မှတ်ထားသော အမြဲတမ်းလုပ်ငန်းတည်ရှိရာ နေရာ၊ ဝင်ငွေပေါ်ထွက်ရာ အရင်းအမြစ်နေရာစသည်တို့နှင့်ပတ်သက်၍ နိုင်ငံအသီးသီး၏ အခွန်ဥပဒေများတွင် လစ်ဟာအားနည်းချက်များရှိသည့်အပြင် အပြည်ပြည်ဆိုင်ရာ အခွန်အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

ထို့ကြောင့် ဒီဂျစ်တယ်နည်းပညာ ဖြစ်ထွန်းတိုးတက်ပြောင်းလဲမှုများသည် အထက်ပါအချက်များအရ နိုင်ငံအသီးသီး၏ အခွန်ဘဏ္ဍာငွေ အပြည့်အဝကောက်ခံရရှိနိုင်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပါသည်။ ထိုသို့ဖြစ်ရသည့် အဓိကအကြောင်းရင်းများမှာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပေါင်းစည်းမှုကြောင့် နယ်စပ်ဖြတ်ကျော်လုပ်ငန်းများ တိုးတက်လာခြင်းနှင့် ရာစုနှစ်တစ်ခုနီးပါးကြာနေပြီဖြစ်သော အခွန်စည်းမျဉ်းများသည် ခေတ်သစ်ဒီဂျစ်တယ်စီးပွားရေးပုံစံများကို လိုက်မမီတော့ခြင်းတို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံစုံကုမ္ပဏီကြီးများသည် နိုင်ငံအသီးသီး၏ အခွန်ဥပဒေကွာဟချက်များကို အသုံးချကာ အခွန်ပေးဆောင်မှုကို လျှော့ချလာကြသည်။ ဤသို့ အခွန်ရရှိမှု နည်းပါးလာခြင်းနှင့် မမျှတမှုများကို ဖြေရှင်းရန် OECD နှင့် G20 နိုင်ငံများသည် ၂၀၁၃ ခုနှစ်တွင် Base Erosion and Profit Shifting (BEPS) အစီအစဉ်ကို ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ရန် အချက် ၁၅ ချက်ပါလုပ်ငန်းစီမံချက်များ (15 Action Plans) ကို စတင်ရေးဆွဲချမှတ်ခဲ့ကြပါသည်။

အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အနည်းဆုံးအခွန်နှုန်းထား သတ်မှတ်ချက် (Pillar Two Global Minimum Tax) ကဲ့သို့သော စည်းမျဉ်းသစ်များဖြင့် နိုင်ငံတကာအခွန်ပွင့်လင်းမြင်သာမှုနှင့် အလိုအလျောက် သတင်းအချက်အလက်ဖလှယ်ရေးစနစ် (Automatic Exchange of Information - AEOI) များကို တိုးမြှင့်ဆောင်ရွက်လာကြသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သည်လည်း ၎င်းတို့၏ ပြည်တွင်းအခွန်ဥပဒေများကို OECD ၏ BEPS မူဘောင်များနှင့်အညီ အလျင်အမြန်ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာနှင့်ဒေသတွင်း အခွန်ပူးပေါင်းဆောင်ရွက်မှုယန္တရားများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ အခွန်ဘဏ္ဍာယိုစိမ့်မှုများကို ကာကွယ်လျက်ရှိကြပါသည်။

အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံသည် “ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း” (One Belt One Road / BRI) ခေါင်းစဉ်အောက်တွင် ဖွဲ့စည်းထား သော Belt and Road Initiative Tax Administra-tion Cooperation Mechanism (BRITACOM) အဖွဲ့ဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေရန်၊ အခွန်အငြင်းပွားမှုများကို လျှော့ချရန်နှင့် အခွန်ပတ်ဝန်းကျင်ကောင်း (Growth-Friendly Tax Environment) တစ်ခုကို တည်ဆောက်ရန်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ထို့ပြင် BRITACEG (Belt and Road Initiative Tax Administration Capacity Enhancement Group) နှင့် ယင်း၏ အွန်လိုင်းသင်တန်းကျောင်းများ (BRITACEF) မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများမှ အခွန်အရာရှိထောင်ပေါင်းများစွာကို အဆင့်မြင့်အခွန်စီမံခန့်ခွဲမှု၊ ဒီဂျစ်တယ်စနစ်အသွင်ကူးပြောင်းမှုများနှင့် သွယ်ဝိုက်ခွန် (Indirect Tax) ဆိုင်ရာ ဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ အခွန်ဌာနများသည် အခွန်ထမ်းပြည်သူများ၏ အခွန်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန် ဒီဂျစ်တယ်နည်းပညာ ဗဟိုပြုအခွန်စနစ် (Digital Centric Tax System) သို့ အရှိန်အဟုန်မြှင့် ပြောင်းလဲနေကြပြီဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ Business Ready (B-Ready) အစီရင်ခံစာ၊ အညွှန်းကိန်းအသစ်များအရ အခွန်ပေးဆောင်ရမည့်အချိန် (Paying Taxes Time) နှင့် အခွန်ပေးသွင်းရမည့်အကြိမ်ရေတို့ကို လျှော့ချပေးနိုင်ခြင်းသည် စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် အဓိကသော့ချက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့ဘဏ်၏ ယခင် Ease of Doing Business (EoDB) အစီရင်ခံစာတွင် စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးရေး၊ ကုန်ကျစရိတ်နှင့် အချိန်သက်သာစေရေးကိုသာ အဓိကထားခဲ့သော်လည်း ယခုအစားထိုးပြောင်းလဲလိုက်သော Business Ready (B-READY) စနစ်သည် ဥပဒေမူဘောင်များကို လက်တွေ့အကောင်အထည်ဖော်မှု၊ လူ့စွမ်းအားအရင်းအမြစ်၊ စားသုံးသူနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်ဘက်စုံကဏ္ဍများကို ဟန်ချက်ညီစွာ တိုင်းတာထားပါသည်။

ဥပမာအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခွန်ဦးစီးဌာန (State Tax Administration) သည် "China Tax Express" ပလက်ဖောင်းနှင့် ဒီဂျစ်တယ်စနစ်သုံးအီလက်ထရောနစ်ပြေစာ (Fully Digitalized Electronic Invoices-FDEIs) သို့မဟုတ် “Fapiao” စနစ်ကိုကျင့်သုံးပြီး အခွန်ကောက်ခံမှု လုပ်ငန်းစဉ်တစ်ခုလုံးကို စက္ကူမဲ(Paperless) ဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ (Real-time) ဒေတာဗဟိုပြုစောင့်ကြည့်စစ်ဆေးနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ နယ်စပ်ဖြတ်ကျော် အခွန်ထမ်းများအတွက် WeChat ကဲ့သို့သော မိုဘိုင်းချန်နယ်များမှတစ်ဆင့် ဘာသာစကားနှစ်မျိုး အသုံးပြု၍ စမတ်အခွန်ဝန်ဆောင်မှုများပေးအပ်ကာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရလွယ်ကူမှုကို မြှင့်တင်ပေးခဲ့ပါသည်။

စင်ကာပူနှင့် သြစတြေးလျကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ထမ်းများ၏ အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်မှုမှတ်တမ်းများအပေါ် အခြေခံ၍ အခွန်ထမ်းအဆင့်သတ်မှတ်ခြင်းများကို ကျင့်သုံးလျက်ရှိပါသည်။ ယင်းစနစ်များအရ အခွန်တာဝန်များကို မှန်ကန်စွာထမ်းဆောင်ပြီး ဥပဒေကို လေးစားလိုက်နာသော အခွန်ထမ်းများအား ဦးစားပေးဝန်ဆောင်မှုများပေးအပ်ခြင်း၊ ပိုမိုလွယ်ကူမြန်ဆန်သော လုပ်ငန်းဆောင်ရွက်ခွင့်များနှင့် အခြားအကျိုးကျေးဇူးများအား ပေးအပ်လျက်ရှိရာ အခွန်လိုက်နာမှု ယဉ်ကျေးမှုကို ပိုမိုခိုင်မာအားကောင်းစေပါသည်။

အထက်ဖော်ပြပါ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဒီဂျစ်တယ်အခွန်စနစ်၏ ဖြစ်ထွန်းတိုးတက်ပြောင်းလဲမှုခရီးလမ်းကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အခွန်ဝန်ထမ်းနှင့် အခွန်ထမ်းပြည်သူတို့ ထိတွေ့ဆက်ဆံရသည့် သမားရိုးကျအခြေခံအဆင့်မှ လူချင်းထိတွေ့ဆက်ဆံစရာမလိုတော့သော အွန်လိုင်းဝန်ဆောင်မှုများကို ပေးအပ်သည့် ဒီဂျစ်တယ်ကူးပြောင်းရေး ဒုတိယအဆင့်နှင့် အခွန်ဌာနများ၏ စနစ်များနှင့် အခွန်ထမ်းများ၏စနစ်များ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရသည့် တတိယအဆင့်ဟူ၍ အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းပြောင်းလဲလာသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် နိုင်ငံတော်တည်ဆောက်ရေးတာဝန်သည် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်တော့ဘဲ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ရမည့် အမျိုးသားတာဝန်တစ်ရပ်လည်း ဖြစ်လာပါသည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတကာ၏အတွေ့အကြုံကောင်းများကို အခြေခံ၍ အခွန်ထမ်းပြည်သူများအတွက် ပိုမိုလွယ်ကူမြန်ဆန်ပြီး ပွင့်လင်းမြင်သာမှုရှိသော ဒီဂျစ်တယ်အခွန်စနစ်သို့ ရောက်ရှိရန်အရှိန်အဟုန်မြှင့် ကြိုးပမ်းတည်ဆောက်လျက်ရှိပါသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခွန်စနစ်တွင် ဒီဂျစ်တယ်စနစ်ဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်လိုအပ်လျက်ရှိသော အဓိကကျသော အချက်နှစ်ချက်တွင် ပထမအချက်မှာ လက်ရှိတည်ဆဲအခွန် ဥပဒေများသည် နိုင်ငံတကာတွင် ကျင့်သုံးသော အခွန်ဥပဒေများနှင့် လိုက်လျောညီထွေမှုရှိရန်နှင့် ထိုဥပဒေများသည် ဒီဂျစ်တယ်အခွန်စနစ်သို့ ကူးပြောင်းနိုင်ရန် အဆင်သင့်ဖြစ်နေရပါမည်။

ပြည်တွင်းအခွန်များဦးစီးဌာနက ထိုသို့ ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့ရေစီးကြောင်းနှင့်အညီ မြန်မာနိုင်ငံ၏အခွန်စနစ်ကိုလည်း ခေတ်မီဒီဂျစ်တယ်စနစ်များဖြင့် အခွန်ဆိုင်ရာဝန်ဆောင်မှုများပေးအပ်နိုင်ရန်၊ အခွန်ထမ်းပြည်သူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် အခွန်စီမံခန့်ခွဲမှု ပိုမိုထိရောက်စေရန် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။

အခွန်ရုံးမှအခွန်စည်းကြပ်မှုစနစ်မှ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်မှုစနစ်သို့ ကူးပြောင်းနိုင်ရန်နှင့် အခွန်အခြေပြုဌာနဖွဲ့စည်းပုံမှ လုပ်ငန်းတာဝန်အခြေပြုသည့် ဌာနဖွဲ့စည်းပုံသို့ ပြောင်းလဲဖွဲ့စည်းရန် လိုအပ်သောအခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၀) ဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ပြီး အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေတွင် အခွန်ထမ်းတစ်ဦးချင်းစီသည် မတူညီသောအခွန်ထမ်း အမှတ်တစ်ခုချင်းစီ မဖြစ်မနေရယူရန် သတ်မှတ်ပြဋ္ဌာန်းထားချက်သည် ဒီဂျစ်တယ်အခွန်စနစ်သို့ ကူးပြောင်းရန် ဥပဒေပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းအခွန်များဦးစီးဌာနသည် အွန်လိုင်းအခွန် ထမ်းမှတ်ပုံတင်စနစ်ကို ၂၀၂၂ ခုနှစ် မေလမှစ၍ ကျင့်သုံးနိုင်ခဲ့ပါသည်။ ယခင်က ဂဏန်း ၉ လုံးပါသော အခွန်ထမ်းအမှတ် (Unique TIN) ရရှိရန်နှင့် အခွန်မှတ်ပုံတင်ရန်အတွက် ရုံးဌာနများသို့ လူကိုယ်တိုင်သွားရောက်ပြီး စက္ကူစာရွက်စာတမ်းအမြောက်အမြားဖြင့် လျှောက်ထားရသည့်စနစ်မှ ယခုအခါ အွန်လိုင်းပေါ်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေးလွယ်ကူစွာ လျှောက်ထားရယူနိုင်သည့် e -Registration စနစ်ကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းသစ်များ စတင်ရန်အတွက် အခွန်ဆိုင်ရာလုပ်ငန်းစဉ်အတားအဆီးများကို များစွာလျှော့ချပေးနိုင်ခဲ့ပါသည်။

အခွန်ထမ်းမှတ်ပုံတင်လက်မှတ်(TIN Certificate) ရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website တွင် အခွန်ကြေညာလွှာတင်သွင်းသည့် စနစ်သို့ဝင်ရောက်၍ အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့၏ သုံးလတစ်ကြိမ် သို့မဟုတ် နှစ်ချုပ် အခွန်ကြေညာလွှာများကို ရုံးပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး အွန်လိုင်းစနစ် (e-Filing) ဖြင့် တင်သွင်းနိုင်ပြီဖြစ်သည်။ ဤစနစ်ကြောင့် စက္ကူအသုံးပြုမှု၊ ကုန်ကျစရိတ်နှင့် သွားလာရမည့်အချိန်များကို သက်သာစေသည့်အပြင် အခွန်ဌာနအနေဖြင့်လည်း အခွန်ထမ်းများ တင်သွင်းသည့်အချက်အလက်များကို ဘေးကင်းလုံခြုံစွာဖြင့် ဒေတာစင်တာတွင် စနစ်တကျထိန်းသိမ်းခွဲခြမ်းစိတ်ဖြာနိုင်ပြီဖြစ်သည်။ အခွန်ရုံးသို့ လူကိုယ်တိုင်သွားရောက်ရန် မလိုတော့သည့်အတွက် မလိုအပ်သော ကုန်ကျစရိတ်များကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် ပြည်တွင်းအခွန်များဦးစီးဌာနသည် အွန်လိုင်းမှ အခွန်ပေးသွင်းသည့်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သဖြင့် အခွန်ထမ်းပြည်သူများသည် အခွန်ငွေပေးဆောင်ရန်အတွက် ဘဏ်များတွင် တန်းစီရခြင်း၊ ငွေသားသယ်ဆောင်ရခြင်းနှင့် အခြားဆုံးရှုံးမှုအန္တရာယ်ရှိနိုင်ခြေများကို ကျော်လွှားနိုင်ခဲ့ပါသည်။

မိုဘိုင်းဘဏ်စနစ်၊ အင်တာနက်ဘဏ်စနစ်နှင့် MPU ကတ်များ အသုံးပြု၍ ကလစ်တစ်ချက်နှိပ်ရုံဖြင့် အခွန်ငွေများကို တိုက်ရိုက်လွှဲပြောင်းပေးသွင်းနိုင်သည့် e-Payment စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ ထိုစနစ်သည် အခွန်ထမ်းများအတွက် အခွန်ဆိုင်ရာ လိုက်နာမှုကုန်ကျစရိတ် (Compliance Cost)ကို အထိရောက်ဆုံး လျှော့ချပေးနိုင်ခဲ့ပါသည်။

ဒီဂျစ်တယ်နည်းပညာများဖြင့် ခေတ်မီဆန်းသစ်လာသည့် မြန်မာ့အခွန်စနစ်အောင်မြင်စွာ လည်ပတ်နိုင်ရန် အဓိကလိုအပ်သောသော့ချက်မှာ အခွန်ထမ်းပြည်သူတစ်ဦးချင်းစီသည် မိမိတို့၏ အခွန်ကြေညာလွှာများကို မှန်ကန်စွာဖြည့်သွင်းပြီး အခွန်ဘဏ္ဍာငွေများကို တာဝန်သိသိပေးဆောင်ကြရန်ပင်ဖြစ်ပါသည်။ နိုင်ငံတော်၏အခွန်ရငွေများကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက ပြည်တွင်းအခွန်များဦးစီးဌာနသည် နှစ်စဉ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ နိုင်ငံတော်က ကောက်ခံရန် လျာထားသတ်မှတ်သောလျာထားချက် အခွန်တာဝန်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်ခဲ့ပါသည်။ အဆိုပါရလဒ်များသည် အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲရေးဆောင်ရွက်မှုများနှင့် အခွန်ထမ်းပြည်သူတစ်ဦးချင်းစီ၏ အခွန်တာဝန်ကျေပွန်မှုများပင်ဖြစ်ကြောင်း မှတ်တမ်းတင်လိုပါသည်။

ဒီဂျစ်တယ်အခွန်စနစ်များ၏ ရည်ရွယ်ချက်မှာ အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော လုပ်ထုံးလုပ်နည်းများကို လျှော့ချပေးရန်၊ ပွင့်လင်းမြင်သာမှု တိုးတက်စေရန်နှင့် အခွန်ပေးဆောင်မှုကို ပိုမိုလွယ်ကူစေရန်ဖြစ်ပါသည်။ ထို့ကြောင့် ခေတ်မီအခွန်စနစ်တစ်ရပ်၏ အောင်မြင်မှုသည် နည်းပညာတိုးတက်မှုတစ်ခုတည်းအပေါ် မူတည်နေခြင်းမဟုတ်ဘဲ အခွန်ထမ်းပြည်သူများ၏ အသိစိတ်ဓာတ်၊ တာဝန်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်လည်း များစွာမူတည်လျက်ရှိပါသည်။

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်ရှုရာတွင် အခွန်ဘဏ္ဍာငွေများကို မမြင်ရသော်လည်းလမ်းသစ်များ၊ တံတားသစ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ နောက်ကွယ်တွင် အခွန်ထမ်းပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကိုတည်ဆောက်ရာတွင် မိမိကိုယ်တိုင် ပါဝင်ထမ်းဆောင်နေခြင်းပင်ဖြစ်ပါသည်။

နည်းပညာသည် ခေတ်မီစီမံခန့်ခွဲမှုတို့၏ အလယ်ဗဟိုတွင်ရှိသည့်အတွက် ဒီဂျစ်တယ်အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ဆိုင်ရာဌာနအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment