Saturday, June 27, 2026

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများနှင့် တွေ့ဆုံ



နေပြည်တော် ဇွန် ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ အေဂျင်စီများမှ ကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂ ဗလခန်းမ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့် ဖိတ်ကြားထားသည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ် သူများထံသို့ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီ များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးမှုများကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေကြောင်း၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးသို့ သွားရောက်ခွင့် ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခရီးသွားလာ ခြင်းနှင့်ပတ်သက်၍ လုံခြုံရေးကိစ္စကို အလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအေဂျင်စီ များအနေဖြင့်လည်း လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် စဉ်ဆက်မပြတ် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အကူအညီလိုအပ်နေသော ပြည်သူများ ထံသို့ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ရောက်ရှိရန် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသော ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိသော စီးပွားရေးနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးပေးနိုင်ရေး ထည့်သွင်းပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများအနက်မှ UNICEF ၊ UNHCR ၊ UN Women တို့မှ ဌာနေကိုယ်စား လှယ်များ၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး၊ IOM နှင့် UNOCHA တို့မှ ရုံးအကြီးအကဲ များ၊ WHO ၊ UNFPA ၊ UNOPS ၊ WFP ၊ FAO ၊ UNDP တို့မှ ဒုတိယကိုယ်စားလှယ်များ၊ ယာယီရုံးတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment